Saturday, 27 August 2011
ရာဇ၀င် စာမတင်ချင်တော့ပါ
( ၁ )
ဝင်းဝင်းနွယ် မိစိမ်းကို အငေးသား ကြည့်နေမိတော့သည် ။သူ့လိုပဲ ရွာထဲက မိန်းမပျိုလေးများကလည်း မိစိမ်းကို
အားကျတဲ့အကြည့်တွေနဲ့ ၀ိုင်းကြည့်နေကြသည် ။မိစိမ်း ၀တ်ထားပုံက ဦးကြီးထွန်းမောင်အိမ်တွင် တစ်ခါတရံ ပြလေ့ရှိသော ကိုရီးယား
ဇာတ်ကားထဲမှ မင်းသမီးလေးများရဲ့ ဒီဇိုင်းနှင့် ခပ်ဆင်ဆင် ။ အသားတွေကလည်း ဖွေးလာလိုက်တာ မှတ်မိချင်စရာပင် မရှိ ။
“မိစိမ်း ညည်းအေ နေနိုင်လိုက်တာ ။ရွာကနေ ထွက်သွားကတည်းက ဘာသတင်းမှကို မကြားရတော့ဘုး။ ခုမှပဲ ပေါ်လာတော့တယ် ”
အရီးခင်မှုံ၏ စကားကို မိစိမ်းက မျက်စလေးချီပြီး
“ ရီးခင်မှုံရယ် မိစိမ်းလည်း ပြန်လာချင်တာပေါ့ ။ ဒါပေမယ့် ဟိုမှာ အလုပ်တွေက တဖက်နဲ့မို့ ပြန်မလာနိုင်တာ ။ မ၀င်းတို့ ရီးခင်မှုံ
တို့ကို သတိရပါတယ် ” ဟု ပြန်ပြောသည် ။
ဝင်းဝင်းနွယ်ကို မိစိမ်းက မ၀င်း ဟုပင် ခေါ်သည် ။ “အင်း အ၀တ်အစားတွေ ပြောင်းလဲလာပေမယ့် အခေါ်အဝေါ်တွေတော့ မပြောင်းလဲ
သေးပါလား ” ဟု ၀င်းဝင်းနွယ် စိတ်ထဲမှ တွေးလိုက်မိသည် ။
မိန်းမပျိုလေးများ၏ အားကျသော အကြည့်များကြားတွင် မိစိမ်း ကျေနပ်နေသယောင် ။ ခေါင်လေးခါ လက်လေးလှုပ်နှင့်
“ ဒီအင်္ကျီစလေးက ဘယ်လောက်ပေးရတာ ၊ဒါက နိုင်ငံခြားကလာတာလေ ” စသည်ဖြင့် ရှင်းပြ ကြွားလုံးထုတ်နေသည် ။
ဝင်းဝင်းနွယ်လည်း မိစိမ်းကို အားကျမိသည် ။ ဖြစ်နိုင်လျှင် အမေ့ကိုပြောပြီး မိစိမ်းနှင့်အတူ မြို့ကြီးကို လိုက်သွားချင်သည် ။
အရင်တုန်းက ရွာမှာ နှစ်ယောက်သား အတူတူ ဈေးတောင်းခေါင်းရွက်ပြီး ပျော်ခဲ့ဖူးသလို ခုလည်း မြို့မှာ မိစိမ်းနှင့်
အတူလိုက်ပျော်ချင်သည် ။...အရင်တုန်းက ဘ၀တွေကို ပြန်စဉ်းစားမိတော့လည်း စိတ်ထဲမှာ လွမ်းမောမိသလိုလို.......။
စိတ်တို့က တချိန်တုန်းက မိစိမ်းနှင့် သူမတို့ရဲ့ ပုံရိပ်များဆီသို့ ပျံ့လွင့်လျှက်.......။
( ၂ )
“မောလိုက်တာ မ၀င်းရယ် ”
ခေါင်းပေါ်မှ ဈေးတောင်းကို ချပြီး ကျလာသော ချွေးများကို ခေါင်းပေါင်းစဖြင့် ပွတ်သုတ်ရင်း မိစိမ်းက ပြောသည် ။
မိစိမ်းနှင့် မ၀င်းဆိုတာက ဆယ့်နှစ်ပွဲ ဈေးသည်များ မဟုတ်ပေမယ့် ဒီအနီးအနား ရွာလေးတွေမှာတော့ ဈေးတောင်း ခေါင်းရွက်ပြီး
ရောင်းနေသူတွေ ဖြစ်သည် ။ ပွဲတို့ ဘာတို့ ရှိပြီဆိုလျှင်လည်း မ၀င်းက အကြော်ရောင်းပြီး မိစိမ်းကတော့ အရက်ရောင်းသည် ။
ယခုလည်း တဖက်ရွာမှာ ရာသီပေါ် အသီး အရွက်လေးတွေ သွားရောင်းရာမှ ပြန်လာခြင်း ဖြစ်သည် ။
“ ငါတော့ ဒီလို ဈေးတောင်းခေါင်းရွက်ပြီး ရောင်းရတဲ့ ဘ၀ကနေ ဘယ်တော့မှ လွတ်မလဲမသိဘူး ”
မိစိမ်း၏ အပြောကို ဈေးဖိုး ပိုက်ဆံ ရေနေရင်းမှ
“ယောင်္ကျား ရရင်တော့ လွတ်မှာပါ မိစိမ်းရဲ့ ” ဟု နောက်လိုက်သည် ။ပြောလို့ ပြောတာမဟုတ်ဘူးရယ် ။
ဈေးသည်ဆိုပေမယ့် မိစိမ်းက တော်တော်လှသည် ။ ရုပ်ကလေးတင် လှတာမဟုတ် ၊ကိုယ်လုံး ကိုယ်ပေါက်ကလည်း အချိုးအစားကျသည်။
အသားကလည်း နေလောင်၍ ညိုနေပေမယ့် ပင်ကိုယ်ကတော့ အသားဖြူသူဖြစ်သည်။ အသက်ကလည်း ၁၈နှစ် ကျော်ကျော်လေးပင် ရှိသေးသည် ။
မိစိမ်း အလှကို ငြိတွယ်နေသော ယောင်္ကျားများ ဒီရွာမှာ ဒုနဲ့ ဒေး ။ဒါပေမယ့် မိစိမ်းကတော့ ဘယ်သူကိုမှ ပြန်မကြိုက် ။
“ယောင်္ကျား မယူချင်ပါဘူးအေ ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ အေးအေးနေပါရစေ ။အပူ မရှာပါရစေနဲ့ ”
မိစိမ်းရဲ့ လက်သုံး စကား ။မ၀င်းကတော့ စိတ်ထဲကနေ “အကြိုက် မတွေ့သေးလို့ပါ ကောင်မရယ် ” ဟု ပြောနေမိသည် ။
“ကဲ ကဲ နက်ဖြန်ကျရင် ငါမလိုက်တော့ဘုးနော် ပွဲကျရင် ရောင်းဖို့ အရက်မှာထားတာ မနက်ဖြန် လာပို့မယ် ပြောတယ် ”
မိစိမ်းက ပြောပြောဆိုဆို ဈေးတောင်းလေး ခါးထက်တွင် တင်လျှက် ထွက်သွားတော့သည် ။
..................................................
ပွဲက စည်ကားလှသည်မို့  မ၀င်းတို့အကြော်ဆိုင်လည်း ရောင်းကောင်းလှသည် ။ မိစိမ်း ၏ အရက်ဆိုင်လေးကလည်း
မ၀င်းတို့နှင့် အပြိုင်ပင် ။ ရောင်းကောင်းလိုက်တာ အရက်ထဲ ရေရောရုံတင် မဟုတ်ပဲ ရေထဲ အရက်ရောသော အဆင့်သို့ပင် ရောက်နေသည် ။ မိစိမ်းရဲ့ မျက်နှာကတော့ အပြုံးတွေ ဝေနေသည် ။
သန်းခေါင် ကျော်ကျော်လောက်ကျတော့ အရက်ဆိုင်မှာ မိစိမ်းကို မတွေ့ရတော့ ။
မနေ့ညကလည်း ဒီအချိန်လောက် မိစိမ်းပျောက်သွားတာကို မ၀င်း သတိထားမိသည် ။
ဒါပေမယ့် ကိုယ်နှင့် သိပ်မဆိုင်သည်မို့ မ၀င်း ဘာသိဘာသာပဲ နေလိုက်တော့သည် ။
ပွဲပြီးသွားတော့ မိစိမ်းတစ်ယောက် အရင်လို မ၀င်းနှင့် ဈေးရောင်း မလိုက်တော့ ပေ။ ဈေးမရောင်းတော့ပေမယ့် မိစိမ်း ပုံစံမှာ အရင်ကထက် တောက်တောက်ပြောင်ပြောင် ဖြစ်လာသည်ကိုတော့ မ၀င်း သတိထားမိသည် ။ နှစ်လလောက်ကြာတော့ မိစိမ်းတစ်ယောက် မြို့မှာသွားအလုပ်လုပ်မည် ဆိုပြီး မ၀င်းတို့ရွာကနေ ထွက်သွားသည် ။ သွားခါနီး မ၀င်းကို လာနှုတ်ဆက်တော့ မ၀င်းတားသေးသည် ။
“ရွာမှာပဲ လုပ်စားပါလား မိစိမ်းရယ် မြို့ဆိုတာက ရှုပ်က ရှုပ်ပါဘိသနဲ့ ”
မ၀င်းစကားကို မိစိမ်းကတော့ ခပေါ့ပေါ့လေးပင် သဘောထားပြီး ဘာမှ ပြန်မပြော ။
ထို အချိန်ကတည်းက ပေါ်မလာတာ ခုထိပင် ။
မ၀င်း အတွေးတွေက လက်ရှိဘ၀ဆီ ပြန်လှည့်လာသည် ။ ခုတော့လည်း မိစိမ်းပုံစံက သူဌေးသမီး တစ်ယောက်လိုလို ဘာလိုလို ။ ဟိုတုန်းက ဈေးတောင်း ခေါင်းရွက်ပြီး ရွာတကာ လိုက်ရောင်းရသော
ဈေးသည်မိစိမ်းဟု ခုချိန်မှာ ဘယ်သူမှာ ထင်မိမှာ မဟုတ် ။ မိမိ အဖြစ်ကရော….။
ကိုယ့်ဘ၀ကို ပြန်တွေးပြန်တော့ မ၀င်း သိမ်ငယ်သလို ခံစားရပြန်သည် ။ အမေမုဆိုးမကြီးက သိပ်မမာသည်မို့ မောင်ငယ်နှင့် ညီမငယ် တာဝန်က မ၀င်း ခေါင်းပေါ် လုံးလုံးရောက်နေသည် ။
မ၀င်း ခေါင်းပေါ်က ဈေးတောင်းကပင် အိမ်ရဲ့ စားစရိတ် ၊ အမေ့ဆေးဖိုး ၊ မောင်လေးနဲ့ ညီမလေးတို့ရဲ့
ကျောင်းစရိတ်တို့ကို ကျားကန်ထားရသည် ။
“ဟူးးးးးးးးးးးး”
သက်ပြင်းမော တစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း “ဒီတစ်ခေါက် မိစိမ်း မြို့သို့ပြန်ရင်တော့
တစ်ခါလောက် ရောက်ဖူးအောင် လိုက်သွားကြည့်ချင်သည် ” ဟု တွေးနေမိတော့သည် ။
( ၃ )
“မလိုက်ချင်ပါနဲ့ သမီးရယ် အမေတို့ဘာသာပဲ ဥမကွဲ သိုက်မပျက် နေပြီး ရှိတာလေးနဲ့ပဲ စားနေရရင် အမေကျေနပ်ပါတယ် ”
မိစိမ်းနဲ့ လိုက်ချင်သည်ပြောတော့ အမေက မျက်နှာလေး ညှိုးငယ်စွာဖြင့်ပြောသည် ။
အမေ့မျက်နှာ ညှိုးပြန်တော့လည်း မ၀င်း မနေတတ် ။ အဖေဆုံးစဉ်ကတည်းက အမေပဲ မ၀င်းတို့ မောင်နှမ သုံးယောက်ကို
ရုန်းကန် လုပ်ကျွေးလာတာ ။ မ၀င်း ဈေးရောင်းမှသာ အမေသက်သာခြင်း ဖြစ်သည် ။
အမေ့ကိုတော့ မ၀င်း သိပ်ချစ်သည် ။အမေစိတ်မချမ်းသာမယ့် အလုပ်မျိုးကိုတော့ မ၀င်း မလုပ်ချင်ပါ ။
ဒါပေမယ့် မိစိမ်း ပုံစံကို ပြေးမြင်မိပြန်တော့လည်း သူ့လို ၀တ်ချင်သော စိတ်တို့က ရုန်းကြွလာပြန်သည် ။
ရွာက မိန်းမပျိုလေးတွေရဲ့ အားကျသော အကြည့်နှင့် ကြည့်ခံချင်သေးသည် ။
“ ဟင်းးးးးးးးး”
သက်ပြင်းတချက်ကို အသာချလိုက်ရင်း မ၀င်း အမေ့အနားမှ ထွက်လာခဲ့သည် ။
...............................
“ အို….လွှတ်ပါတော့ အစ်ကိုကြီးရယ်…..တော်နေ လူတွေ မြင်သွားလိမ့်မယ် ”
“ဟင် ”
ဈေးရောင်းရာမှ ပြန်လာပြီး မောမောနှင့် ရွာသို့ မရောက်ခင် ညောင်ပင်ကြီးအောက် နားနေစဉ်
ကြားလိုက်ရသော အသံကြောင့် မ၀င်းတစ်ယောက် ကြက်သီးပင် ဖျန်းဖျန်းထသွားသည် ။
နာနာဘာဝ သရဲတစ္ဆေ များလားဟု စိတ်ထဲမှ တွေးလိုက်မိသည် ။ သို့ပေမယ့် နေ့ခင်းကြောင်တောင်
ကြီးတော့ သရဲ မခြောက်လောက်ပါဘူးဟု ကိုယ့်စိတ်ကို ပြန်ဖြေရင်း တွေးလိုက်သည် ။
“ပြန်ကြရအောင်နော် အစ်ကိုကြီိးု လူတွေမြင်သွားရင်….မကောင်းဘူး ”
ထပ်ကြားလိုက်ရသော အသံကြောင့် သရဲမဟုတ်တာတော့ သေချာပြီ ။ ဒီအသံကို ကြားဖူးသလိုလို
ရှိသည်လို့လည်း မ၀င်း စိတ်ထဲ ထင်မိသည် ။ ပတ်ဝန်းကျင် တခိုကို ဟိုသည် ဝေ့ကြည့်ပြီး သတိထားမိတော့ ညောင်ပင်ကြီးနှင့် ခပ်လှမ်းလှမ်းမှ ခြုံပုတ်အကွယ်တွင် လူနှစ်ဦးကို မသဲမကွဲ
မြင်လိုက်ရသည် ။ သေချာတာကတော့ ယောင်္ကျားတစ်ဦးနှင့် မိန်းမတစ်ဦး ။
“ဟင် ”
သေသေချာချာ ဂရုစိုက် ကြည့်လိုက်ကာမှ သူမ မြင်နေရသော စုံတွဲမှာ မိစိမ်းနှင့် တဖက်ရွာမှ
သူဌေး ဦးသော်တို့ ဖြစ်သည်ကို မ၀င်း တွေ့လိုက်ရလေသည် ။
“ကဲ ဒါဆို အစ်ကိုကြီး သွားတော့မယ်နော်…ရော့ ဒါက မိစိမ်း လိုရာသုံးဖို့ ငွေ နှစ်သိန်း ၊
မြို့ကိုတော့ လိုက်မလာနဲ့တော့နော်….”
အသံတွေကို ဆက်မကြားချင်တော့ပြီမို့ မ၀င်း ဈေးတောင်းလေး အသာရွက်ကာ ရွာဘက်ကို
အမြန်ပြန်ခဲ့တော့သည် ။။။။။အတွေးထဲမှာတော့ ပဟေဠိတွေက တစ်ပုံတစ်ပင် ။
ဦးသော်ကို မ၀င်းသိသည် ။ ကျိကျိတတ် ချမ်းသာသော သူဌေးတစ်ဦးဖြစ်ပြီး မ၀င်းတို့ရွာရဲ့
မြောက်ဘက် တစ်မိုင်လောက်က ရွာလေးမှာ နေသည် ။ သို့ပေမယ့် ဦးသော်က ရွာမှာ အမြဲမနေ ။
မြို့ကိုလည်း သူ့လုပ်ငန်းတွေ ရှိသည်မို့ မြို့မှာနေတာက များသည် ။ ဒီထက်တော့ မ၀င်း ပိုမသိ ။
မိစိမ်းပုံရိပ်က အတွေးထဲ တကျော့ဝင်လာပြန်တော့ မိစိမ်းနှင့် ဦးသော်တို့ရဲ့ ဆက်စပ်မှုကို
မ၀င်း ရိပ်မိသလို ရှိလာသည် ။ မိစိမ်းမြို့ကို သွားတယ်ဆိုတာလည်း ဦးသော် ခေါ်၍ပင် ဖြစ်မည် ။
မိစိမ်းရဲ့ လက်သုံးစကားတစ်ခွန်းကို ခုမှပင် သတိရသည် ။
“ရွာမှာပဲနေရင် ဒီပုတ်ထဲက ဒီပဲ ဘဲ ဖြစ်မှာပေါ့ မ၀င်းရဲ့ ။ မိစိမ်းကလေ ရွာကလူတွေလို ပုံဟောင်းကြီးထဲတင် မပျော်ချင်ဘူး ။ မိစိမ်းက ရာဇာဝင် စာတင်အောင် လုပ်မှာ ” တဲ့ ။။။။
မိစိမ်းရဲ့ စကားသံများက နားအနီးသို့ ကပ်ပြောနေသယောင်ပင် ။
နေပူဒဏ်ကြောင့်ရော. အတွေးများလာတာကြောင့်ရောလား မသိ ခေါင်းတွေပင် မူးနောက်နောက်ဖြစ်လာသည် ။
အိမ်ရောက်တော့ အမေက ဆီး၍ “ သမီး မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လို့လဲ ။ ခုတလော သမီးကို ကြည့်ရတာ တမှိုင်မှိုင်နဲ့ ”
“သမီး ဘာမှ မဖြစ်ပါဘူး အမေ ” ဟုပြောရင်း အိမ်ရှေ့က ကြမ်းစင်လေးပေါ်တွင် ၀င်ထိုင်လိုက်သည် ။
“ သမီး မိစိမ်းနဲ့ လိုက်ချင်တယ်ဆိုတာ အမေသိပါတယ် သမီးရယ် ၊အမေ့သမီးလေး စိတ်ဆင်းရဲမှာကို အမေ မမြင်ချင်ပါဘူး ။
သမီး လိုက်ချင်ရင် လိုက်သွားလေ နော်......အမေခွင့်ပြုတယ် ”
ဟိုစဉ်က အမေ့ရဲ့ ခုလို ခွင့်ပြုသံကိုသာ ကြားရရင် မ၀င်း ထခုန်မိလေမလား မပြောတတ် ။
ခုတော့ မ၀င်း မလိုက်လိုတော့ပြီ ။ လမ်းမှာတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေက မ၀င်းရဲ့ သွားလမ်းကို
ဟန့်တားလိုက်သလိုပင် ။
အမေ့ရင်ခွင်ထဲကို ကလေးလေးလို တိုးဝင်လိုက်ရင်း “မ၀င်း မလိုက်ချင်တော့ပါဘူး အမေရယ် ”
ဟု ခပ်တိုးတိုး ပြောလိုက်မိသည် ။စိတ်ထဲမှာတော့ “ဒီလိုမျိုးမှ ရာဇ၀င် စာတင်ရမယ်ဆိုရင်တော့ စာမတင်ရင်လည်း နေပါစေတော့ မိစိမ်းရေ ။
မ၀င်းကတော့ ဈေးတောင်းခေါင်းရွက်ပြီး ပုံသေကားချပ်ထဲမှာပဲ ပျော်တော့မယ် ” ဟု
ပြောနေလိုက်မိတော့သည် ။။။။
ကြိုးစားပါဦးမည်........။။။။။။
ဆန္ဒမွန်ဖြင့်.......လွမ်းနောင်......။
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။