မျက်ရည်စက်များကို တွေ့ရတိုင်း သူကတော့ လွန်ခဲ့သော နှစ်နှစ်ခန့်က မျက်ရည်စက်လေးတွေ အကြောင်းကို သတိရမိမြဲ ဖြစ်သည် ။
@@@@@@@@@@@@@@@@@@@@@@@
သူ့နာမည်အရင်းက ထွန်းညို ။ ဒီမလေးရှားကို ရောက်လာတော့ သူ့အသက်က ၁၈ နှစ်ကျော်ကျော်ပဲ ရှိသေးတာ ။ ခုတော့ သူရောက်လာတာ လေးနှစ်တော် ကျော်လာပြီပေါ့ ။ ရောက်လာပြီး ၁လကျော်ကျော်လောက်မှာပဲ ထွန်းညိုဆိုတဲ့ သူ့နာမည်ပျောက်ပြီး နာမည်သစ်တစ်ခုရလိုက်တယ်။ မူးထိန်းတဲ့ ။ တစ်ချို့ကလည်း ဒါကိုပဲ နာမည်တစ်မျိုးနဲ့
M T တဲ့ ။ မသိတဲ့လူတွေကတော့ နားထဲမှာ M.D ( မန်နေဂျင်းဒါရိုက်တာ) လို့ထင်နေလေရဲ့ .။ တကယ်တော့ မူးထိန်းဆိုတာ ဘာမှဆန်းတဲ့
နာမည် မဟုတ်ပါဘူး ။အမူးသမားတွေကို ထိန်းရလို့ ရလာတဲ့နာမည်ပါ ။အမှန်ပြောရမယ်ဆိုရင် အမူးသမားတွေကို သူကြည့်မရပေ ။
ူကိုယ်တိုင်က မသောက်တတ်သူမို့ ၁၈နှစ်အရွယ်ထိ ကြုံခဲ့ရတဲ့ အမူးသမားတွေက သူနဲ့ သဟဇာတ မဖြစ်တဲ့သူတွေချည်းပါပဲ ။ ဒါပေမယ့်
ဘယ်လိုက ဘယ်လိုဖြစ်တယ်မသိဘူး ။ သူ ဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ဒီက အမူးသမားတွေနဲ့ သူနဲ့ အဆင်ကို ချောလို့ ။
တကယ်တော့ ဒီစက်ရုံမှာ မြန်မာလုပ်သားပေါင်း ၆၀လောက်ရှိပါသည် ။ အဲ့ဒီထဲကမှ ဆိုးဆိုးဝါးဝါးနဲ့ အရက်သမားလို့ ကင်ပွန်းတပ်ရမည့်သူတွေကတော့
၁၅ယောက် ရှိသည် ။၁၅ယောက်လုံးလုံး တစ်ယောက်တစ်မျိုး မရိုးအောင် ဆိုးတဲ့သူတွေချည်းပဲ ဖြစ်သည် ။ ဒါပေမယ့် ဘယ်နေရာမှာ
ဘယ်လောက်ဆိုးနေနေ သူ့ကိုမြင်လိုက်ရင်တော့ အသာကုတ်သွားတော့သည် ။ ဒါကြောင့်ပဲ အမူးသမားတွေ ပြဿနာ တစ်ခုခုဖြစ်ရင်
အားလုံးက သူ့ကို လာခေါ်ကြသည် ။ ဒီလို အမူးသမားတွေကို လိုက်ထိန်းရင်းကနေ သူ့နာမည် မူးထိန်းဖြစ်သွားတာပဲ ဖြစ်သည် ။
အရက်သမားဆိုသူများကလည်း တခြားသူနဲ့သာ မတည့်ရင်နေမည် ။ သူတို့အရက်သမားအချင်းချင်းတော့ အလွန်သစ္စာရှိသော
လူစားမျိုးဖြစ်သည် ။ တစ်ယောက်လဲနေရင် တစ်ယောက်တွဲရမှာ ၀န်မလေး ။တစ်ယောက်“ ကွဲ ” နေရင် တစ်ယောက်က လက်ဆွဲကူရမှာ
ဝန်မလေးသော လူစားမျိုးဖြစ်သည် ။ ခုလည်း ပြဿနာအမြဲဖြစ်နေသော သူတို့ကို အားလုံးက ခပ်ဖယ်ဖယ် လုပ်သည့်အခါ သူတို့
၁၅ယောက်က တစ်အုပ်စု ဖြစ်လာလို့ နေသည် ။ ဒီအခါမှာ သူတို့တစ်ခုခု ဖြစ်ရင် ရှင်းပေးနိုင်မယ့် သူ့ကို အားကိုးတကြီးဖြင့်
ခေါင်းဆောင်လို သဘောထားကြသည် ။ ဘယ်သူမှ မမြှောက်ပါပဲ မူးထိန်းရာထူးက သူအလိုလို ရသွားသည်။ ဘယ်ဘိသေကသဘင်မှ
တင်စရာမလို ။ မလိုဆို သူ့ရာထူးက သီဟသန ပလ္လင်ပေါ် တတ်ရမည့် ရာထူးမှ မဟုတ်ပဲကိုး ။ ဘာပဲ ပြောပြော သူကျေနပ်ပါသည်။
ဒီအမူးသမားတွေကို ထိန်းနိုင်သည့် သူ့ကိုယ်သူလည်း ဂုဏ်ယူမိသည် ။ဟုတ်တယ်လေ ။ အမူးသမားဆိုသည့် လူစားမျိုးက
မမူးရင်သာ အကောင်း ။မူးလာရင် မိဘကို မိဘမှန်း ၊ အစ်ကိုကို အစ်ကိုမှန်း သိပ်သိတာမဟုတ်ဘူးရယ် ။ ပါးစပ်ကလည်း ပေါက်ကရ
ပြောပြီး အမြဲတမ်း ရန်ရှာတတ်တဲ့ လူတွေကများတာကိုး..။ ဒီလိုလူတွေက သူ့စကားကိုကျတော့ အချိန်မရွေး နားထောင်ပြီး သူရဲ့
ခေါင်းဆောင်မှုအောက်မှာ ငြိမ်ဝပ်ပိပြားနေတာ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက်တော့ ဂုဏ်ယူစရာကောင်းနေတာ အမှန်ပဲလေ ။
ဒါပေမယ့် သူကလည်း သူတို့ရဲ့ ယုံကြည်ချက်တွေကို အလွဲသုံးစား မလုပ်ခဲ့ပေ ။ လိုအပ်လျှင် သူတို့ဘက်က ကာကွယ်ဖို့ အသင့်ရှိနေ
တတ်သလို ခေါင်းဆောင်ကောင်း တစ်ယောက်ပီသစွာ သူနေခဲ့သည် ။အဲ..။ အရက် မသောက်ဖို့တော့ ဘယ်လိုမှ တားမရ ။
ဒါပေမယ့် အဆိုးထဲက အကောင်းဖြစ်အောင်တော့ သူ ဟန့်တားခဲ့သည် ။ အလုပ်ပိတ်သည့် ရက်မှသာ သောက်ရန် ဖြစ်သည် ။
သားတကွဲ ၊ မယားတကွဲ ၊ အဖေကွဲ ၊အမေကွဲနဲ့မို့ လုံးဝ မသောက်ရန်တော့ သူမတားလိုတော့ ။
@ @ @ @....@ @ @ @@@@@@@@@@@@
ဒီနေ့တော့ မြန်မာအလုပ်သမားတွေ အားလုံး အစည်းအဝေးလုပ်သည် ။ အဓိက အကြောင်းရင်းက လုပ်ခ လစာနည်းခြင်းဖြစ်သည်။
အားလုံး တစ်ယောက် တစ်ပေါက် တိုင်ပင်ပြီး ထွက်လာတဲ့ အဖြေကတော့ အားလုံး သပိတ်မှောက် ဆန္ဒပြကြမည် ။
အလုပ်မဆင်းရန် ဖြစ်သည် ။ မြန်မာခေါင်းဆောင်လို့ ပြောရမည့်သူတစ်ယောက်နှင့် သူ ရုံးသို့သွားကာ လုပ်ခ လစာနည်းခြင်းကို
တိုးပေးရန်ပြောသည် ။ သူဌေးကလည်း “ တိုးပေးရန် ဘယ်လိုမှ မဖြစ်နိုင် ” ဟု ဆိုသည် ။ သူတို့အတွက် စကားက ဆုံးနေပြီမို့
မတတ်နိုင် ။ မြန်မာပြည် ပြန်ရလည်း ပြန်ရစေတော့ ဆိုပြီး .အားလုံး အလုပ်မဆင်းပဲ နေကြသည် ။သူဌေးဆိုသည့် လူတွေကလည်း
တော်တော်ခက်သည် ။ အလုပ်လိုနေသော အလုပ်သမားတွေ အဖို့ သူဌေး လိုအပ်သလို သူဌေးအတွက်လည်း အလုပ်သမားဆိုသည်မှာ
မရှိမဖြစ်ဆိုသည်ကို ထည့်မတွက်လေရော့သလားမသိ ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုတဲ့ သဘောတရားကို သတိမမူတာလား မပြောတတ် ။ တကယ်တော့ အလုပ်သမားမရှိတဲ့ သူဌေးတစ်ယောက် ဆိုတာ ( ဦးဘုန်း (ဓာတု) ) ရဲ့ စကားနဲ့ ပြောရရင် ဘယ်ဘက်
ပျောက်သွားလို့ ညာဘက်ပဲ ကျန်တော့တဲံ့ ၊ ညာဘက်ပျောက်သွားလို့ ဘယ်ဘက်ပဲ ကျန်တော့တဲ့  ဖိနပ်တစ်ရံလို တန်းဖိုးမဲ့တယ်ဆိုတာ
သူတို့ မသိလေရော့သလား ။ နှစ်ရက်လောက် အလုပ်မဆင်းသည့်တိုင် သူဌေးက မီးနီ မီးစိမ်း ဘာမှ မပြသဖြင့် အလုပ်သမားရုံးသို့
သွားပြီး အကြောင်းကြားရသည် ။ အလုပ်သမားရုံးမှ အကြောင်းမပြန်ခင်ကြားရက်တွင် သူဌေးက အလုပ်ဆင်းရန် ဖုန်းလှမ်းဆက်သည်။
လစာနဲ့ပတ်သတ်ပြီး သိချင်တာရောမို့ သူတို့ တပ်ဖွဲ့ စက်ရုံသို့ ချီတတ်လာသည် ။
“ စိုင်း စိုင်း ”
စက်ရုံ အ၀င်ပေါက်တွင် အလုပ်ဆင်းမည့်သူများကို လက်မှတ် ထိုးခိုင်းသည် ။ အားလုံးက လက်မှတ်မထိုးသေး ။သူဌေးအလာကို
စောင့်နေသည် ။ ဂိတ်စောင့်က စာရွတ်တစ်ရွက် ထုတ်ပေးသည် ။ သူ ဖတ်ကြည့်သည် ။
စာက အင်္ဂလိပ်လို ရေးထားသည် ။ တိုတိုလေးပင် ။
Kyaw Myo and Zaw Naung are suspended from working. တဲ့ ။ စာက ဒါပဲ ဖြစ်သည် ။
ကျော်မျိုးနှင့် ဇော်နောင် ဆိုသည်မှာ သူထိန်းသိမ်းရသော မူးထိန်း အဖွဲ့ဝင်များ ဖြစ်သည် ။
“တောက် ”
တောက် တစ်ချက် ခပ်ပြင်းပြင်း ခေါက်ရင်း သူအိမ်သို့ ပြန်ခဲ့တော့သည် ။ တကယ်ဆို သူ့လစာကတော့ မဆိုးပါ ။မှေးပြီး လုပ်မယ်ဆိုလည်း လုပ်လို့ရသည် ။ ဒါပေမယ့် ကျန်တဲ့သူတွေရဲ့ လစာက တော်တော်နည်းသည် ။ သူ တကိုယ်ကောင်း မဆန်ချင်ပါ ။
“ ပြန်ဆိုရင်လည်း ပြန်မယ် ညီရာ ။ မြန်မာပြည်ကနေ အားလုံးကို ခွဲပြီး လာတာက ဒီမှာ ပိုက်ဆံရှာအောင် လာတာပါ ။
ခုလောက် လစာနဲ့ဆိုရင်တော့ ကိုယ့်နိုင်ငံမှာပဲ လယ် လုပ်စားတော့မယ် ”
အိမ်သို့ ရောက်ရောက်ချင်းပင် နောက်က ပါလာသော ကျော်မျိုးက ပြောသည် ။
“ ဟုတ်တယ် ညီ ပြန်ဆိုလည်း ပြန်မယ်ကွာ ။ ဒါလောက် ဖိနှိပ်ခံရတာတော့ မခံနိုင်ဘူး ”
ဇော်နောင်ကပါ ၀င်ပြောသည် ။ သူတော်တော် စိတ်လေသွားသည် ။ ဒီပြဿနာကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းရမယ်
ဆိုတာ သူကိုယ်တိုင်ပင် မသိသေးသည်မို့ သူတို့ကိုလည်း လိမ်ညာပြီး မနှစ်သိမ့်ချင် ။
ညနေပိုင်းရောက်တဲ့ထိ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမည် ဆိုသည်ကို သူစဉ်းစားမရသေး ။
“ မူးထိန်း ”
ခေါ်သံကြောင့် လှည့်ကြည့်မိတော့ မင်းစိုး ။ မင်းစိုး ဆိုတာက အရက်သမားအုပ်စုမှာ အဆိုးဆုံး ဖြစ်သည် ။
ခုတော့ သူ့ပုံစံက ခပ်ယို့ယို့ ။
“ မူးထိန်း ငါဒီနေ့ အိမ်ကို ဖုန်းဆက်တယ် ။ ပြန်လာဖြစ်မယ်လို့ ......
မင်းစိုးက စကားကို မဆက်သေးပဲ ဆိုင်းငံ့ထားသည် ။
“ ဆက်ပြောလေ မင်းစိုး ”
“ အေး အဲ့ဒါ ငါဒီနေ့ဖုန်းဆက်တာ ငါ့အမေ.....ငါ့အမေ.... ”
မင်းစိုး အသံက နစ်ဝင်သွားသည် ။ ဆက်မပြောနိုင်ဟန်ဖြင့် ခေါင်းကို တွင်တွင်ယမ်းနေသည် ။
“ မင်းစိုး ဆက်ပြောလေ မင်းအမေ ဘာဖြစ်လို့လဲ ”
အတန်ကြအောင် ငြိမ်နေပြီးမှ မင်းစိုးက ဖြည်းဖြည်းချင်း ပြောလေသည်။
“ ငါ့အမေ အသည်းရောဂါ ဖြစ်နေတာ ဒီနေ့ပဲ ဆေးရုံကြီးက လက်လျှော့လိုက်လို့ အိမ်ပြန်လာရပြီ ။အဲ့ဒါ ငါ ပြန်ပဲ ပြန်ရမလား ။
ဒီမှာပဲ “ အို ” (over stay ) ခိုပြီး အမေတို့ကို ပိုက်ဆံပို့ပေးရင် ကောင်းမလား ”
မင်းစိုး စကားက သူ့ရင်ကို ထိရှစေသည် ။ သူဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည် ။မင်းစိုးပခုံးကို ဖျစ်ညှစ်ရင်း
“ ဘာမှ မပူပါနဲ့ မင်းစိုး ။ အားလုံး အဆင်ပြေသွားမှာပါ ။ လာကွာ ဟိုကောင်တွေ စောင့်နေရော့မယ် ”
ညဘက်တွင် အစီအစဉ် တစ်ခုချလိုက်သည် ။ ပြန်လွှတ်ရင်တော့ အားလုံး ပြန်ကြမည် ။ သို့သော် လောလော ဆယ် စားဖို့အတွက်
စရိတ်ရဖို့ သူနှင့် အခြားနှစ်ယောက် အလုပ်ဆင်းပြီး ရှာမည် ။ မင်းစိုးအတွက်ငွေကတော့ သိပ်မခက်ပါ ။ သူ့မှာ စုထားသော
ပိုက်ဆံတော်တော်များများ ရှိသည် ။ ဒါတွေကို မင်းစိုးကို ပေးဖို့ သူဆုံးဖြတ်ထားပြီး ဖြစ်သည် ။
ထိုအကြောင်းတွေကို ဖွင့်ပြောတော့.........
“ အလုပ်ဆင်းဖို့က မူးထိန်း ဆင်းစရာ မလိုပါဘူး ။ငါပဲဆင်းမယ် ။ မင်းက ငါတို့ရဲ့ ခေါင်းဆောင် ဆိုတော့ အိမ်မှာပဲ လိုမယ် ထင်တာတွေ
စီစဉ်ပေး ”
“မဟုတ်သေးဘူး မင်းစိုး ၊ မင်းတို့လစာက ငါနဲ့စာရင် တော်တော်နည်းနေသေးတယ်။ ဒီတော့ ဆင်းတာခြင်းအတူတူ
ငါ့လစာက မင်းတို့ထက်ပိုများတော့ အားလုံးကို အထောက်အကူ ပြုနိုင်တယ် ။ အလုပ်သမားရုံးက ဘာအဆုံးအဖြတ်မှ မလာခင်
လောလောဆယ် ဒီလိုပဲ လုပ်ကြတာပေါ့ ”
အားလုံး ဘာမှ မပြောကြတော့ ။ ဒါပေမယ့် သူ့ကိုကြည့်နေတဲ့ သူတို့ရဲ့ အကြည့်တွေက ကျေးဇူးတင်သော အရိပ်တွေ ဖြာယှက်နေသည်ကိုတော့ သူသတိပြုမိသည် ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
( နိဂုံး )
ဒီနေ့ သူဌေးက မြန်မာ အလုပ်သမား အားလုံးကို ခေါ်သည် ။ “ အလုပ်ဆက်ဆင်းမှာ လား ၊ ပြန်မှာလားတဲ့ ” ။တကယ့် တကယ် ပြန်ရမည် ဆိုတော့လည်း အားလုံးက တွေဝေနေကြသည် ။ ပစ်ရမှာလည်း အဆီတ၀င်းဝင်း ၊ စားရမှာလည်း
သဲကင်းတရှပ်ရှပ် ဆိုသည့် ပုံခိုင်းမျိုး ဖြစ်နေပြီလား မသိ ။ မူးထိန်းတို့ အုပ်စုက လွဲပြီး ကျန်တဲ့သူတွေကို အကဲခတ်ရသလောက်တော့
အလုပ်ဆင်းမည့်ဘက် ပါချင်သလိုလို ဖြစ်နေသည် ။ သူဌေးကတော့ သူ့ဘက်က အားသာသလို ရှိနေတာမို့  ပြုံးနေသည် ။
အဲ့ဒီအချိန်မှာပဲ ..........။
အဲ့ဒီအချိန်မှာပဲ .....။ ကျွန်တော့် ဘေးမှ မင်းစိုးက “ ဆက် ” ကနဲ ထရပ်လိုက်သည် ။ အားလုံးက မင်းစိုး ဘာများပြောမလဲဟု
ဝိုင်းကြည့်နေကြသည်။ ကျွန်တော်ကိုယ်တိုင်ပင် မင်းစိုး ဘာများ ပြောမလဲ ဟု စိတ်ဝင်စားနေမိသည် ။
မင်းစိုး နှုတ်ခမ်း များက တလှုပ်လှုပ် ။ နောက်တော့ တိုးတိုးလေးမှာ ကျယ်လာသည်။။ မင်းစိုးအသံက တစစ ကျယ်လာပြီး
အားလုံး ကြားလိုက်ရသည် ။
ကမ္ဘာမိုးမြေ x x x တေဇာတော် ဖြိုးဝေ x x x မဟာမျိုးတွေ စိတ်အားတတ်ကြလေ x x x x
အား........“ဇာတိမာန် ” ။ သူ့ နှလုံးသားတွေက ဖျိုးဖျိုးဖျစ်ဖျစ် မည်လာသယောင် ။ ကြက်သီးမွှေးညှင်းတွေ ထသွားသည် ။
တဆက်တည်းမှာပင် သူ့နှုတ်မှ လည်း မင်းစိုးနဲ့ အတူ သီချင်းနောက်တွင် အလိုက်သင့်စီးမျောသွားသည် ။
တစ်ယောက် .....။ နှစ်ယောက်..........။သုံးယောက်......။ အို.......အားလုံးရဲ့ ပါးစပ်ဖျားမှာလိုလိုပင် ထွက်ကျလာသည်။
ရင်ထဲက သံစဉ် အစစ် ။
မျိုးကျက်သရေ x x x x တိုးတတ်စေ x x x x အောင်ကြောင်းမင်္ဂလာအခြေ x x x
တမိုးအောက်မြေ x x x တန်းခိုးတောက်ပေ x x x ခေတ်ကောင်းရောက်ပေါ့လေ x x x
အောက်ကျမခံဘူးဟေ့.....x x x x အမျိုးသားတို့ရေ x x x x
အောက်ကျမခံဘူးဟေ့... x x x x အမျိုးသမီးတို့ရေ...... x x x မြန်မာအပေါင်း အကြောင်းသိစေ x x x အာဇာနည်တွေ
မြန်မာချင်းရိုင်းပင်းစေ x x x x အာဇာနည်တွေ x x x x တိုင်း . x xပြည်လုံးပဲ နယ်လုံးပဲ x x x ညီညွှတ်ကြစေ.....
မျိုးရိုးက အထက်တန်းစားတွေ x x x x x ။
ခြောက်ဆယ်လောက်ရှိသော အလုပ်သမားများရဲ့ သံပြိုင်သီဆိုမှုကြီးက စက်ရုံကို ထိုးဖောက်သွားသလားပင် ထင်ရသည် ။
အားလုံးလိုလိုလည်း ဇာတိမာန်တွေနှင့် တတ်ကြွနေသယောင် ရှိနေသည် ။
သူတို့ ဆိုသော သီချင်းကို နားမလည်သော်လည်း သူ့ဘက်က တက်ရှုံးပြီ ဆိုတာကို သူဌေးက သိသွားဟန်တူသည် ။
အတန်ကြအောင် ငေးငေး ငိုင်ငိုင် လုပ်နေပြီးမှ ဖြည့်ညှင်းစွာ ပြောလာသည်။
“ ကောင်းပြီး ......မင်းတို့ကို ငါ လစာတိုးပေးပါမယ် ။ ဟို နှစ်ယောက်လည်း အလုပ်ပြန်ဆင်းပါ ” လို့ပြောပြီး သူတို့ရှေ့မှ
တရွေ့ရွေ့ ထွက်ခွါသွားတော့သည် ။
သူတို့အားလုံ ကြောင်ပြီးရပ်နေမိသည် ။အတန်ကြာမှ “ ဟေးး ” ဟု အားလုံး ပျော်ရွှင်စွာ အော်လိုက်မိသည် ။
ပျော်ရွှင်စွာ အော်နေသော လူတွေကြားမှာ သူ့ဘေးက မင်းစိုး တစ်ယောက်တော့ တွေတွေကြီး ရပ်နေသည် ။ သူ မင်းစိုးရဲ့ ပခုံးကို
အသာပုတ်လိုက်သည် ။ မင်းစိုးက သူ့ကို အသာပြန်ပြုံးပြရင်း
“ ငါပျော်တယ် မူးထိန်း ၊ ငါတို့အားလုံးရဲ့ ညီညွှတ်မှုကြောင့် အားလုံး အဆင်ပြေတော့မှာမို့ ငါပျော်တယ် ။ ဒါပေမယ့် ငါ့အမေကို
သူမသေခင်မှာ တွေ့ချင်သေးတာမို့ ငါတော့ မြန်မာပြည်ပဲ ပြန်တော့မယ် ”
သူ့ကို ပြုံးပြုံးကြီး ကြည့်ရင်း ပြောနေသော မင်းစိုးရဲ့ မျက်ဝန်းမှာတော့ မျက်ရည်စတွေ တွဲလဲခိုလို့............။
ကြိုးစားပါဦးမည် ....။
ှဆန္ဒမွန်ဖြင့်...............။ လွမ်းနောင် ။
No comments:
Post a Comment
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။