Monday 29 August 2011

မျှော်လင့်ချက် မြို့ငယ်လေး




 မျှော်လင့်စရာ မရှိတော့ပါ ။ သို့သော် ....မျှော်လင့်နေချင်ပါသေးသည် ။ လူတိုင်း လူတိုင်းရဲ့ ဘ၀မှာ မျှော်လင့်ခြင်းတွေကို ပိုက်ပြီး အသက်ဆက်နေရသည်ဟု ကျွန်တော်ထင်သည် ။ ကျွန်တော်လည်း မျှော်လင့်ခြင်းတွေ ပိုက်နေရသည် ။ ထို မျှော်လင့်ခြင်းတွေကို ကျွန်တော့်နှလုံးသွေး မရပ်သရွေ့
မျှော်လင့်နေမိမှာ အမှန်ပင် ။


@@@@@@@@@@@@@@@@@@@@@@@@@@
ဇာတိမြို့ကို မရောက်တာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပါပြီ ။ ယခု ပြန်ရောက်တဲ့အခါမှာတော့ စိတ်ထဲမှာ
ငယ်ဘ၀တွေကို ပြန်တမ်းတမိသည် ။ မြို့ဟုသာ နာမည် တပ်ရသော်လည်း ကျွန်တော်နေသော
မြို့လေးမှာ မြို့တစ်မြို့၏ အင်္ဂါရပ်များ ပြည့်စုံခြင်း မရှိပါ ။ ဘာပဲပြောပြော မြို့တစ်မြို့ ဆိုတာကတော့
အသေ အချာ ။ မြို့လေးထဲမှာ ပြည့်စုံခမ်းနားမှု မရှိပေမယ့် မြို့ပြင်မှာ တောင်ယာခင်းတွေ တစ်မျှော်တစ်ခေါ်ကြီးတွေက မြင်ရသူရဲ့ စိတ်အာရုံကို လန်းရွှင် တက်ကြွစေသည် ။လေယူရာ တိမ်းနေသည့် စပါးခင်းကြီးတွေကလည်း ရွှေအိုရောင် သန်းလုသန်းချင် ။ နွေရာသီ ရောက်ရင်တော့ ဒီစပါးခင်းကြီးတွေ နေရာမှာ တံလျှပ်တွေ ရိပ်ရိပ်ထနေတတ်သည် ။ အကွေ့အကောက် များစွာနဲ့ တောင်တက်လမ်းတွေက မြင်ရသူအဖို့ စိတ်ကိုငြိမ်းအေးစေသည် ။ဟိုမှာ ဒီမှာလည်း သစ်သီးခြံကြီးတွေက အလှခြင်းပြိုင်နေသလိုလို။ ဒီမြို့လေးမှာ ကျွန်တော့်ကို မွေးဖွားပြီး ဒီမြို့လေးမှာပင် ကျွန်တော်ကြီးပြင်းခဲ့ခြင်း
ဖြစ်သည် ။ ခုတော့ နှစ်ပေါင်း နှစ်ဆယ်ကျော် ဝေးကွာခဲ့သော ဇာတိမြို့လေးကို ကျွန်တော်ပြန်ရောက်လာပြီ။
ဝေးကွာတာကြာပေမယ့် မြို့လေးက ကျွန်တော့်ကို စိမ်းကားမနေပါ ။ဆီးကြိုမယ့်သူ နည်းပေမယ့် အေးချမ်းမှုရှိနေဆဲ ရိပ်မြုံလေးတစ်ခု ဖြစ်ပါသည် ။နှင်းငွေ့နှင်းပွင့်တို့ ဖုံးလွှမ်းနေတတ်သော ပတ်ဝန်းကျင်
တစ်ခုလုံးက ကျွန်တော်တို့မြို့လေးကို သင်တိုင်းကြီးတစ်ခု ကာထားသလိုလို ။ဒီမြို့လေးရဲ့ အထက်
တစ်မိုင်ကျော်ကျော်လောက်မှာတော့ ကျွန်တော်တို့ နှလုံးသွေးတို့ စုစည်းရာ ဖြစ်သော အရှေ့မှ အနောက်
အနောက်မှ အရှေ့  ကောက်ကွေ့ပြီး စီးဆင်းလာသော နဒီ နှစ်ခု၏ ဆုံစည်းရာ နေရာလည်းဖြစ်သည် ။


@@@@@@@@@@@@@@@@@@@@@@@@@
တကယ်တဲ့လား ။ သေချာသွားပြီတဲ့လား ။ကောလာဟာလ တွေပဲ ဖြစ်မှာပါ ။

တောမြို့လေး တစ်မြို့ဖြစ်သော တန်ဖရဲ ( တန်ဖဲ ) မြို့ရဲ့နံနက်ခင်းလေးက ခါတိုင်းလို ခြောက်ခြောက်သွေ့သွေ့မဟုတ် ။ ဒီနေ့မှာ
ထူးထူးဆန်းဆန်း ဖြစ်နေသည် ။ လူတိုင်းရဲ့ နှုတ်ဖျားမှာလည်း ဒီအကြောင်းလေးကိုပဲ တရစပ် ပြောနေကြသည် ။ ဟိုနေရာ ဒီနေရာမှာ တိုးတိုး တစ်မျိုး ၊ ကျယ်ကျယ်တစ်ဖုံ  ။တစ်ချို့ကလည်း
ရင်ထုမနာသံတွေနှင့် ။တချို့ကလည်း ယူကြုံးမရဟန်တွေနှင့် ။အသံတွေ ဟန်တွေ ဘယ်လိုပဲ
ထွက်ထွက်  ကြားရတဲ့ သတင်းက အသေအချာဆိုတော့ အားလုံး သက်ပြင်းလေးတွေ ကိုယ်စီပဲ
ချနေတော့သည် ။သတင်းဆိုတာမျိုးကလည်း တိုးတက်လာသော နည်းပညာခေတ်ကြီးထဲတွင်
အိမ်မှာနေရင်း ကမ္ဘာအကြောင်း သိနေနိုင်အောင်ပင် တိုးတက်လာပြီ ။ တိုးတက်ထွန်းကား လာခြင်းရဲ့ တစ်ဖက်မှာ ဆုံးရှုံးပျက်စီးခြင်းတွေရှိသည့် သဘောတွေကိုတော့ ယခုသတင်းလေးက သက်သေအဖြစ်   ပြနေသည် ။ကျွန်တော့် ရင်မှာလည်း တနုံ့နုံ့ ခံစားနေရသည် ။ ဖြစ်ဆဲပစ္စုပ္ပန်ကာလမှာ နေထိုင်ရင်း
မပီပြင်သလို ကြည်လင်မှုမရှိတဲ့ အနာဂတ်ကို မြင်ယောင်သည့် အခါတိုင်း ကျွန်တော့်ရင်ကို
ဓားနှင့် အခါခါ မွှန်းသလို ခံစားရသည် ။ပန်းတစ်ပွင့် ဖြစ်တည်လာဖို့ ဥယျာဉ်မှူးက မြေဆွ ပေါင်းသင်ပြီး
ပြုစုခဲ့သည် ။ ပန်းတစ်ပွင့်ရဲ့ ဖြစ်တည်ခြင်းမှာ ဥယျာဉ်မှူးရဲ့ သွေးတွေ ချွေးတွေ စတေးခဲ့ရတာမို့ အဆင်သင့် ပန်းပန်သူတို့အနေနှင့် ဥယျာဉ်မှူးတစ်ယောက်ကို မပစ်ပယ်သင့်ပါ ။ ကျွန်တော့်ဇာတိမြို့လေးက
ပန်းဥယျာဉ်တစ်ခင်းဆိုလျှင် ကျွန်တော် အပါအ၀င် မြို့သူမြို့သားတို့က ပန်းပျိုးသူ ဥယျာဉ်မှူးများ
ဖြစ်မည်အမှန်ပင် ။ ဒီဥယျာဉ်ကြီးက ပွင့်လာမယ့် ပန်းကလေးတွေကို ဆွတ်ခူး ပန်ဆင်ရန် ကြံရွယ်နေသူတွေအဖို့  သူတို့ပန်ဆင်မယ့် ပန်းတစ်ပွင့် အတွက် ပျက်စီးဆုံးရှုံးတော့မည့် ပန်းဥယျာဉ်ကြီးကို
တစ်ချက်လောက်တော့ ငဲ့ကြည့်စေချင်သည် ။ တစ်ခါတလေတော့လည်း ကျွန်တော်စဉ်းစားကြည့်မိသည်။
ကျွန်တော်တို့လို ဥယျာဉ်မှူးတွေ ဘယ်လောက်များတောင် ရှိနေသလဲဆိုတာ ကျွန်တော်မသိ ။ ပန်ဆင်ရန်
ရည်ရွယ်နေသူတွေတော့ သိကောင်းနိုင်သည်ဟု ယူဆမိသည် ။ဒီပန်း ပွင့်လန်းစေရန် ကျွန်တော်တို့ရဲ့
နှလုံးသွေးတွေ ၊ ရာဇ၀င် အဆက်ဆက်က နှလုံးသွေးတွေနဲ့ ထုံမွှမ်းသွန်းလောင်းခဲ့ခြင်း ဖြစ်သည် ။
ယခု ဒီပန်းပွင့်ကို ပန်ဆင်ချင်သူများသည် ပန်းပင်ရဲ့ အသက်သွေးကြော ဖြစ်သော ကျွန်တော်တို့
နှလုံးသွေးတွေကို သောက်သုံးရန် ကြိုးပမ်း လာပြန်ပြီ ။ မည်မျှ ရင်နာစရာကောင်းပါသည်နည်း ။
ကျွန်တော့် ခေါင်းထဲမှာ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာတစ်ပိုဒ်က လူးလားခေါက်တုန့် ..။

ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ  မြန်မာ့သွေးဟေ့ ။

တစ်တောလုံးပြောင် တစ်တောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော်  မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေသလား
စိုးကြောက်ဖွယ်  အပျက်သဘောနဲ့
မြစ်ကောမယ့်နေ့ .........။။

@@@@@@@@@@@@@@@@@@@@

 မျှော်လင့်စရာ မရှိတော့ပါ ။ သို့သော် ....မျှော်လင့်နေချင်ပါသေးသည် ။ လူတိုင်း လူတိုင်းရဲ့ ဘ၀မှာ မျှော်လင့်ခြင်းတွေကို ပိုက်ပြီး အသက်ဆက်နေရသည်ဟု ကျွန်တော်ထင်သည် ။ ကျွန်တော်လည်း မျှော်လင့်ခြင်းတွေ ပိုက်နေရသလို ထို မျှော်လင့်ခြင်းတွေကို ကျွန်တော့်နှလုံးသွေး မရပ်သရွေ့  မျှော်လင့်နေမိမှာ အမှန်ပင် ။ ကျွန်တော်တို့ရဲ့ နှလုံးသွေးနဲ့ ရာဇ၀င်အဆက်ဆက်က နှလုံးသွေးတွေကို
သောက်သုံးရန် ကြိုးပမ်းမည် ဟူသော သတင်းလေး မမှန်ပါစေနဲ့လို့ပဲ  ဆုတောင်းမျှော်လင့်မိသည် ။
ဒီသတင်းကိုသာ တကယ်အကောင်အထည် ဖော်မည်ဆိုလျှင် အရင်ဆုံး ပျက်စီးမှာက ကျွန်တော်တို့
ပျိုးထောင်စိုက်ပျိုးခဲ့သော ကျွန်တော်တို့ ဥယျာဉ်ကြီးပင် ဖြစ်သည် ။
ရေနစ်သူက ကောက်ရိုးတစ်မျှင်ကို အားကိုးသကဲ့သို့ ကျွန်တော်သည်လည်း ဒီဥယျာဉ်ကြီးအတွက်  အမှောင်ကြားမှ ခပ်မှိန်မှိန် မျှော်လင့်ချက်လေး ထားနေမိပါသေးသည်  ။


ကြိုးစားပါဦးမည်........။

ဆန္ဒမွန်ဖြင့် .......လွမ်းနောင်...။




3 comments:

  1. ရေနစ်သူက ကောက်ရိုးတစ်မျှင်ကို အားကိုးသကဲ့သို့ ကျွန်တော်သည်လည်း ဒီဥယျာဉ်ကြီးအတွက် အမှောင်ကြားမှ ခပ်မှိန်မှိန် မျှော်လင့်ချက်လေး ထားနေမိပါသေးသည် ။

    ကောင်းတယ် ကိုလွမ်းနောင်ရေ...ခေါင်းစဉ်လေးကို ဘယ်သူနဲ့မှ မတူတဲ့ ပုံစံလေးနဲ့ ချဉ်းကပ်ရေးထားတယ်...

    ReplyDelete
  2. အရမ်းကောင်းတယ်အကိုရေ...

    ReplyDelete
  3. "မျှော်လင့်ချက် မြို့ငယ်လေး" ...ခေါင်းစဉ်နဲ့ အကြောင်းအရာက စဉ်းစားမှသာ ချိတ်ဆက်နိုင်တာပဲ၊ အတွေးနဲ့ အရေးလေး ကောင်းတယ်၊ (လင့်ခ်ချိတ်ထားဖို့လဲ ယူသွားခဲ့သေးတယ်နော်)

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။