Sunday 28 August 2011

အဖေ၀မ်းသာနိုင်ပါစေ

လောကထဲကို “အူဝဲ ” လို့ဆိုပြီး မိတ်ဆက်ကာ ၀င်ရောက်လာချိန်ကတော့ သူရှိကောင်း ရှိနေနိုင်တယ်။ ဒါပေမယ့် လူမှန်းသိပါပြီ ဆိုကတည်းက ကျွန်တော့်ဘ၀မှာ သူမရှိခဲ့ပါဘူး။ ကျွန်တော်သူ့ကို မမြင်ဖူးလိုက်ပါဘူး ။မမှတ်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ ။သို့မဟုတ် ။အဖေ။ “အဖေ”ဆိုတဲ့ ဝေါဟာရ နာမ်စားကို သူများတွေ ခေါ်တိုင်း ရင်ထဲမှာ တိတ်တိတ်လေးနဲ့ ထိရှနာကျင် မိတာကို ကျွန်တော့ဘာသာ အသိဆုံး။ငယ်ငယ်တည်းက ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့ အမေကလည်း ကျွန်တော် ငါးနှစ်သားအရွယ်မှာ ဆုံးသွားတယ်။ အားငယ်ရပေမယ့် ပြုစုပျိုးထောင်ပေးတဲ့ ဦးလေးအောင်လူ ရှိနေတဲ့ အတွက် ကျွန်တော် လောကကြီးကို ဘာမထီ စိတ်ထားနဲ့ လျှောက်နိုင်ခဲ့ပါတယ်။  အဖေလား။အဖေ့အကြောင်း မေးလိုက်တိုင်း မျက်နှာကြီး ညိုမှိုင်းပြီး “မင်းအဖေ မရှိတော့ဘုး ” လို့ ဦးလေးက အမြဲပြောတယ်။အမေရှိစဉ်က အမေလည်း ဒီလိုပဲ ပြောခဲ့တာ။နောက်ပြီးပြောသေးတယ်။“မင်းအဖေ အကြောင်း မမေးပါနဲ့”တဲ့ ။ ဒီတော့ အဖေ့အကြောင်းနဲ့ ပါတ်သက်ပြီး ကျွန်တော် ဘာမှမသိဘူး ဖြစ်နေတယ်။ မပြောပေမယ့် သိချင်စိတ်ကတော့ အမြဲဖျောက်မရခဲ့ပါဘူး။ ကျွန်တော့် အဖေနာမည်က ဘယ်သူလဲ ။ ကျွန်တော့်အဖေ ပုံစံက ဘယ်လိုလဲ။ ကျွန်တော် အမြဲ စုံစမ်းနေခဲ့ပါတယ်။ ခက်တာက ကျွန်တော် အခုရောက်နေတဲ့ ပတ်ဝန်းကျင်ဟာ အမေတို့ရဲ့ ငယ်စဉ် ခြေချခဲ့ရာ ဖြစ်ပုံမပေါ်ဘူး။ ကျွန်တော် ပတ်ဝန်းကျင်ကို စုံစမ်းကြည့်တော့ “မင်း လသားအရွယ်လောက်ကမှ ပြောင်းလာကြတာ ” တဲ့။ ကျွန်တော့်အပေါ် ဦးလေး တစ်ခုခု ဖုံးကွယ်ထားတယ်လို့တော့ ကျွန်တော်ထင်တယ်။ “အားးးးးးးးးးးးးးးးဟုတ်ပြီ” “လက်” ကနဲ အတွေးနဲ့ အတူ ကျွန်တော် လူတစ်ယောက် ရဲ့ မျက်နှာကို ပြေးမြင်မိတယ်။ ဦးအောင်မြင်။ ဟုတ်တယ်။ ဦးအောင်မြင်။ အမေဆုံးပြီး တစ်လပြည့်ချိန်လောက်မှာ ကျွန်တော်တို့ဆီကို သူ ”စ” ရောက်လာတယ်။ တပါတ်လောက် ကျွန်တော်တို့နဲ့ အတူနေပြီးမှ သူပြန်သွားတာ။သူရောက်လာခါစကဆိုရင် ကျွန်တော့်ကို မြင်မြင်ချင်း ”လူလေး” ဆိုပြီး ခေါ်တယ်။ကျွန်တော်လည်း သူ့ကိုမြင်မိစဉ်က စိတ်ထဲ ဘယ်လိုကြီးမှန်းကို မသိဘူး။နောက်တော့ တစ်နှစ် တစ်ခါလောက် အိမ်ကို ရောက်ရောက်လာတယ်။ ပထမတစ်ခေါက် လာတုန်းကတော့ သူ့မျက်နှာက မုတ်ဆိတ်မွှေးတွေနဲ့။ နောက်အခေါက်တွေကျတော့ သူ့ပုံစံက သပ်သပ်ရပ်ရပ် ဖြစ်တယ်။သူ့ခြေထောက် တစ်ဖက်ကတော့ ဆာနေတယ်။ငယ်ငယ်က တောလိုက်ရင်း ဒဏ်ရာ ရတယ်ပြောတာပဲ။ အဲ့ ။ကျွန်တော် သတိထားမိတာ တစ်ခုရှိတယ်။ သူ့ကိုဆိုရင် ဦလေးက ကြောက်ပုံရတယ်။ ဒါပေမယ့် ရွံကြောက်ကြောက်တာမျိုးတော့ မဟုတ်ဘူး။ ချစ်ကြောက်ရိုသေတဲ့ပုံ။ သူပြောတာတွေကိုလည်း ရိုရိုသေသေ နားထောင်ရှာတယ်။ကျွန်တော် စဉ်းစားမိတာက ကျွန်တော့် အဖေအကြောင်းကို ဦးအောင်မြင်တစ်ယောက်တော့ ပြောနိုင်လိမ့်မယ်ဆိုတာပဲ။ ခုဆိုရင် ကျွန်တော့် အသက် ၁၈နှစ်ပြည့်ပြီးသွားပြီ။ ဒီကြားထဲ ဦးအောင်မြင်ကြီးလည်း တစ်နှစ် တစ်ခါလောက်တော့ ရောက်ဖြစ်တယ်။ ကျွန်တော်နဲ့လည်း ရင်းရင်းနှီးနှီးဖြစ်နေပြီ။ ခုနောက်ပိုင်း ဦးအောင်မြင်ကြီးက တစ်ခါတစ်လေ ကျွန်တော့်ကို “သား” လို့ခေါ်တတ်တယ်။ ကျွန်တော် စိတ်မဆိုးပါဘူး။ သူက ကိုယ့်အဖေအရွယ်ပဲလေ။နောက်ပြီး သူက သွားခါနီးတိုင်း ကျွန်တော့်ကို အမြဲပြောတဲ့ စကားတစ်ခွန်းရှိတယ်။ “ငါ့တူ (တစ်ခါတစ်ရံ သားဟု ခေါ်တတ်ပါသည်) လောကကြီးမှာ မထင်မှတ်တာတွေ ဖြစ်လာတတ်တယ်။ အဲ့ဒီအခါမျိုးမှာ ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပါ” တဲ့။ ကျွန်တော် သူ့စကားကို ရင်ထဲမှာ တံဆိပ်ခပ်ထားလိုက်တယ်။သြော်......ခုဆို သူမလာတာ ခြောက်လကျော်သွားပြီလေ။ကျွန်တော် သူ့ကို မျှော်နေမိတယ်။ သူ့ကိုမေးရင်တော့ ကျွန်တော့် အဖေအကြောင်း သိရမယ်ထင်တယ်။ ထင်တာ မဟုတ်ပါဘူးလေ ။ကျွန်တော် ယုံကြည်နေမိတာပါ။

......(၁)
ခုတစ်လော ကျော်စွာတို့အုပ်စု ရွာထဲမှာ တော်တော်သောင်းကျန်းနေတယ်။
ပိုက်ဆံရှိတဲ့ သားသမီးတွေဖြစ်တော့ မိဘတွေ အရှိန် အ၀ါနဲ့ ဒီကောင်တွေ မိုက်ရဲနေကြတာ။
ဟိုတစ်နေ့ပဲ ကြည့်လေ ရွာမြောက်ပိုင်းက အကြော်ရောင်းတဲ့ ဒေါ်ထွေးသားကို ထိုးကြိတ်ပြီး အကြော်တွေ
လုယူသွားတယ်။သူများတွေကို ပြဿနာရှာတာ ဘာမှဝင်မပြောခဲ့သော်လည်း ဒီတစ်ခါတော့ ကျွန်တော်ကို
ပြဿနာ လာရှာသည်။“လင်ကောင်မပေါ်ပဲ မွေးတဲ့ကောင်” တဲ့။
ကျွန်တော် ဒေါသ ထွက်လိုက်တာ မပြောပါနဲ့တော့။ ဒါပေမယ့် ကျွန်တော့် စိတ်ကို ကျွန်တော် ထိမ်းချုပ်ပြီး
ဘာမှမပြောပဲနေလိုက်တယ်။ ပြဿနာမဖြစ်တာ အကောင်းဆုံးပဲလေ။စိတ်ထဲကတော့ တော်တော်ကို ဒေါသ
ထွက်နေမိတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် ဦးလေးကို တန်းမေးလိုက်တယ်။
“ဦးလေး ကျွန်တော့် အဖေ ဘယ်သူလဲဗျာ။ခု ကျွန်တော့်ကို ပြောခံနေရပြီ ။လင်ကောင်မပေါ်ပဲ မွေးတဲ့ကောင် တဲ့”
“ဘာကွ”
ဦးလေး အသံက ဟိန်းထွက်လာတယ်။
ဒေါသကြောင့်ထင့် ။မျက်နှာကြီးကလည်း ချက်ချင်း နီရဲလာတယ်။
“ဟုတ်တယ် ဦးလေး ။ခုလိုပြောခံရတာ ဦးလေးတို့ကြောင့် ၊ကျွန်တော့်အဖေ ဘယ်သူလဲဆိုတာ ပြောမပြလို့”
“ဘာ”
ဦးလေး တော်တော် ဒေါသ ထွက်နေပြီဆိုတာ ကျွန်တော်သိလိုက်တယ်။ဒါပေမယ့် မတတ်နိုင်ဘူး။
ပြောလက်စကို တော့ ကျွန်တော် ဆက်ပြောရမှာပဲ။
“ဟုတ်တယ် ဦးလေး ၊ဦးလေး ကျွန်တော့် အဖေအကြောင်း မပြောရင် ကျွန်တော် ဒီမှာမနေတော့ဘုး။
ကျောင်းလည်း ဆက်မတတ်တော့ဘူုး”
“ဟေ့ကောင် ခွေးကောင် ၊ မင်းခွေးစကား မပြောနဲ့ ”
မဆူစဖူး ဦးလေး ကျွန်တော့်ကို ဆူသည်။ တစ်ခါမှ ကျွန်တော့်ကို ဦးလေး ဒီလိုလေသံနဲ့ မပြောဖူးဘူး။
“အောင်လူ”
အသံနဲ့ အတူ လူတစ်ယောက် အိမ်ထဲဝင်လာတယ်။ဦးအောင်မြင်။
“အောင်လူ လူလေးကို အဲ့လိုပြောရလားကွ၊ လူလေးသိချင်တာကို သေချာပြောပြမှပေါ့”
“ဟာ အစ်ကိုကြီး၊ ဘယ်လိုရောက်လာတာလဲ”
ဦးလေး ရဲ့ လေသံ ပြောင်းသွားတယ်။ပုံစံကလည်း ရိုသေ ကျိုးနွံမှုကိုပြနေတယ်။
ဦးအောင်မြင် က ကျွန်တော့်ဘက်လှည့်ပြီး “လူလေး လူလေး အဖေအကြောင်း သိပ်သိချင်တာပဲလား” တဲ့။
ကျွန်တော် အသိစိတ် ပြန်ဝင်လာတယ်။ ဦးအောင်မြင်ကို ရိုရိုသေသေပဲပြောလိုက်မိတယ်။
“ဟုတ်ကဲ့ ဦးလေး ကျွန်တော် သိချင်ပါတယ်”
“အေး အေး ။သိချင်ရင် ဦးလေးပြောပြမယ်။ လာ အိမ်ပေါ်တတ်ပြောရအောင်”
“ဟာ အစ်ကိုကြီး”
ဦးလေးက အလန့်တကြားဟန်နဲ့ ခေါ်တယ်။
“ရတယ် အောင်လူ ။မင်းပါလိုက်ခဲ့”
ဦးအောင်မြင်က ပြောပြောဆိုဆို အိမ်ပေါ်တတ်သွားတယ်။ကျွန်တော် သတိထားလိုက်မိတယ်။ ဦးအောင်မြင် မျက်နှာက ညို့ပြီး မှိုင်းနေတယ်။ ကျွန်တော်လည်း ရင်တထိပ်ထိပ်နဲ့ လိုက်တတ်လိုက်တယ်။
အိမ်ပေါ်မှာ သုံးယောက်သား ထိုင်လိုက်မိသည်နှင့်
“လူလေး အဖေဟာ ဟောဒီလောကကြီးထဲမှာ သက်ရှိထင်ရှားရှိနေပါတယ်”
ကျွန်တော့်ရင်ထဲ လှိုက်ကနဲ ဖြစ်သွားတယ်။
“ဒါပေမယ့် သူဟာ တစ်ချိန်က စွန်းထင်းခဲ့တဲ့ သူ့ရဲ့အမှားတွေကို လူလေးအပေါ် အရိပ်လို မိုးနေမှာဆိုးလို့
လူလေးကို ကွယ်ရာကနေပဲ စောင့်ရှောက်နေခဲ့တာ”
“ဟင်”
ကျွန်တော် အံသြသွားတယ်။တစ်ချိန်တည်း ဆယ်တန်း တတ်နေတုန်းက အဖြစ်ကိုလည်း သတိယမိတယ်။
ဒီတုန်းက ကျွန်တော်  မူးလဲတာ။ ဆေးရုံပေါ်မှာ ကျွန်တော့် အတွက် အရေးပေါ် သွေးလိုနေချိန်ပေါ့။ ကျွန်တော့်သွေးက AB သွေးလေ ။နယ်မြို့လေးက ဆေးရုံပေါ်မှာ ကျွန်တော့်အတွက်
လိုတဲ့သွေးကို မရနိုင်တော့ဘုး ထင်ချိန်မှာ လူတစ်ယောက်က သွေးလှူခဲ့တယ်။
ဒါပေမယ့် သူဘယ်သူဆိုတာ ကို ကျွန်တော် မသိခဲ့ရဘူး။
“ခုလည်း သူက လူလေးကို အမြဲ တွေ့ချင်နေတာ။ ဒါပေမယ့် သူ့အဖြစ်က လူလေးကို တွေ့ခွင့် မသာတဲ့
အခြေအနေတစ်ခုမှာ ရောက်နေတယ်။ ဒါကြောင့် သူက ငယ်ငယ်တည်းက လူလေးကို အောင်လူ့လက်ထဲ
ထည့်ပေးပြီး အဝေးကနေပဲ လူလေးကို စောင့်ကြည့်နေခဲ့တာ။လူလေးအတွက် ကျောင်းစရိတ် နဲ့ လူလေးနဲ့အောင်လူ  စားဖို့အတွက်တွေပါ ဦးလေးကနေ တစ်ဆင့် ထောက်ပံ့ပေးခဲ့တာ။လူလေးမှတ်မိအုံးမှာပေါ့။ လူလေး ဆယ်တန်း ကျတုန်းကလေ ”
ကျွန်တော် အတွေးထဲ ဆယ်တန်းကျတုန်းက အဖြစ်တွေကို မြင်ယောင်လာတယ်။
ဒီတုန်းက စာမေးပွဲကျလို့ စိတ်ညစ်ညစ်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး တစ်ဘက်ရွာက ဘိန်းစွဲတဲ့သူတွေနဲ့ပေါင်းပြီး
ဘိန်းစမ်းရှုဖို့  လိုက်သွားတယ်။ အဲ့ဒီတုန်းက ကျွန်တော့် သူငယ်ချင်း မင်းအောင်ရောပါတယ်။
လမ်းမှာ လူကြီးတစ်ယောက်က “မင်းတို့ ကလေးတွေဖြစ်ပြီး မစဉ်းစားပဲ လုပ်ရလားကွ၊ မင်းတို့အိမ်က မိဘတွေ ဘယ်လိုနေမယ်ဆိုတာ မစဉ်းစားမိဘူးလား ။ခုချက်ချင်း အိမ်ပြန်” ဆိုပြီး နှင်လွှတ်လို့ ကျွန်တော်တို့လည်း
သူ့ကိုကြောက်တာနဲ့ ပြန်ပြေးလာခဲ့ရတာ။ဟုတ်တယ်လေ ။သူ့မျက်နှာမှာက ကန်လန့်ဖြတ် ဓားဒဏ်ရာ
ကြီးနဲ့။
ဒီတုန်းကသာ ဆက်သွားမိရင် ကျွန်တော်တို့တွေ ဘိန်းစွဲဖြစ်မှာ သေချာတယ်။
“ဒါ ဒါဆို အဲ့ဒီ မျက်နှာမှာ အမာရွက်နဲ့လူကြီးက ”
ကျွန်တော့်စကားသံ တွေက အထစ်ထစ် အငေါ့ငေါ့။
ရင်ထဲမှာလည်း တစ်ခုခုကို စိုးရိမ်သလိုလို။
ဦးအောင်မြင် က “ဟင်း” ကနဲ သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီး။
“အေး  ဟုတ်တယ်။ အဲ့ဒါ လူလေးအဖေပဲ” ။
“ဗျာ ။မဖြစ်နိုင်ဘူး ။ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ဦးလေးလိမ်တာ ။ဟုတ်တယ်မို့လား ၊ဦးလေး ကျွန်တော့်ကိုလိမ်တာ”
ကျွန်တော် သွေးရူး သွေးတန်း အော်လိုက်မိသည်။
“ဟုတ်တယ် ငါ့တူ ။အစ္ကိုၾကီး မလိမ္ဘူး။အဲ့ဒါဟာ မင်းသိပ်တွေ့ချင်နေတဲ့ မင်းအဖေပဲ”
ဦးလေးအောင်လူ ကပါ ၀င်ပြောလာသည်။
ကျွန်တော်မယုံချင်။ ကျွန်တော့်ဘ၀ကို လိုလေသေးမရှိအောင် မကြောင့်မကြအောင် စောင့်ရှောက်ပေးတာက
ဦးလေးအောင်လူ မဟုတ်ပဲ။မျက်နှာမှာ အမာရွက်နဲ့လူကြီးဆိုတာကို ကျွန်တော်မယုံချင်။
“ဒါဆို သူက ဘာဖြစ်လို့ ကျွန်တော့်ကို ရဲရဲတင်းတင်း လာမတွေ့ရသလဲဗျ”
“အစ်ကိုကြီးပြောသလိုပဲလေ။ မင်းအဖေဟာ တစ်ချိန်က သူ့အမှားတွေကို မင်းအပေါ် အရိပ်လို
မိုးနေမှာ သိပ်ကြောက်လို့ပဲ”
တစ်ချိန်ကသူ့အမှား။ဘာတွေမှားခဲ့လို့လဲ။ဘာကြောင့်မှားခဲ့တာလဲ။
“ဒါဆို အခု သူဘယ်မှာလဲ”
ကျွန်တော့် စိတ်တွေ ဂယောက်ဂယက်ဖြစ်နေပြီ။ ဘာပဲ ပြောပြော အဖေဟာ အဖေပဲလေ။
“သူရှိပါတယ် ။ ရွာအပြင်ဘက်မှာ ကျန်ခဲ့တယ်။ ဒါပေမယ့် ”
ဦးအောင်မြင် အသံက တိမ်ဝင်သွားတယ်။ အတော်လေးကြာမှ
“ကဲ လူလေးတွေ့ချင်တယ်မို့လား ။လာ လူလေးအဖေကိုသွားတွေ့ရအောင်”
ပြောပြောဆိုဆို ဦးအောင်မြင် ရှေ့ကနေ ထ ထွက်သွားတယ်။
ကျွန်တော်လည်း မဆိုင်းတော့ပဲ နောက်ကနေလိုက်လာမိတယ်။ ရွာအပြင်ဘက် ခပ်လှမ်းလှမ်း
ရောက်တော့ သစ်ပင်ကြီးတစ်ပင် အောက်မှာ လူနှစ်ယောက်။
တစ်ယောက်က ထိုင်နေတယ်။ကျန်တစ်ယောက်က သူ့ရင်ခွင်ပေါ် ခေါင်းမှပြီး လှဲနေတယ်။
“ဟင်”
ကျွန်တော် သတိထား ကြည့်မိလိုက်တော့ လှဲနေတဲ့သူက မျက်နှာမှာ အမာရွက်ကြီးနဲ့။
လူကတော့ ပိန်လှီနေပြီ။ဟိုစဉ်တုန်းကနဲ့ မတူတော့။
“ဟာ ဦးလေး၊မြန်မြန်လာအုံး ။ဒီမှာ ဆရာကြီး သွေးတွေအန်နေတယ်”
သစ်ပင်အောက်မှာ ထိုနေတဲ့ လူငယ်က ဦးအောင်မြင်ကို တွေ့တော့ အလောတကြီး လှမ်းခေါ်တယ်။
ကျွန်တော်တို့ သုံးယောက်ရောက်သွားတော့ အမာရွက်နဲ့လူကြီးရဲ့ ပါးစပ်က သွေးတွေအန်နေတယ်။
“ဆရာကြီး ။ ဆရာကြီး......ဘယ်နှယ်နေလဲ၊ ဒီမှာ ဆရာကြီး သား ပါလာတယ်”
ဦးအောင်မြင်က ကျွန်တော့် အဖေဆိုသောသူကြီးကို ပြောရင်း ကျွန်တော့်ဘက်ကိုပါ
ညွှန်ပြလိုက်တယ်။ အဖေ့ပုံစံက အားရစရာမရှိ။ ဘာပြောချင်သည်တော့မသိ။
ပါးစပ်ကတစ်လှုပ်လှုပ် ။။။။။အတန်ကြာမှ........
“သားးးးးးးးးးးးးးးးးးးးးးးး”
ကျွန်တော် မထူးမိ။ အဖေဟု သက်မှတ်လိုက်မိပေမယ့် ငယ်စဉ် ကတည်းက ဝေးကွာခဲ့သော
“အဖေ” ဟူသော နာမ်စားကို ကျွန်တော့်နှုတ်က ရုတ်တရက် ထွက်မရ။
အားစေးထည့်ထားသလို။
“သားး အဖေ့ကို ခွင့်လွှတ်ပါသား အဖေသားကို ထောင်ထွက်လူမိုက် တစ်ယောက်ရဲ့ သားလို့
ပြောခံရမှာ စိုးလို့ အဖေ သားအနားကို မလာခဲ့တာပါ။
ဘယ်လို။အဖေက ထောင်ထွက်ဆိုပါလား။ ဘာလို့အဖေကထောင်ကျတာပါလိမ့်။
“ငယ်ငယ်တုန်းက အဖေဟာ ဆိုးခဲ့ မိုက်ခဲ့တယ်။ အဲ့ဒီဒဏ်ကြောင့် ခုကြီးလာတဲ့ အခါ
ကိုယ့်မိသားစုနဲ့ အတူမနေရပဲ သားတကွဲ မယားတကွဲနေရတဲ့ ဒုက္ခနဲ့ ကြုံခဲ့ရတယ်။
အဖေ့ကို ခွင့်လွှတ်ပါသားရယ်။။။။။။ခွင့်လွှတ်တယ်မို့လား”
ကျွန်တော်ဘာကိုခွင့်လွှတ်ရမည်နည်း။ အဖေ့ဆိုသည်ကို ခုမှသိပေမယ့် ကျွန်တော့်အတွက်တော့
အဖေ့အပေါ် ပြောစရာ အပြစ်မရှိပါ။ထို့ကြောင့်ပင်
“ကျွန်တော် အပြစ်မတင်ပါဘူး” ဟု တုံး တိတိ ပြောချလိုက်သည်။
“သား”
ကျွန်တော့ရင်ထဲ ၀မ်းနည်းစိတ်က လှိုက်ကနဲ လိပ်တတ်လာတယ်။
ဘာပဲပြောပြော မျက်စိရှေ့မှာ မြင်နေရတဲ့ အဖေ့ပုံစံကိုကြည့်ပြီး ကျွန်တော်ငိုချင်လာတယ်။
“အဖေ”
ကျွန်တော့်ကိုယ် ကျွန်တော် သတိမထားမိချိန်မှာပဲ ကျွန်တော့်နှုတ်က “အဖေ” ဆိုသော ခေါ်သံကို
လှိုက်လှိုက်လှဲလှဲကြီး ထွက်သွားသည်။
“သားးးးးးးးးးးသားလေး ..အဖေ့ကို အဖေလို့ခေါ်တယ်၊၀မ်းသာလိုက်တာသားရယ်”
ကျွန်တော့် အဖေ့ကို ပွေ့ဖက်လိုက်တယ်။ အဖေ့ကလည်း ကျွန်တော့်ကို ပွေ့ဖတ်ထားတယ်။
“အဖေ”
ကျွန်တော် အနှစ်နှစ် အလလ တောင့်တခဲ့သော အဖေ့ကိုတွေ့ရပြီမို့ အဖေဟု အားရပါးရ
ခေါ်လိုက်မိသည်။ တကယ်ပဲ ကျွန်တော့် အဖေကို ကျွန်တော် တွေ့ခဲ့ပြီ။
“ဆရာကြီး ဆရာကြီး”
နောက်က ဦးအောင်မြင် အသံကြားမှ ကျွန်တော် သတိဝင်လာကာ အဖေ့မျက်နှာကို ကြည့်မိသည်။
သွေးစွန်းနေသော အဖေ့ နှုတ်ခမ်းများသည် ပြုံးယောင်သန်းနေသည်။ အဖေ့မျက်နှာ တွင်
ကျေနပ်သော အရိပ်အယောင်ရှိသည်။
“ဟင်”
အဖေ့ နှလုံး မခုန်တော့ပါလား။
“အဖေ ။အဖေ အဖေ”
သွားပြီ။ ကမ္ဘာကြီး တစ်ခုလုံး ချာချာလည်သွားပြီ။။။။။။။။ကျွန်တော့်ဘ၀အတွင်းသို့ အဖေသည်
ခဏလေး ၀င်ရောက်ပြီး အပြီးအပိုင် ထွက်သွားခဲ့ပြီ။ကျွန်တော် အဖေ့မျက်နှာကို တစ်ချက်စိုက်ကြည့်ရင်း အသက်မဲ့နေသော အဖေ့ကို နမ်းလိုက်မိသည်။။။။။။

(၂)
“လူလေး သွားကြရအောင်”

အဖေ့အုပ်ဂူ ရှေ့ကနေ ကျွန်တော် ထလိုက်တယ်။ ဒီနေ့ဆိုရင် အဖေ ဆုံးတာ ငါးနှစ်ပြည့်သွားပြီ။
တစ်ခြားသူတွေအတွက် အဖေဟာ အကျိုးပြုချင်မှ ပြုမယ်။ကျွန်တော့်အတွက်ကတော့
ခဏလေးစကားပြောလိုက်ရပေမယ့် အဖေဟာ အဖိုးမဖြတ်နိုင်သော သူတစ်ယောက်ပါ။
ဦးအောင်မြင်ပြောပြလို့ အဖေဟာ ကျွန်တော့်ကို ဆရာဝန်ကြီး တစ်ယောက်ဖြစ်စေချင်တယ်
ဆိုတာ ကျွန်တော်သိခဲ့ရတယ်။။။။။။။။။။ခုတော့ ကျွန်တော်ဆရာဝန်ကြီး ဖြစ်နေပြီလေ။
အဖေ မြင်လှည့်ပါ။။။။။။တမလွန်ကနေ သားဆရ၀န်ကြီးကိုကြည့်ပြီး
အဖေ၀မ်းသာနိုင်ပါစေ....။။။။။။။အဖေ၀မ်းသာနိုင်ပါစေ....။



ဆန္ဒမွန်ဖြင့်.............လွမ်းနောင်.............။







No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။