“ဟိုနေ့က နိုင်ငံခြားမှာနေတဲ့ သားကလေ အမေ့အတွက်တဲ့ ပိုက်ဆံသိန်းငါးဆယ် လွှဲပေးပြီး
လူကြုံနဲ့လည်း စိန်လက်စွပ် တကွင်းထည့်ပေးလိုက်တယ် ”
ခပ်၀၀ အမျိုးသမီးကြီးက ပြောလိုက်လေလျှင် သူ့ရှေ့မှ အနည်းငယ်သွယ်သော အမျိုးသမီးကလည်း
အားကျမခံ
“ဟုတ်လား ။ တို့များဖြင့် သားက ကျောင်းပြီးကတည်းက
နိုင်ငံခြား လွှတ်တာကို အမေ့ကို မခွဲနိုင်လို့ ပြည်ပကို မထွက်ပါရစေနဲ့တဲ့.။သမီးကြီးကတော့
လကုန်ရင် လုပ်ငန်း တိုးချဲ့ဦးမယ် ပြောနေတယ်။ ဟိုနေ့ကပဲ အမေ ဟိုနား ဒီနားသွားရင်း သုံးဖို့တဲ့.....။
ဆယ်သိန်း လာကန်တော့သွားတယ် ”
ပြောလည်းပြော။ လက်မှ လက်ကောက်များကို လူမြင်သာအောင်လည်း မြှောက်၍ မြှောက်၍ ပြသည်။
သူ့စကားဆုံးတော့ ခပ်၀၀အမျိုးသမီးက တဖက်သို့ လှည့်၍ မဲ့သည်။
ထိုစဉ်မှာပင် ဆိုင်ထဲသို့ အမျိုးသမီးတစ်ယောက် ထပ်ဝင်လာပြန်သည် ။ မျက်လုံးက ဟိုဒီ ဝေ့ကြည့်ပြီး
စောစောက အမျိုးသမီးနှစ်ဦး ရှိသော ၀ိုင်းသို့ သွားထိုင်သည် ။
“မမလှ နောက်ကျလှချေလား ”
ခပ်၀၀ အမျိုးသမီးက ၀င်လာသော အမျိုးသမီးကို နှုတ်ဆက်သည်။
မမလှဆိုသော အမျိုးသမီးက လက်မှ ပိုက်ဆံအိပ်ကို “ဘုန်း” ကနဲမြည်အောင် စားပွဲပေါ် ပစ်တင်ရင်း
“ ဟုတ်ပါ့ တင်တင်ရေ ။ မင်္ဂလာဆောင်က မဖြစ်မနေ လာခဲ့ပါဆိုတော့ သွားရလို့လေ ၊ ကိုယ့်ကို လူကြီးနေရာ ထားပြီး လုပ်တာဆိုတော့လည်း မသွားလို့လည်း မဖြစ်ပဲကိုး ။ လက်ဖွဲ့ငွေလည်း
နည်းလို့မဖြစ်ဘူးလေ ။သိတယ်မို့လား .။အဲ့ဒါ လက်စွပ်တကွင်းနဲ့ ငွေသား ငါးသိန်း လက်ဖွဲ့ ခဲ့ရတယ် ”
ဟု မျက်စလေး ချီပြီး ပြောသည်။
ထို့နောက်တော့ ပြောတာ စုံနေသည် ။ရွှေဈေးအကြောင်းလည်း ပါသည်။ နှစ်လုံး ဂဏန်းလည်း ပါသည်။
ဘိုးတော် ဆိုတာလည်း ပါသည်။။
ဆိုင်ထဲမှာ သူတို့ သုံးယောက်ပဲ ရှိတယ်များ ထင်နေလား မသိ ။ ပြောနေလိုက်ကြတာ ။ သူတို့အသံချည်းပဲ။
အဲဒီအချိန်မှာပဲ “ဗြုန်း ” ဆို ဆိုင်ထဲကို လူကြီးတစ်ယောက် ၀င်လာသည် ။ အ၀တ်အစားက နွမ်းရုံတင်
မဟုတ် ။ တော်တော်ပင် စုတ်ပြတ်နေသည်။ဆံပင်တွေကလည်း ဖွာရရာ ကျဲနေသည်။
“ ဟာ.....ဟေ့လူ ဟေ့လူ ...သွား သွား ထွက်သွား ...ဘယ်ကိုဝင်လာတာလဲ ”
ဆိုင်မန်နေဂျာက လူကြီးကို မောင်းထုတ်သည် ။ လူကြီးက မသွား ။
အမျိုးသမီးသုံးယောက် ထိုင်နေသော ၀ိုင်းသို့ကပ်သွားသည် ။
“ဟဲ့ ....ဒီမှာ ဆွဲထုတ်ကြဦး ။မင်းတို့ဆိုင်ကလည်း နာမည်သာကြီးတယ် ။ ၀န်ဆောင်မှုတွေ ညံ့လိုက်တာ။
ဆိုင်ထဲ သူတောင်းစား ၀င်လာတာတောင် မောင်းမထုတ်ကြဘူး .”
တင်တင်ဆိုသော အမျိုးသမီးက အလန့်တကြား ထအော်သည်။
လူကြီးက အနည်းငယ် တုံ့ဆိုင်းသွားသည်။ အတန်ကြာမှ
“ကျုပ် ဆာလွန်းလို့ ၀င်လာတာပါ ။ခင်ဗျားတို့ပြောနေတာတွေကို ဟိုးးးးနား ခပ်လှမ်းလှမ်းကနေ
ကျုပ် ကြားနေရတယ် ။ ဒါကြောင့် ဒါလောက်ချမ်းသာတဲ့ သူတွေက ကျုပ်အတွက် ထမင်းတနပ်လောက်
တော့ ပေးနိုင် ကမ်းနိုင်မှာပါ ဆိုပြီး ၀င်လာတာပါ ။ကျုပ် သူတောင်းစား မဟုတ်ဘူးဗျ ။
မန္တလေး တမြို့လုံးကို မေးကြည့်လိုက် ။ စောနောင် ဆိုရင် ဘာကောင်လဲဆိုတာ လူတိုင်းသိတယ်”
လူကြီး စကားဆုံးတော့ အမျိုးသမီး သုံးယောက် အပါအ၀င် ဆိုင်ထဲရှိ လူများပါ အံသြဘနန်း ဖြစ်ကုန်သည်။
စောနောင် ။ စောနောင် ဆိုတာ တချိန်က မန္တလေး ဆိုင်ကယ်လောကမှာ နာမည်ကြီးသည်။
ဆိုင်ကယ်ဝယ်ချင်လား ။ ရောင်းချင်လား ။ ဒါမှမဟုတ် ဆေးမှုတ်ချင်လား ။
ဆိုင်ကယ်ကို မြင်လိုက်တာနဲ့ ဒီဆိုင်ကယ်က ဘယ်လောက်တန်တယ် ၊ ဘာအရောင်နဲ့ဆိုရင်
ပိုပြီး လှပတောက်ပြောင်လာမယ် ၊ စသဖြင့် တန်း သိသူ ။ ငွေကြေး ရွှင်သည် ။
အပေါင်း အသင်းပေါသည်။ နောက်တော့ ဘယ်လိုက ဘယ်လိုဖြစ်တာလဲမသိ။
စောနောင် တစ်ယောက် ခပ်ကြောင်ကြောင် ဖြစ်သွားသည်။ တချို့ကတော့ ဆေးသုံးလို့ ဟု ပြောသည်။
တချို့ကလည်း မနာလိုသူတွေက ဆေးခပ် လုပ်ကြံသည်ဟု ဆိုသည် ။
ထိုအချိန်မှ စပြီး စောနောင် ပျောက်သွားသည် ။ သူ့မိသားစုတွေပင် သူဘယ်နေသည် ဆိုသည်ကို မသိ။
်တချို့ကတော့ ဂေါဝိန်ဆိပ်မှာတွေ့သည် ဟု ဆိုသည် ။တချို့ကလည်း ဈေးချိုဘက်တွင် တွေ့သည်ဟု
ဆိုသည်။ နောက်တော့ အားလုံးလိုလို မေ့သွားသည်။
ခုပြန်လာပြီ ။ စောနောင် ။အရင်တုန်းက စောနောင် မဟုတ်တော့ .။
အသက်က ၆၀ ၀န်းကျင်ရှိနေပြီ ။သူ့မိသားစုပင်လျှင် သူ့ကို မှတ်မိပါ့မလား မသိ ။
“ဟေ့ကောင်တွေ ဘာရပ်ကြည့်နေတာလဲ သွား ....ဆွဲထုတ်စမ်း ”
ဆိုင်မန်နေဂျာက ထပ်၍ လောဆော်လိုက်ပြန်သည် ။
စားပွဲ ထိုးလေးတွေက သူဆွဲထုတ်နိုးနိုး ကိုယ်စွဲထုတ်နိုးနိုးနဲ့ ကြောင်နေသည် ။
“ဆွဲထုတ်စရာ မလိုပါဘူးဗျာ ။ ကျုပ်ဘာသာ ထွက်သွားမှာပါ ။ခင်ဗျားတို့ကို ကျုပ်က မြန်မာ လူမျိုးတွေ
ထင်လို့ ၀င်လာမိတာပါ ။မြန်မာလူမျိုးတွေဟာ ပေးကမ်းဖို့ ၀န်မလေးတတ်ဘူး ။ကျုပ်တကယ် ရင်နာတယ်။
ခင်ဗျားတို့က မြန်မာအရေခွံ ခြုံထားတဲ့ သူတွေပဲ ။ခင်ဗျားတို့မှာ မြန်မာစိတ်ဓာတ် တစက်မှ မရှိဘူး။ တကယ်တော့ ခင်ဗျားတို့က အပေါ်ယံ အ၀တ်အစားကို ကြည့်ပြီး ဆုံးဖြတ်
တတ်တဲ့ သူတွေပဲ ”
ဦးစောနောင် ရှည်လျားစွာ ပြောပြီး ချာကနဲ ပြန်လှည့် ထွက်သွားသည် ။
“ဦးလေး ဦးလေး ခဏလောက် ”
စားပွဲထိုးလေး တစ်ယောက် နောက်ကနေ ပြေးလိုက်သည် ။ ဦးစောနောင် လှည့်ကြည့်တော့
“ ဦးလေး ဗိုက်ဆာလို့ မို့လား ။လာဗျာ တခုခု စားပေါ့ ။ဦးလေးကြိုက်တာ မှာစား ”
စားပွဲထိုးလေးက ဦးစောနောင်ကို လက်မှဆွဲရင်း စားပွဲ တစ်လုံးတွင် ထိုင်ခိုင်းသည် ။
မထင်မှတ်သော အဖြစ်ကြောင့် ယောင်တိယောင်ချာနဲ့ ဦးစောနောင် ၀င်ထိုင်သည် ။ စားပွဲထိုးလေးက
ထမင်း တစ်ပွဲကို သူကိုယ်တိုင် သွားယူပေးသည်။ ဦးစောနောင် ဟန်ပင် မဆောင်နိုင်။
တခါတည်း ငုံ့လွေးသည် ။
“ဦးလေး ၀ပြီလား ။လိုရင် ယူဦးနော် ”
စားပွဲထိုးလေးက အနားမှ ထိုင်ရင်း မေးသည် ။ဦးစောနောင် လက်ကာပြသည်။
စားပြီးတော့ လ္ဘက်ရည် တစ်ခွက် စားပွဲထိုးလေးက ယူပြီး ဦးစောနောင်ကို ပေးသည်။
အားလုံး စားသောက်၍ ပြီးစီးတော့
“ကျေးဇူးပဲ ငါ့တူ ။ငါ့တူက အသက်ငယ်ပေမယ့် ဟောဒီ ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေထက်
စိတ်ဓာတ်ခွန်အား မြင့်မားတယ် ။ကြင်နာတတ်တဲ့ မြန်မာ စိတ်ဓာတ်ရှိတယ် ။ငါ့တူ ရှေ့လျှောက်
အောင်မြင်ဦးမှာပါ ။ကဲ ဦးလေးကို ခွင့်ပြုပါဦးကွာ ”
ဦးစောနောင် ထွက်သွားရာသို့ နောက်ကနေကြည့်ရင်း စားပွဲထိုးလေး ရဲ့ မျက်နှာမှာ အပြုံးတွေ ဝေနေသည်။
+.................................+
“ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ ”
စားပွဲထိုးလေးက ကျို့ကျို့လေး ထိုင်းရင်း မေးသည်။
သူ့ရှေ့မှ သူဌေးဖြစ်ဟန်တူသော ပုဂ္ဂိုလ်ကတော့ ခပ်အေးအေးပင် ပြန်ပြောသည်။
“မင်းကြောင့် ငါတို့ဆိုင်မှာ လာနေကျ ဧည့်သည်တွေ မလာတော့ဘူး ။ဟိုတစ်နေ့က မင်းလုပ်လိုက်တဲ့
အပြုအမူဟာ မင်းရဲ့ အပြစ်မဟုတ်ပါဘူးလို့ မင်း ငြင်းချင်သေးလို့လား ”
စားပွဲထိုးလေးရဲ့ မျက်နှာက တည်သွားတယ် ။စောစောကလို ကြောက်ရွံ့ပြီး တည်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။
“ဦးစောနောင်ကို ထမင်းကျွေးတာလား ။ထမင်းဆာနေတဲ့ သူတစ်ယောက်ကို ထမင်းခေါ်ကျွေးတာ အပြစ်လို့ တစ်ခါမှ ကျွန်တော် မထင်ခဲ့ဖူးဘူး ။ အခု အဲ့ဒါကို အပြစ်လို့ပြောနေတယ်ဆိုတော့
အဲ့ဒီအပြစ်ကို ကျွန်တော် ကျေကျေနပ်နပ်နဲ့ ခံယူပါ့မယ် ။အဲ့ဒီအတွက် ဖြစ်လာသမျှကိုလည်း ကျွန်တော် ရဲရဲဝံ့ဝံ့ ရင်ဆိုင်မယ် ။ ကျွန်တော် ခုပဲ ဆိုင်ကနေ ထွက်သွားပါ့မယ် ။
တကယ်တော့ လူတွေဟာ ရေများရာမှာပဲ မိုးရွာချင်ကြပါတယ် ။ ကျွန်တော်ကတော့ ရေလိုတဲ့မြေမှာ
ရေအေးအေးလေး တစ်ခွက် ဖြစ်ခွင့်ရမယ်ဆိုရင် ကျေနပ်ပါတယ် ”
စားပွဲထိုးလေးက ပြောပြီး ချက်ချင်းပင် လှည့် ထွက်သွားတော့သည်။
ဆိုင်ရှင်သူဌေးကတော့ ကြောင်အမ်းအမ်းကြီး ကျန်ရစ်ခဲ့သည် ။
..............................................................
စားသောက်ဆိုင်မှ ထွက်သွားပြီးနောက် စားပွဲထိုးလေးမှာ အလုပ်ရှာသော်လည်း အဆင်မပြေ ။
ဆိုင်မှ ထွက်စဉ်က ကျန်ခဲ့သည့် လစာလေးနှင့် စားဝတ်နေရေး ကို ဖြစ်သလို ဖန်တီးနေရသော
စားပွဲထိုးလေးရဲ့ အဖြစ်ကို ယခုအချိန်မှာ မိသားစုနှင့် ပြန်တွေ့ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ
ဖြစ်နေသော ဦးစောနောင် တစ်ယောက်သာ တွေ့မည်ဆိုပါလျှင်.............။။။။။
မှတ်ချက် ။။။လောက ဝေါဟာရ
ကံသည် .....အကြောင်း
ကမ္မ၀ိပါက(၀ါ)ကမ္မဖလ ..သည် အကျိုး ........။
ကြိုးစားပါဦးမည်။။။။။။။။။။
ဆန္ဒမွန်ဖြင့်......................လွမ်းနောင်။။။။။။။။
No comments:
Post a Comment
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။