Saturday 27 August 2011

ဥပါဒါန် ကြီးသူတို့ အလယ်တွင်


ဒီနယ်လေးကို လာရမည်ဆိုကတည်းက ရင်က မသိမသာ ခုန်နေခဲ့သည်.။ခုလို ရောက်လာရပြန်တော့လည်း စိတ်ထဲမှာ ပျော်သလိုလို ..။ မဟုတ်....။ပျော်သလိုလို မဟုတ်သေး....။
နာကျည်းသလိုလို......။အို.......ဒါလည်းမဟုတ်သေးပါဘူး.။ဘာဖြစ်လို့ နာကျည်းရမှာလဲ.......။
တပေါင်းနွေရဲ့အောက်မှာ တံလျှပ်တို့က ချောင်းချောင်းထနေသည်...။ဖုန်တထောင်းထောင်း ထနေသော
လမ်းမထက်မှာ လှည်းကလေးကတော့ အပြေးသော့နေသည်.....။ကိုမြင့်နောင် စိတ်ထဲမှာလည်း
လမ်းဆောင့်၍ ခုန်လိုက်သော လှည်းလေးပမာ မငြိမ်မသက်...။


           ( ၁ )
“ဖိုးကူး လိမ်လိမ်မာမာနေခဲ့နော် ၊ ဘွားမြ စကားကိုလည်း နားထောင် ကြားလား ”
အဖေ့စကားသံအဆုံး “ဟုတ် ” ဟု ပါးစပ်က ပြောရင်း ခေါင်းကိုပါ တစ်ခါတည်း ငြိမ့်ပြလိုက်သည် ။
ဒီနေ့အဖေ တောင်ပေါ်တတ်မည်ဆိုတော့ ဖိုးကူး တကယ်ပဲ ပျော်နေသည် ။ဖိုးကူး သိတတ်စ အရွယ်ကတည်းက အဖေ တောင်ပေါ်တစ်ခါမှ မတတ်ဖူးပေ.။ တောင်ပေါ်တတ်တာက လူပင်ပန်းသည်..။
အခန့်မသင့်လျှင် အသက်ပါ စိုးရိမ်ရသည် ဟု အဖေက ပြောပြဖူးသည်....။
ဒီတစ်ခါ အဖေ တောင်ပေါ်တတ်သည်မှာ ဖိုးကူးကြောင့်ပင်ဖြစ်သည်...။ ရွာထဲမှာ အလှူရှိတိုင်း သွားသွားချောင်းကြည့်ပြီး ဖိုးကူးလည်း သူများတွေလို ကိုရင်ဝတ်ချင်လာသည်....။ မောင်ရှင်လောင်းအနေနဲ့
မြင်းညိုကြီးကို ခန့်ခန့်ကြီး စီးကြည့်ချင်သေးသည်..။
ဒါပေမယ့် ခက်တာက  ဖိုးကုးကိုမြင်လိုက်ရင် ရွာထဲကလူတွေက သရဲ တစ္ဆေကို မြင်တွေ့ရတဲ့အတိုင်းပဲ ။
တချို့ကလည်း ကြောက်ပြီးထွက်ပြေးသည်...။တချို့ကလည်း ဖိုးကုးကို ရိုက်ပုတ် ကြိမ်းမောင်းပြီး
ရွာဘက်ကို မလာရန် ပြောဆိုသည်.....။ သူတို့ပြောတာကတော့ ဖိုးကူးအဖွားက စုန်းမ ကြီးမို့တဲ့......။
ဖိုးကူးကတော့ အဖွားကို ဘယ်တုန်းကမှ စုန်းမကြီးဟု မထင်မိပါ .။အဖွားသည် ဖိုးကူးကို သိပ်ချစ်သည်.။
တစ်ခါတလေ ဖိုးကူးက အဖွားကို မြင်းညိုကြီးလို ကျောပိုးခိုင်းသည်.။အဖွားက ဖိုးကူးကို ကျောပိုးပြီး တဲရှေ့
ပတ်ပြီး သွားလျှင် အဖွားကျောကုန်းထက်မှ ဖိုးကူးစိတ်ထဲမှာတော့ မြင်းညိုကြီးစီးနေရသလို ထင်နေမိသည်...။ ဖိုးကူးတို့မှာ အိမ်မရှိ .။ရွာနှင့် ခပ်လှမ်းလှမ်းက တောင်ကုန်းလေးမှာ ဖိုးကူးတို့ခြံလေးရှိသည် .။ အဲ့ဒီခြံထဲမှာပဲ တဲလေးဆောက်ပြီး ဖိုးကူးတို့နေသည်.....။ဖိုးကူးတို့ဆိုတာက
ဖိုးကူးရယ်....အဖေရယ်...အဖွားရယ်..လေ..။ရှင်လောင်းလုပ်ချင်လွန်းသဖြင့် ဖိုးကူး အဖေနဲ့ အဖွားကို ပူဆာသည်..။ တစ်ခါက နှစ်ခါ....များလာတော့ အဖေက ဒီနှစ် ဖိုးကူးကို ရှင်ပြုပေးမည်ဆိုပြီး တောင်ပေါ် တတ်ခြင်းဖြစ်သည်.....။ခုတော့ ဖိုးကူးကို ရှင်ပြုပေးဖို့ အဖေ တောင်ပေါ်တတ်သွားပြီးမို့ ဖိုးကူးတို့ မြေးအဖွားနှစ်ယောက်သာ ရှိတော့သည်......။အဖေထွက်သွားပြီး
အဖွားလည်း စပါးလုံး ရွေးနေသည်မို့ ဖိုးကူး ခြံနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော ခရေပင်တန်းတွေဆီသို့
ထွက်လာခဲ့တော့သည်..။ခရေပွင့်လေးတွေက ဖွေးဖွေးလှုပ်နေသည်...။ကစားစရာ အဖော်မရှိသော
ဖိုးကူးအတွက် ဒီခရေတန်းလေးက အဖော်ဖြစ်သည်...။ ခရေပွင့်လေးတွေ လေထဲမှာ ၀ဲပြီး ကြွေလာတာကို
သေချာကြည့်ပြီး...လိုက်ဖမ်းရတာကို ဖိုးကူးနှစ်သက်သည်...။အနီနဲ့ အဖြူ စပ်ကြားရောင်ကလေးတွေကို
ဖိုးကူး ချစ်သည်..။ဟော..ကြွေလာပြန်ပြီ....တစ်ပွင့်.......။


         ( ၂ )

အဖေထွက်သွားတာ ဒီနေ့ရောဆို ၇ ရက်ပြည့်ပြီ....။ ခုထိ ပြန်ရောက်မလာသေး.။ အဖွားကလည်း
မနေ့ကနေစပြီး နေမကောင်းဖြစ်သည်...။ ဖိုးကူး ဘာလုပ်လို့လုပ်ရမည်ပင် မသိတော့.။အဖွားက
အိပ်ယာထဲကပင် ထမလာနိုင်.။ ထမင်းဟင်းပင် ချက်သူမရှိတော့ ဖိုးကူးဘာသာ ဖြစ်အောင်လုပ်မှ
မံမံနဲ့ မဝေးမည်..ဖြစ်သည်.။ထူးတော့မခက်ပါ...။ ဆန်ဆေးပြီး ဘေးတစောင်မှာ ခရမ်းသီးလေးနဲ့
ခရမ်းချဉ်သီးလေးကို လှီးထည့်လိုက်သည်....။ဆားလေး နနွင်းမှုန့်လေး ဆီလေးနည်းနည်းဆီထည့်ပြီး
ရေကို လက်တစ်သစ်လောက် ထားလိုက်သည်..။ဒီနည်းကို လွန်ခဲ့သော တစ်နှစ်ခန့်က ဖိုးကူးသိခဲ့ခြင်း
ဖြစ်သည်..။ငှဲ့စရာလည်း မလို...တခါတည်း စားရုံပင်.....။
“.....ဟင်းးးးးဟင်း....ဟင်းးးး ဖိုးကူးရေ.... ”
ညည်းသံနှင့် အတူ ခေါ်သံကိုပါ ကြားရသဖြင့်......ဖိုးကူး အဖွားဆီ ပြေးလာခဲ့သည်.....။
“ အဖွား အဖွား ....ဘာလိုလို့လဲဟင်...ဖိုးကူး ထမင်းချက်နေတယ်.။...ပြီးရင် ဖွားနဲ့ တူတူစားမယ်နော် ”
အဖွားက ခေါင်းယမ်းပြသည်...။
“အဖွား ..ဘာလို့လဲဟင်...ဖိုးကူးချက်တာ မစားချင်ဘူးလားဟင်.”
ဖိုးကူး အမေးကို အဖွားက ဘာမှပင် ပြန်မပြော..။ခေါင်းကိုပင် ယမ်းနေသည်.။အဖွားက ဖိုးကူးချက်တာ
မစားချင်၍ ဖြစ်ပေမည်...။ရွာဘက်ကို သွားတုန်းက ဖိုးကူး ကြားဖူးတာရှိသည်..။
နေမကောင်းသည့်..လူမမာဆိုသည်မှာ..ကြက်သားစွပ်ပြုတ်တို့  သောက်မှ အားရှိသည်ဟု ဆိုသည်.။
သို့ပေမယ့်.....ကြက်သားဆိုတာက ဖိုးကူးတို့နဲ့ မခေါ်တာ နှစ်အတော်ပင် ကြာနေပြီ....။
“ဟင်....”
ဖိုးကူး နှာခေါင်းထဲ ၀င်လာသော..အနံ့ကြောင့် ..ထမင်းအိုး တည်ထားသော နေရာသို့ အပြေးသွားမိသည်.။ တူးနံ့က ထမင်းအိုးဆီမှ လာခြင်းဖြစ်သည်. ။ဖိုးကူး ထမင်းအိုးကို အမြန်အောက်သို့ချလိုက်ပြီး  မီးငြှိမ်းလိုက်သည်.....။အဖုံးကို ဖွင့်ကြည့်တော့. မဆိုးသေး.။
စားလို့တော့ ဖြစ်ပါသေးသည်.....။


              (  ၃ )
“ ခရေပန်းတွေရမယ်....ခရေပန်း..၀ယ်ကြဦးမလား ခရေပန်းတွေ...ရမယ် ”
ဖိုးကူး အသံကုန်အော်လိုက်သည်.။။သူ့မှာ ပိုက်ဆံ မရှိသည်မို့...အဖွားအတွက်. ကြက်သားစွပ်ပြုတ်
ဝယ်ရန် ရှိသည့်အကြံဖြင့် ခရေပန်းတွေ ကောက်ပြဲီး တဖက်ရွာက ဈေးလေးကို လာရောင်းခြင်းဖြစ်သည်.။
ဒီရွာလေးက စာသင်ကျောင်းလေး ရှိသဖြင့် ကျောင်းသူတွေက ခရေပန်းလေးတွေ ၀ယ်ကြသည်.။
ပန်းတွေ ကုန်တော့မည်မို့ လက်ထဲပိုက်ဆံတွေကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း  စားသောက်ဆိုင်လေး
ထဲသို့ ၀င်လိုက်သည်.။ ဆိုင်ထဲက လူတွေက အ၀တ်အစား ခပ်နွမ်းနွမ်းနှင့် သူ့ကို “ဘု ” ကြည့် ကြည့်သည်။
“ ဦးကြီး ကြက်သားစွပ်ပြုတ် တစ်ပွဲ ပေးပါ..။အိပ်နဲ့ထည့်ပေးနော် ”
ဆိုင်ထဲက လူကြီးက သူ့ကို မယုံသလို ကြည့်နေသည်မို့ ဖိုးကူး လက်ထဲမှ ပိုက်ဆံလေးတွေကို
မြှောက်ပြလိုက်သည်.။။။ဒီတော့မှ .....ဖိုးကူးကို ကြက်သားစွပ်ပြုတ် ထည့်ပေးသည်.....။ပိုက်ဆံ ပေးပြီး
ပြန်လှည့်ထွက်လာတော့ ..
“ဟာ....ဒီကောင်လေး ဟိုဘက်ရွာက စုန်းမကြီး မြေး မဟုတ်လား  ”
အသံက ဖိုးကူး ရှေ့နားဆီမှ ထွက်လာခြင်း ဖြစ်သည်..။
“အေးဟ ဟုတ်တယ်...ဒီကောင်လေး ဘာလာလုပ်တာလဲ....သတိထားကြဟေ့....သူ့ဆီက ဘာမှမယူမိစေနဲ့ ...တော်နေ ပြုစားခံနေရဦးမယ်....”
“ ဟာ.....ဒါဆို ဆိုင်ထဲကနေ အမြန်ဆွဲထုတ်....ဒီကောင်လေး စောစောက ငါ့ဆီက စွပ်ပြုတ်ဝယ်သွားတယ်။
 “ ရွာထဲကနေ မောင်းထုတ်ကွာ ။ ရွာနာတယ်...”
အသံတွေကြောင့် ဖိုးကူး လက်ထဲက စွပ်ပြုတ်ထုပ်လေးကို သေချာကိုင်ရင်း နောက်သို့ လှည့်ကြည့်မိသည်.။ လူတော်တော်များများက ဖိုးကူးကို စူးစူးရဲရဲ ကြည့်နေသည်.....။
ဖိုးကူး ဘာမှမမြင်တော့ ခရေပင်တန်းဆီသို့ ဦးတည်ကာ စွတ်ပြေးလာတော့သည်.။
ဖိုးကူးနောက်မှလည်း လူတော်တော်များများ လိုက်လာသည်..။ ဖိုးကူး နောက်ကို လှည့်မကြည့်တော့.။
အဖွားဆီ ရောက်ဖို့သာ အဓိကမို့ စွတ်ပြေးသည်.....။ နောက်က လိုက်လာသော အသံများက နီးသထက်
နီးလာသည်.....။ ဖိုးကူး ခြေထောက်တွေလည်း လေးလံနေပြီ..။ ဒါပေမယ့် ရပ်လို့ မရဘူးဆိုတာကို
ဖိုးကူး သိနေသည်....။ပြေးသည်......။စွတ်ပြေးသည်.။
“ ဖုန်း  .”
“ခွမ်း ”
ိဖိုးကူး မျက်နှာတစ်ခု လုံး ထူပူသွားသည်..။ လူတစ်ကိုယ်လုံးလည်း မှောက်ခုံ လူးလား ဖြစ်သွားသည်..။
လက်ထဲမှ စွပ်ပြုတ်ထုပ်လေးကလည်း မြေပြင်နှင့် မိတ်ဆက်ပြီး “ခွမ်း ” ကနဲ အသံနှင့်အတူ
ကွဲထွက်သွားပြီ..။
“ချကွာ  ရွာနာအောင်လုပ်တဲ့ကောင် .။စုန်းမမြေး.. ချသာချ ”
အသံတွေနှင့် အတူ ဖိုးကူး ခေါင်းတွေ ကိုယ်တွေပေါ်မှာ ခြေထောက်တွေ လက်သီးတွေ .တဖွဲဖွဲ ကျလာသည်။  ဖိုးကူး ခေါင်းတစ်ခုလုံး မူးဝေနေပြီ...။နောက်တော့.....ဘာမှပင် မသိတော့.....။

                     (၄)

ဒဏ်ရာတွေ များစွာနဲ့ ဖိုးကူး    အဖွားဆီ ပြန်ရောက်လာသည်...။
“အဖွား အဖွား.....”
ဖိုးကူး အဖွားကို ခေါ်ကြည့်သည်....ဘာမှ မကြားရ.။ အဖွားဆီ အပြေးကြည့်လိုက်တော့...
“အဖွား .......အဖွား...ဖိုးကူးလာပြီလေ..အဖွား...”
အဖွားက ဖိုးကူးကို ဘာမှပြန်မပြော.။ ဖိုးကူး အဖွားကို သေချာကြည့်.သည်..။
“ ဟင်. ”
အဖွားက အသက်မှ မရှူတော့တာ.....။
“အဖွား........အဖွား......။ဖိုးကူးကို ကြည့်ပါဦး.....အဖွား.....”
ဖိုးကူး သံကုန်အော်လိုက်တော့သည်.....။
တဲလေးအတွင်းမှာ ဖိုးကူးအော်သံက ပဲတင်နေတော့သည်.......။
အဖွားဆုံးပြီးတော့ .....အဖေ့ကို ဖိုးကူးစောင့်နေခဲ့သည်.......။ တစ်ရက် .....နှစ်ရက်...ပေါ်မလာ....
အဖေပြန်မလာတော့ဘူး...။တစ်ခုခုများ ဖြစ်နေလို့လား..။ဆယ်ရောက်လောက်ထိ ဖိုးကူး ဖြစ်သလို ရုန်းကန်ကာ အဖေ့ကို စောင့်ခဲ့သည်.....။ဆယ်ရက်ကျော်လာသည့် အခါတွင်တော့..
ဘယ်သူကမှလည်း အဖေ့အကြောင်းကို သူ့အား လာပြောမည် မဟုတ်သဖြင့် ဖိုးကူး ခြံလေးကို
စွန့်ခွါ ခဲ့တော့သည်......။

           ( နိဂုံး )
ကံဆိုသည်မှာ ဆန်းကြယ်လှသည်.။ ရွာကနေ ထွက်လာပြီးနောက် ..ဖိုးကူးနာမည်ကို ဖျောက်ပြီး မြင့်နောင်နာမည်သို့ ပြောင်းသည် ။ ကြုံရာ ကျရာ
လုပ်ရင်းဖြင့် ကိုယ့်ဒူး ကိုယ်ချွန် ကြိုးစားခဲ့သည်...။နယ်ပေါင်းစုံသည်...။အလုပ်ပေါင်းစုံသည်.။
မိုးကုတ်ဘက်အရောက်မှာ မြင့်နောင် ကျောက် အောင်ခဲ့သည်..။ ခုတော့ လုပ်ငန်းလေး တည်တည်တံ့တံ့
ဖြစ်လာပြီမို့ အေးအေးဆေးဆေးဖြစ်ရပြီ..။ ယခုလည်း  အလုပ်ကိစ္စဖြင့် ဒီဘက်ရောက်လာရင်း
ဇာတိမြေလေးကို ၀င်ကြည့်မိခြင်း ဖြစ်သည်..။ဒီနယ်လေးကို လာရမည်ဆိုကတည်းက ရင်က မသိမသာ ခုန်နေခဲ့သည်.။ခုလို ရောက်လာရပြန်တော့လည်း စိတ်ထဲမှာ ပျော်သလိုလို ..။ မဟုတ်....။ပျော်သလိုလို မဟုတ်သေး....။နာကျည်းသလိုလို.....အို.......ဒါလည်းမဟုတ်သေးပါဘူး.။ဘာဖြစ်လို့ နာကျည်းရမှာလဲ.......။

တပေါင်းနွေရဲ့အောက်မှာ တံလျှပ်တို့က ချောင်းချောင်းထနေသည်...။ဖုန်တထောင်းထောင်း ထနေသော

လမ်းမထက်မှာ လှည်းကလေးကတော့ အပြေးသော့နေသည်.....။ကိုမြင့်နောင် စိတ်ထဲမှာလည်း

လမ်းဆောင့်၍ ခုန်လိုက်သော လှည်းလေးပမာ မငြိမ်မသက်....။အင်းး.....ဒီအချိန်ဆိုရင်တော့
ဒီနယ်ကလူတွေ..........အစွဲအလန်း တွေ အယူကြီးတာတွေ ပျောက်လောက်ပြီ ထင်ပါသည်....။
မပျောက်သေးဘူးဆိုလျှင်တော့....မိမိလို အဖြစ်မျိုးတွေ  ကြုံမှာမြင်ယောင်မိသေးသည်....။
လှည်းလေးရပ်လိုက်တော့ ကိုမြင့်နောင်  မလှမ်းမကမ်းတွင်ရှိသော ခရေပင်တန်းလေးဆီ လှမ်းလာခဲ့မိသည်..။
ခရေပွင့်လေးတွေက ဖွေးဖွေးလှုပ်နေသည်...။ကိုမြင့်နောင် ခရေပန်းလေးတွေကို လိုက်ကောက်နေမိသည်။
တစ်ပွင့်.....။နှစ်ပွင့်...။သုံးပွင့်.......။

ကြိုးစားပါဦးမည်......။
ဆန္ဒမွန်ဖြင့်...........လွမ်းနောင်....။

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။