Sunday 28 August 2011

တံဆိပ်မလိုသော အက္ခရာလေးများ

ရှုမဆုံးတော့ပြီ........စိမ်းလဲ့လဲ့နှစ်စဉ်........လယ်ကွင်းတွေက တမျှော်.......တခေါ်  စိုပြေလွင်........ရိပ်သိမ်းချိန်
ဆိုပြန်လျှင်........၀င်းမှည့်ရွှေစင်အိလို့ပင်.....စပါးအနှံတွေနဲ့......အသီးတွေ.....သန်မြန်အောင်.......မြင်။။။
ဆရာမြို့မငြိမ်းရဲ့“လူချွန်လူကောင်း” သီးချင်းထဲမှ အစဆုံး အပိုဒ်ကို ကြားတိုင်း လွန်ခဲ့သော အတိတ်ကာလတွင်
ကျေးလက်ဇာတိရွာလေးမှ ကျွန်တော့် ဦးလေးဖြစ်သူ ပြောသော စကားများနှင့်....စိတ်ညစ်၍
ပိုးသတ်ဆေး သောက်ခဲ့သော်လည်း မသေသော မမိငွေကို ပြေးမြင်ကြားယောင်မိမြဲပင်..........။ 



                         (၁)
အသံတွေကြားနေရသည်။သဲ့သဲ့လေးကြားနေရသည်။ အိပ်မက်လား.....။မဟုတ်။။။။မျက်လုံးတို့က ကျိန်းစပ်စပ်..။ ခပ်မှိန်မှိန် အလင်းရောင်လေးကရှိနေသည်။
ကြားနေရသည့် စကားသံတွေက တိုးသွားလိုက်..။ကျယ်လာလိုက်....။
သေချာ နားစွင့်ကြည့်လိုက်တော့မှ...
“မြန်မြန်လုပ်.....ပေါက်ပြားနဲ့ ဓားတစ်ချောင်းယူခဲ့”
“ဟင်”
လက်မှ နာရီကို ညမီးနဲ့ ကြည့်လိုက်တော့ .ည၂နာရီ ထိုးပြီးလို့...ဆယ်မိနစ်။
ဒီအချိန်ကြီး ဘာတွေများ လုပ်နေပါလိမ့်။.....အတွေးနဲ့အတူ....အိပ်ရာမှ လူးလွန့်ပြီး ထလိုက်သည်။
“ဟာ အောင်ကျော် ဦးလေးတို့ အသံကြောင့် နိုးလာတာလား”
ဦးလေးက အသံ တိတ်တိတ်နှင့် အားနာစကားဆိုရှာသည်။။။
“မဟုတ်ဘူး ဦးလေး.......ကျွန်တော် နိုးနေတာ ကြာပြီ။...ဒီအချိန်ကြီး ဘယ်သွားမလို့လဲဗျ”
ကျွန်တော့် မုသားစကားကို ဦးလေးက မယုံသလို တစ်ချက်ကြည့်ရင်း
“မိုးရွာတယ်လေကွာ...စပါးခင်း ရေသွားဖောက်ရမယ်၊......တော်နေ ကန်သင်းတွေ ကျိုးကုန်ရင် စပါးမအောင်ပဲ
နေလိမ့်မယ်....”
ဦးလေးပြောမှ အိမ်ရှေ့ဘက် လှမ်းကြည့်လိုက်မိသည်။။။။။ဟုတ်သား။  အိမ်ရှေ့နား နိမ့်သည့် အပိုင်းများတွင်
မိုးရေများ ဖွေးနေသည်။။။။စဉ်းစားကြည့်မှ ကိုယ့်ကိုယ်ကို တော်တော် အိပ်မောကျသွားမှန်း သတိယလိုက်သည်။
မိုးရွာသည်ပင် မသိလိုက်။ အင်းလေ.။ခရီးက ပန်းလာသကိုး။။။။ရန်ကုန်ကနေ ရထားနဲ့ မန္တလေး။
မန္တလေးကနေ ရွာကို နေ့ဝက်ခရီး ကားစီးခဲ့ရသေးသည်ဆိုတော့.....ပန်းပြီပေါ့။
“ကျွန်တော်ရော လိုက်မယ်ဗျာ ”
ကျွန်တော့်စကားကို ဦးလေးက “ဟေ” ဟု အံသြဘနန်း တုံ့ပြန်ရင်း
“မင်း ခရီးပန်းလာတာ အနားယူပါကွာ.....ဒါက မင်းတို့ မြို့မှာလို နုနုလေး လုပ်ရတာမဟုတ်ဘူး။ ပြီးတော့
ညကြီး အချိန်မတော်ကြီး”
“ရပါတယ်ဗျာ ။ဦးလေးတို့တောင် သွားသေးတာပဲ”
ပြောပြောဆိုဆို လက်ရှည်အင်္ကျီ တစ်ထည်ကောက်ဝတ်ရင်း လိုက်မယ်ဟန်ပြင်လိုက်သည်။
ငယ်စဉ်ကတည်းက သူ့တူ ကျွန်တော် ခေါင်းမာတတ်တာ သိနေသူမို့ထင့်။ဦးလေးက ထူးထူးထွေထွေ
ဆက်မပြောတော့ပဲ “အေးလေ. ဒါဆိုလည်း လိုက်ခဲ့ပေါ့ကွာ။။”ဟု ပြောရင်း ကျွန်တော့်လက်ထဲသို့
သုံးခဲထိုး ဓာတ်မီး တစ်လက် ထည့်ပေးကာ ရှေ့မှာ ထွက်သည်။
ကျွန်တော်လည်း အနားတွင် အသင့်ရှိနေသော ဓားရှည် တစ်ချောင်း ဆွဲကာ ဦးလေးနောက်မှ လိုက်ထွက်လိုက်သည်။
“အားးးးးးးးးပါးးးးပါးးးးးးးးး”
မိုးရေထဲ ခြေထောက်အချတွင် “အေး” ကနဲ ခံစားမှုကြောင့်  နှုတ်မှ တစ်ချက် ယောင်၍ ထွက်သွားသည်။။။။။။။
အေးလိုက်သည့်ဖြစ်ခြင်းးးးးးးး။မတတ်နိုင်တော့။နှုတ်ဆော့ပြီး လိုက်ချင်တာကိုးးးး။“ခံလိုက်ကွ” ဟု
စိတ်ထဲမှ ကိုယ့်ကိုယ်ကို အော်လိုက်မိသည်။
လရောင် ကြယ်ရောင်မရှိ။အမှောင်အတိပြီးနေသော ညနက်နက်တွင်  ဦးလေးတို့သားအဖ နှစ်ယောက်နှင့် ကျွန်တော်  သုံးခဲထိုး ဓာတ်မီး ကိုယ်စီနဲ့ ရွံ့တွေ ဗွက်တွေထဲမှာ ခြေဗလာနဲ့ တောထွက်ခြင်းဖြစ်သည်။
ရှေ့ကလျှောက်သော သူတို့တော့ ဘယ်လိုနေမယ် မသိ။ကျွန်တော့် ခြေထောက်တွေတော့ ထူပူနေပြီ။
စပါးခင်းတွေဆီရောက်တော့ ရေ ဖောက်ချတန်တာဖောက်။ပိတ်သင့်တဲ့ “ကတွက်”ပိတ်။ဦးလေးပြောစကားအရ
ဒါက နောက်ဆုံးမိုး ဟု သိရသည်။ဒီ့နောက်ကျရင် ရွာဖို့မသေချာတော့ဘူုးတဲ့..။ဟင်းးးးး။ရန်ကုန်မိုးနဲ့များတော့ ကွာပါ့။. စူးလိုက်တဲ့
ဆူးတွေကလည်း ဘယ်နှစ်ချောင်းမှန်းပင် မသိတော့ ။ သို့သော်......ကိုယ့်စကားနဲ့ ကိုယ်မို့
ဘာမှတော့ မပြောသာ။အသာ အံကြိတ်လိုက်ရင်း သူတို့လုပ်တာသာ ကြည့်နေရသည်။
မနက် လင်းခါနီးတော့  အားလုံးပြီးသွားပြီ...။
“ကဲ......မင်းတို့ပြန်နှင့်.။ငါ ဟင်းသီး ဟင်းရွက်လေး လှည့်ခုးခဲ့အုံးမယ်”
ဦးလေးက ပြောပြောဆိုဆို ပုဆိုးကို တိုတိုပြင်ဝတ်ကာ ထွက်သွားသည်။
ကျွန်တော်နဲ့ မင်းနောင်(ဦးလေးသား)လည်း လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့ကြတော့သည်။။။။။။
ဦးလေးပြန်လာတော့ နေအတော်မြင့်ပြီ။။ခါးပုံစထဲမှ ဟင်းသီးဟင်းရွက်များကို စကော တစ်ချပ်ထဲ
ထည့်လိုက်တော့..။ပဲသီး..၊ကင်းမုံသီး၊ ပီလောရွက်၊ချဉ်ပေါက်ရွက်နှင့် ကျွန်တော်မသိသော အသီးအရွက်
တစ်ချို့ပင်ပါသည်။။။။။.
“တောမှာကတော့ မပျင်းရင် ဟင်းသီးဟင်းရွက် ချက်စရာကတော့ မရှားဘူးကွ၊အဲ့ ဆောင်းနှောင်း နွေပိုင်းဆိုရင်တော့ တစ်မျိုးပေါ့လေ”
ဦးလေးက ကျွန်တော့်ဘက်လှည့်ပြောပြီး ရေချိုးရန်ထွက်သွားတော့သည်။။။။

 (၂)
...................
“ဟဲ့ လာကြ ပါအုံးဟဲ့  ၊လာကြပါအုံး”
ဘေးအိမ်က စူးစူးဝါးဝါး အသံကြောင့်  မင်းနောင်နှင့် ကျွန်တော် “ဘာဖြစ်တာလဲ” ဟူသော အတွေးနှင့်
အပြေးသွားသည်။
“ဟင်”
မြင်လိုက်ရသော မြင်ကွင်းက မသက်သာ။ ဘေးအိမ်က မမိငွေ တစ်ယောက်  ဒေါ်ကြီးစော ရင်ခွင်ထက်မှာ
ဇတ်ကျိုးကျနေသည်။။။။။သူတို့ဘေးနားတွင်တော့.....မှောက်လဲကျနေသော “ဒန်နာဒင်” ပိုးသတ်ဆေးဗူး တစ်ဗူး။
“ဘယ်လိုဖြစ်တာလဲ ဒေါ်ကြီးစော”
“စိတ်ညစ်လို့တဲ့ တော်ရေ.......ကိုယ့်ကိုယ်ကို ပိုးသတ်ဆေး သောက်ပြီး အဆုံးစီရင်နေတာ”
မင်းနောင်၏ အမေးကို ဒေါ်ကြီးစောက စိတ်ပျက်လက်ပျက် ပြန်ဖြေရှာသည်။။။။။။
“ဟာ  ဒါဆို ဒီအတိုင်း ကြည့်နေလို့ ဘယ်ဖြစ်မလဲ၊ ဆရာမ သွားခေါ်လေ...မြန်မြန်၊ မြန်မြန်”
ကျွန်တော်က လောဆော်ပြောဆိုရင်း သတိလစ်နေသော မမိငွေကို အိမ်ထဲသို့ ပို့ရသည်။
ဆရာမ ရောက်လာတော့ အရင်ဆုံး သောက်ထားသော ဆေးတွေ အန်ထွက်အောင်လုပ်သည်။
ပါးစပ်ထဲက ညစ်ပုတ်ပုတ် အရည်များ ထွက်အပြီးမှာတော့ မမိငွေရဲ့ မျက်နှာ နည်းနည်းပြန်လန်းလာသလို
ထင်မိသည်။
“ကဲ ဆေးတိုက်ခဲ့မယ် ဒေါ်ကြီးစော ။ သတိရလာရင်လည်း ကျုပ်ကို လာခေါ်လှည့်အုံးနော်”
ပြောပြောဆိုဆို ဆရာမက ဆေးတိုက်ပေးခဲ့ပြီး ပြန်သွားသည်။။။။။။။
ဆရာမ ပြန်သွားပြီး တစ်နာရီ ကျော်ကျော်လောက်တွင်တော့ မမိငွေ သတိရလာသည်။
“ညည်းနှယ်အေ......ကိုယ့်ကိုယ်ကို ဒီလိုပဲ  လုပ်ရလား။အဖန်ငါးရာ ငါးကမ္ဘာဆိုတာ မသိဘူးလား”
ဒေါ်ကြီးစောက ကရုဏာဒေါသောနှင့် အပြစ်တင်စကားဆိုသည်။။။။။
မမိငွေက ဘာမှပြန်မပြော ။ရှိုက်၍သာ ငိုနေသည်။အတန်ကြာမှ
အရီးစောရယ်..ကျုပ်အဖြစ်ကိုလည်း ကြည့်ပါအုံး။ယောင်္ကျားက အမြဲ မူးရူးနေ ၊ကလေးတွေက တပြုံကြီးနဲ့၊
ဒီထဲ .ရှိတဲ့လယ်လေးကလည်း သူများလက်ထဲရောက်နေပြီ။ အကြွေးတွေကလည်း လည်ပင်း နစ်နေပြီ”
“ဟဲ့ .ညည်း အဲ့လိုလုပ်လိုက်တော့ ညည်းလယ်လေး ပြန်ရမှာလား၊ညည်းအေ....ကိုယ့်ကိုယ်ကို မငဲ့တောင်
သားသမီး မျက်နှာကို ငဲ့သင့်ပါတယ်”
“ကျုပ် ဘ၀ကိုက ဆိုးလွန်းပါတယ် အရီးရယ်”
မမိငွေက ပြောကာ ငိုနေသည်။။။။။။
“တောက် ..ဒီမိန်းက ဘာအဆန်းထွင်ပြန်တာလဲ။သေချင်တာလား သေချင်ရင်လာစမ်းပါ”
လူမမြင်ရသေး။အသံကအရင် အိမ်ဝိုင်းထဲ လွင့်ပျံလာသည်။ခဏနေတော့ ဒယီးဒယိုင်နဲ့ ၀င်လာသူက
မမိငွေ ယောင်္ကျား ကိုလှဦး။
“ဟဲ့ လှဦး နင် အေးအေးနေစမ်း”
“အာဗျာ...အရီးစော အသာနေစမ်းပါ ။အရီးစော တူမလုပ်ပုံ ဟုတ်သေးလို့လား ဟင်”
ကိုလှဦးပြောပုံက တရားကျဖို့တော့ အကောင်းသား။သူကကျတော့ အချိန်ပြည့် မူးနေပြီး သားသမီးတွေ
တပြုံကြီးနှင့် ရုန်းကန်ရသည့်ဒဏ် မခံနိုင်၍ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေသော
မိန်းမကိုကျတော့ အပြစ်ပြောမဆုံးတော့။
“ဖေကြီး တားအတွက်......ဘာမုန့်ပါရဲဟင်”
“ဟာာာာာာာာာာ....အရေးထဲ....ဒီသောက်ကောင်လေးကတစ်မျိုး။.သွားစမ်း ဝေးဝေးကို”
ကိုလှဦးက  အနားကပ်လာသော ကလေးကို ငေါက်ထုတ်လိုက်သည်။ငေါက်သံကြောင့် ကလေးက
“၀ါး” ကနဲ့ ငိုသည်။ဒါကိုပင် ကိုလှဦးက နားကြားပြင်း ကပ်သည်ထင့်။လက်ကပါ ရိုက်ရန် ရွယ်လိုက်သေးသည်။
“ကိုလှဦး ရှင့်ဟာက မလွန်လွန်းဘူးလား ”
လွန်တာ မလွန်တာတော့မသိ။မမိငွေစကားကို ကိုလှဦးက နားထဲဝင်သည် ဟုပင် အမှတ်ထားပုံမပေါ်။
ကလေးကိုသာ မဲနေသည်။
“ကိုလှဦး တော်ပါတော့ဗျာ။။။။။ကလေးမှာ အပြစ်ရှိတာလည်း မဟုတ်ပဲနဲ့”
“အောင်ကျော်......မင်းဘာသိလို့လဲ။ ဒီကောင်တွေက အလိုလိုက်ရင် လိုက်သလို ကန်းတတ်လာတာ၊မင်းဘာသာ
စာရေးစရာရှိရင် အသာရေးစမ်းပါကွာ”
ဝင်၍ တရားပြမိသော ကျွန်တော်သာမှားပါသည်။။။။။။ကိုလှဦးကတော့  ဒေါသကို ကလေးတွေပေါ်
ပုံထားဆဲ။ လင်မယားကြား မ၀င်လိုသည်က တစ်ကြောင်း မမိငွေလည်း သက်သာလာပြီ တစ်ကြောင်းမို့
ကျွန်တော် မင်းနောင်ကို အချက်ပေးပြီး အိမ်ဘက်ကိုသာ ပြန်လာခဲ့တော့သည်။။။။။။။။


(၃)
.................................................................
“ဦးလေးတို့ဟာက မလွယ်ပါဘူးဗျာ။ နေပူမရှောင် မိုးရွာမရှောင် လုပ်နေတာတောင်  စားရ သောက်ရရုံပဲ
ရတယ်”
“ဟကောင် အောင်ကျော်ရ မင်းစဉ်းစားကြည့်လေ။တောင်သူတွေဆိုတာ မိုးနဲ့အလုပ်လုပ်ရတာဟ။်မစိုက်ခင်လည်း  စိုက်ဖို့အတွက်
ထွက်ရ ယက်ရ၊ပျိုးရှာရနဲ့။အဲ့ အပင်လေးများ ဖြစ်လာပြန်တော့လည်း  ဆေးဖျန်းရ၊ပေါင်းသင်ရ နဲ့
ရင်းရပြန်တယ်။ဒီကြားထဲ ပိုးမနိုင်လို့ရှိရင် သွားရော။ဟော အပင်အောင်လို့မို့လည်း ၀မ်းမသာနဲ့ဦး၊
ရိပ်ဖို့ ၊သိမ်းဖို့ ရှိသေးတယ်။ရိပ်သိမ်းပြီး အိမ်ရောက်မှသာ ကိုယ့်ဟာလို့ ပြောနိုင်တာ။ဒါတောင်
ရိပ်တာ၊သိမ်းတာက လွယ်များမှတ်နေလား။ရိပ်မဲ့  သိမ်းမဲ့ရက် လူခေါ်လို့မရရင် အသီးတွေက အမှည့်လွန်
ပြီး  သိမ်းရခက်တတ်သေးတယ်။အဲ့ဒီ ရလာတာလေးကို ဟော ဆေးဖိုး၊ ပေါင်းသင်ဖိုး၊ ပျိုးဖိုး ပြန်နှုတ်၊နောက်နှစ်အတွက် ပျိုးအသစ်ချန်ပြီးမှ ကျန်တဲ့ဟာလေးကို စားနေရတာ”
ဦးလေးက ပြောရင်းမှ ရေနွေးကြမ်းတစ်ခွက်ကို သောက်လိုက်သည်။ပြီးမှ ဆက်၍
ဒီထဲက သာရေးဆိုလည်း ဒါလေးထဲကပဲ ။နာရေးဆိုလည်း ဒါလေးထဲကပဲ၊လှူရေး တန်းရေးကလည်း
ဒါလေးထဲကပဲဆိုတော့ ဘယ်မှာလာပြီး ချမ်းသာတော့မလဲကွာ၊ခုဆို မြေဆီလွှာတွေကလည်း အတော်ပွန်းနေပြီ။
ဟိုတုန်းကလို သီးနှံဖြစ်ထွန်းမှု မရှိတော့ဘူး”
အင်း။ဦးလေးပြောတာ သေချာစဉ်းစားကြည့်တော့လည်း ဟုတ်သလိုလို။သို့သော်...........ကျွန်တော်က
မကျေမနပ်နှင့် အတွန့်တတ်လိုက်သေးသည်။
“ဒါများ ဦးလေးရယ်......တောင်သူမလုပ်ပဲနဲ့ တစ်ခြားအလုပ်ပြောင်းလုပ်ပါလား၊မြို့တတ်ပြီးတော့ ဖြစ်ဖြစ်ပေါ့”
“ဟားဟား....ကျလည်းကျပါ့ ငါ့တူရာ၊မင်းလို စာရေးဆရာ တစ်ယောက်က မြို့မှာနေနိုင်ပေမယ့်၊ငါတို့လို
ယာထဲမှာ ကြီးလာတဲ့သူတွေက မြို့ပေါ်မှာမနေနိုင်ဘူးကွ။ဘာမှလည်း လုပ်တတ်တာ မဟုတ်ဘူး။

လုပ်တတ်သည်ထားဦး။ယာတောမှာ ကြီးလာတဲ့ ငါတို့ကတော့ ယာတောကို ချစ်တယ်၊ မချမ်းသာချင် နေပါစေကွာ၊ယာတောမှာပဲ အေးအေးချမ်းချမ်း နေချင်ပါတယ်”
“ခု မမိငွေလိုမျိုးကျတော့ ဘယ်နှယ်လုပ်မလဲ ဦးလေးရ”
“ငါ့တူရ ဒါက သူ့ယောင်္ကျား လှဦး အသုံးမကျလို့ ကွ”....
ဦးလေး စကားသံဆုံးတော့ ကျွန်တော် ဘာမှပြန်မပြောမိတော့။။။။အတွေးကထဲမှာတော့
မြေသြဇာက တစ်လှည့် ၊မမိငွေ မျက်နှာကတစ်လှည့် ၊ဒန်နာဒင် ပိုးသတ်ဆေးဗူးကတစ်လှည့်၊
ဦးလေးမျက်နှာကတစ်လှည့်၊ရွှေရောင် တ၀င်းဝင်းနဲ့ စပါးခင်းကြီးကတစ်လှည့်.။စိတ်ထဲတွင်တော့
တွေးမိသည်.။။မပြေလည်မှုတွေကြားမှာ မတောက်ပသောဘ၀တွေကို ဖြည့်ဆည်းဖို့ထက် ကျေနပ်နှစ်သိမ့်စွာ နေတတ်သော သူတို့တွေသည်....တံဆိပ်မလိုသော အက္ခရာလေးများ ပါလားဟု...။


(နိဂုံး)
ရှုမဆုံးတော့ပြီ.......စိမ်းလဲ့လဲ့နှစ်စဉ်.........လယ်ကွင်းတွေက တမျှော် တခေါ် .......စိုပြေလွင်.......
ရိပ်သိမ်းချိန်........ဆိုပြန်လျှင်.......၀င်းမှည့်ရွှေစင်........အိလို့ပင်......စပါးအနှံတွေနဲ့......
အသီးတွေ.....သန်မြန်အောင်...........မြင်.။။။။။။။။။
ဆရာမြို့မငြိမ်းရဲ့“လူချွန်လူကောင်း” သီးချင်းထဲမှ အစဆုံး အပိုဒ်ကို ကြားတိုင်း လွန်ခဲ့သော အတိတ်ကာလတွင်
ကျေးလက်ဇာတိရွာလေးမှ ကျွန်တော့် ဦးလေးဖြစ်သူ ပြောသော စကားများနှင့်....စိတ်ညစ်၍


ပိုးသတ်ဆေး သောက်ခဲ့သော်လည်း မသေသော မမိငွေကို ပြေးမြင်ကြားယောင်မိမြဲပင်......။







တခါက ကျေးတောရွာလေးမှ တောင်သူ ဦးကြီးများသို့.....။.......


ဆန္ဒမွန်ဖြင့်...............လွမ်းနောင်........။







No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။