Saturday 13 August 2011

အဆိပ်

မိုးကတော့ လုပ်ပြီ ။ တချိန်လုံး တိမ်စ တိမ်နတောင် မတွေ့ရပဲ ခုမှ ချက်ချင်းကို သည်းလာလိုက်တာ နောက်က ကျားလိုက်လာတဲ့အတိုင်းပဲ ။
ထီးဆောင်တတ်တဲ့ အကျင့်မရှိတာမို့ ထီးကလည်း ပါမလာပေ ။ လွယ်အိပ်ထဲမှာ စာအုပ်လေး သုံးအုပ်ပါတာမို့ နီးစပ်ရာ လ္ဘက်ရည်ဆိုင်တည်းကို ပြေးဝင်လာခဲ့လိုက်သည် ။ ခေါင်းပေါ်မှ မိုးရေတစ်ချို့ကို
သပ်ခါချလိုက်ပြီး လွတ်ရာ စားပွဲတစ်လုံးကို ၀င်ထိုင်လိုက်သည် ။
“ညီလေးရေ ဆေးလိပ်တစ်ပွဲနဲ့ လ္ဘက်သုပ် တစ်ပွဲပေးပါကွာ ”

မိုးအေးအေးမှာ ကျွန်တော်ကတော့ သူများတွေလို ကော်ဖီပူပူ ၊ လ္ဘက်ရည်ပူပူ မသောက်ချင်ပါ ။ ဆေးလိပ်လေးနဲ့ ၊ရေနွေးကြမ်းကျကျလေးနဲ့ လက်ဖက်သုပ်လေးကိုပဲ ကျွန်တော်ကြိုက်သည် ။ မှာတာတွေ
ရောက်လာတော့ ဆေးလိပ်တစ်လိပ်ကို အရင်မီးညှိလိုက်ပြီး တစ်ချက် ဖွာရိုက်လိုက်သည် ။
ပြီးမှ လွယ်အိပ်ထဲမှ စာအုပ်လေးတစ်အုပ်ထုပ်ပြီး ဖတ်ကြည့်သည် ။စာအုပ်က ကဗျာ လုံးချင်းစာအုပ်မို့
မိုးအေးအေးနဲ့ ဇိမ်ကို ကျနေသည် ။ဇရက်မင်း စည်းစိမ်ဆိုတာ ဒါမျိုးထင်ပါ့ ။မိုးကတော့ စဲမည့်ပုံ မပေါ်သေး။
လောရန်မလိုသည်မို့ အေးအေးဆေးဆေးပဲ ကိုယ့်ဖီးလ်နဲ့ကိုယ် ငြိမ့်နေလိုက်သည် ။
“ တောက်  အဲ့ဒါ တမင်လုပ်တာကွ ။ သိသိကြီးနဲ့ ဒီကောင် တမင်တကာ လုပ်တာ ”
နားထဲကို ဆောင့်ဝင်လာတဲ့ အသံကြောင့် စည်းစိမ်ပျက်သွားသည် ။ သို့ပေမယ့် စာသောက်ဆိုင်မှာမို့ ကျွန်တော့်အနေနဲ့ ပြောပိုင်ခွင့်မရှိ ။အသံလာရာ ၀ိုင်းကို တစေ့တစောင်း လှမ်းကြည့် အကဲခတ်လိုက်ရင်း
နားစွင့်နေလိုက်မိသည် ။ “မိုးအေးအေးမှာ ဘာကြောင့်များ ဒါလောက်ပေါက်ကွဲနေပါလိမ့် ” ဟုလည်း
တွေးနေမိသည် ။
စောစောက အသံထွက်လာသော ၀ိုင်းမှာ လူသုံးယောက် ထိုင်နေသည် ။တစ်ယောက်က ဗိုက်ပူပူ ခပ်၀၀ ။
ကျန်နှစ်ယောက်ကတော့ သာမာန် ကိုယ်နေဟန်နှင့်ပင် ။သို့ပေမယ့် တစ်ယောက်ကအသားအတော်ဖြူပြီး
ကျန်တစ်ယောက်ကတော့ ခပ်ပုပုပင် ဖြစ်ဟန်တူသည် ။ထိုင်နေကြရာမှာ ထိုသူက ကျန်နှစ်ယောက်ထက်
အတော်ပင် နိမ့်နေသည် ။စောစောက အသံထွက်လာသည်မှာ ထိုခပ်ပုပု လူရဲ့ထံမှ ဖြစ်ဟန်တူသည် ။
“ တောက် ငါ့တစ်သက်မှာ ဒါမျိုးတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး ။ ရာဇ၀င်ရိုင်းလိုက်တာ ”
အသားဖြူဖြူနှင့်လူက ပြောသည် ။ ကျွန်တော့်သိချင်စိတ်က ပိုပြင်းထန်လာသည်။ထို့ကြောင့် သူတို့ဘက်ကို ပို၍ အာရုံစိုက်နေမိသည် ။
“ဘာပဲဖြစ်ဖြစ် မင်းတို့ကို ယုံလို့ ငါအပ်ခဲ့တာကွာ ၊ ခုလို တိုက်ဖူးပြီးသား ကားကို ဘော်ဒီပြန်ထုပြီး
ရောင်းတာမျိုးတော့ ငါ ဘယ်လိုမှ မစီးချင်ဘူး ”
အော်.....။ လက်စသက်တော့ ကားကို “အင် ” ထုခံလိုက်ရတာကိုး။ လူတွေ အဲ့ဒါခက်တာပဲ ။
အစွဲအလမ်း သိပ်ကြီးကြသည် ။ တိုက်ဖူးပြီးသားတော့ ဘာဖြစ်လဲ ။စီးလို့ရရင် ပြီးရောပေါ့ ။
ရောင့်ကို မရောင့်ရဲနိုင်ကြဘူး ။ စိတ်ထဲကနေ ကိုယ့်ဘာသာ အတွေးပွါးနေမိသည် ။ သူတို့ကတော့
ပြောနေဆဲပင် ။ ကျွန်တော်ကသာ အတွေးတွေနောက် လိုက်နေမိသည် ။အမှန်ပြောရရင် တစ်ယောက်အပေါ် တစ်ယောက် ကျောတတ်တဲ့ “အင်” ထုတတ်တဲ့ စိတ်ဓာတ်ကို ကျွန်တော် အင်မတန်
မုန်းသည် ။ စစ်မှန်သော ရိုးသားသော စိတ်ဓာတ်တွေကို အရောင်ဆိုးသော “အင် ” ဆိုတာကြီးကိုလည်း
ကျွန်တော် မုန်းသည် ။
“ တူးတီး လမ်းလျှောက်မယ်ဟေ့ ”
အနားကနေ ဖြတ်သွားရင်း အော်လိုက်သော စားပွဲထိုးလေး အသံကြောင့် အတွေးလွန်နေရာမှ ကျွန်တော်
သတိပြန်ဝင်လာသည် ။ အပြင်ဘက်ကို လှမ်းကြည့်မိတော့ မိုးတောင် စဲသွားပြီ ...။
အင်း...။ သွားဦးမှ ဖြစ်မည် .။ဆက်ရန်ခရီးက ရှိသေးသည်..။

.................................................
                              (၂ )
“အဲ့ဒါ မင်းညံ့လို့ ဖြစ်တာကွ ၊ မင်းပြောတော့ စိန်ပွဲစား ဆို ၊စိန်နဲ့ပတ်သက်ရင် ကျွမ်းလှချေရဲ့၊ သိလှချေရဲ့ဆို ၊ ခုတော့ ဘယ်လိုလုပ်မလဲ ၊ ဒါနည်းနည်းနောနော ငွေမဟုတ်ဘူးကွ ”
အိမ်ပေါ်တတ်တတ်ခြင်း ကြားလိုက်ရသော အသံကြောင့် ကျွန်တော် တော်တော်စိတ်ပျက်သွားသည် ။
အိမ်ရှင် လင်မယား ရန်ဖြစ်နေကြခြင်းဖြစ်သည် ။ ယောင်္ကျားက သာမာန် ရုံးဝန်ထမ်း တစ်ဦးဖြစ်ပေမယ့်
မိန်းမက လည်လည်ဝယ်ဝယ် နှင့် စိန်ပွဲစား လုပ်သည်မို့ ပိုက်ဆံကတော့ အတော့်ကို ချမ်းသာသူများ ဖြစ်သည် ။ကျွန်တော့်ကိုတော့ ဦးလေးဖြစ်သူရဲ့ ကျေးဇူးကြောင့် သူတို့အိမ်လေးပေါ်မှာ ခေါ်တင်ထားခြင်း
ဖြစ်သည် ။ အမြဲတမ်း အေးအေးနေကြသူများမဟုတ် ။တစ်ခုမဟုတ် တစ်ခု စကားများနေတတ်သည် ။
သူတို့စကားများတိုင်းလည်း ကျွန်တော့်မှာ အမြဲစိတ်ညစ်ရသည် ။အိမ်ရှေ့ပူမှတော့ အိမ်နောက်ဖေးလည်း
စိတ်မချမ်းသာနိုင်တာ အမှန် ။ ခုလဲ ဖြစ်ပြန်ပြီ ..။ ဒီတစ်ခါ ယောင်္ကျားဖြစ်သူ အသံက တော်တော့ကို ကျယ်သည်။ ကျွန်တော် လှမ်းအကဲခတ်ကြည့်တော့ သူ့မျက်နှာတစ်ခုလုံးက ဒေါသကြောင့် နီမြန်းနေသည် ။
သူတို့ ရန်ဖြစ်တာ တွေ့ဖူးပေမယ့် ဒါလောက်ထိ ဒေါသထွက်တာကိုတော့ ကျွန်တော် မတွေ့ဖူးပါ ။
ပြဿနာက တော်တော်ကြီးပုံရသည် ။ မိန်းမဖြစ်သူကတော့ ခေါင်းကြီးငုံ့၍ တစ်ရှိုက်ရှိုက် ငိုနေသည် ။
“ ငိုမနေနဲ့ကွ ၊ ကျက်သရေ မရှိဘူး ။ ငိုနေလို့ ပြီးတာလည်း မဟုတ်ဘူး ။ဘယ်လိုလုပ်မယ်ဆိုတာ
စဉ်းစား ၊ တောက် ....ငါကွာ....”
“ဦးလေး ....တော်ပါတော့ဗျာ ။ ဘယ်လိုတွေဖြစ်လို့လဲ ”
မနေသာတော့ပြီမို့ ထုံးစံအတိုင်းပင် ကျွန်တော် ၀င်၍ တားရသည် ။
“ စဉ်းစားကြည့်စမ်းပါ ငါ့တူရာ.။.စိန်ပွဲစားကြီး ဒေါ်တင်မိ ဒီတစ်ခါ “အင် ” ထိသွားပြီလေ ။ခု သူဝယ်လိုက်တဲ့
စိန်တွေက အတုတွေ ဖြစ်နေတယ်လေ.။ ခု အဲ့ဒါကို ဘယ်လိုမှ သူမရှင်းတတ်တော့ဘုး ငါ့တူရ ။ဒီဟာတွေရဲ့ တန်ဖိုးက နည်းတာ မဟုတ်ဘူး ”
အိမ်ရှင်ဖြစ်သူရဲ့ အသံက နောက်ဆုံးတွင် ပျော့ကျသွားတာကို သတိထားမိသည် ။သူ့မျက်ဝန်းမှာလည်း
မျက်ရည်စအချို့ကို  တွေ့လိုက်ရသည် ။သူတို့ရဲ့အပူတွေကို ကြည့်ရင်း ကျွန်တော်ပင် ရင်ထဲ “နင့်” သွားမိသည် ။
စိန် “အတု ” ရောင်းသူကိုလည်း ကြားထဲကနေ ဒေါသဖြစ်မိသည်.။ ဘာဖြစ်လို့များ ဒါလောက် သူများကို
လိမ်လည်ချင်ရတာလဲ မသိဘူး ။ ကျွန်တော့် အတွေးထဲမှာလည်း အတုတွေက တသီကြီး ပေါ်လာသည် ။
တိုးတတ်လာသော ခေတ်ကြီးတွင် ၊ငွေအတု ၊ လေအတု ၊ဖိနပ်အတု ၊ ပတ်စပို့အတု၊ စိန်အတု၊ကားအတု၊
အို.....စုံပလိစိနေပါလား....။တသီကြီးမှ တကယ့်ကို တသီကြီး......။ ကျွန်တော့်ခေါင်းတွေပင်
နောက်ကျိကျိ ဖြစ်လာသည်...။

( ၃ )
“ တယ်....ဒီအဘိုးကြီးကတော့ အသက်ကဖြင့် ကျင်းနှုတ်ခမ်းဝ ရောက်နေပြီ ၊ နွားအို မျက်နုကြိုက်တဲ့စိတ်က
မပျောက်သေးဘူး ”
....................................................................
“ဗျိ ”
အစပျိုးထားသော စာလေးကို ပြန်ဖတ်ကြည့်ရင်း မကြိုက်သဖြင့် စာရွက်ကို ဆုတ်ဖြဲပစ်လိုက်သည်။
တိတ်ဆိတ်သော ညအမှောင်ကြားတွင် စာရွက်ဖြဲလိုက်သော အသံက တစ္ဆေညည်းသံအလား “ဗျိ” ကနဲ
ထွက်လာသည် ။စာရွက်ကို လုံးချေပြီး အမှိုက်ပုံးဆီသို့ လွှင့်ပစ်လိုက်သည်...။
ဒီနေ့မှ ခေါင်းကလည်း ဘာမှကို ထွက်မလာ .။ဖြစ်တော့မဖြစ်သေး .။ ဒီည တစ်ပုဒ်တော့ ရအောင်ရေးရမည်။ မနက်ဖြန်ပေးမည်ဟု မဂ္ဂဇင်း အယ်ဒီတာ တစ်ယောက်ကို ကတိပေးခဲ့ပြီးပြီ ။ မပြီးလို့တော့ မဖြစ် ။ ကိုယ်က ကတိပျက်ရာ ကျပေမည် ။ ဒီလိုတော့ ကျွန်တော် အဖြစ်မခံနိုင်ပါ ။ ကတိတစ်ခုကို လွယ်လွယ်နဲ့ မပေးတတ်သည်မို့ ကတိပျက်မှာကိုလည်း ကျွန်တော် ကြောက်သည်။ စာကလည်း “မု ” မ၀င်ရင် ရေးလို့ကို မရ ။ ဟိုဘက်က လှည့်တွေးကြည့် ၊ ဒီဘက်က လှည့်ရေးကြည့် ၊  စိတ်တိုင်းမကျ ။ ဆုတ်ဖြဲလိုက်သည့် စာရွက်တွေပင် အတော်များနေပြီ ။စိတ်ကလည်း နေ့လည်က ကိစ္စတွေဆီပဲ ရောက်နေသည် ။
အိမ်ရှင် ဦးလေးတို့လင်မယား စိန်ကိစ္စကို ဘယ်လို ဖြေရှင်းမှာပါလိမ့် ။ ဟို..ကားပွဲစားတွေကရော....
ကားပိုင်ရှင်ကို ဘယ်လိုဖြေရှင်းပေးမှာပါလိမ့်......။စဉ်းစားရင်းနဲ့ ကျွန်တော့် ခေါင်းထဲကို ကျွန်တော့်အတွက်
ထိပ်လန့်ဖွယ်ရာ အတွေးတစ်ခု ရောက်လာသည် ။ အတု လုပ်သည့်သူများကို ကျွန်တော် “မုန်းသည် ” ဟု
ဆိုခဲ့သည် ။ ယခု ကျွန်တော် ကိုယ်တိုင်ကရော.............။
တချိန်က နာမည်ကျော် အဆိုတော် တစ်ဦးက နာမည်ကျော် စာရေးဆရာတစ်ဦးကို ပြောခဲ့ဖုးသော
စကားလေးကို ပြန်သတိရမိသည် ။
“တစ်ချို့က အသိမ်းအဆည်းမတတ်လို့ လျော့သွားတယ် ။ဒါမှမဟုတ် ပျောက်သွားတယ် ။အဲ့ဒီလိုဖြစ်ခဲ့ရင်
အဲ့ဒီဝေဒနာကို အကြောင်းပြုပြီး မင်း..အနုပညာ ပစ္စည်း မထုပ်လုပ်နဲ့။ လျော့...ပျောက်သွားတဲ့ ဝေဒနာကို
အကြောင်းခံပြီး အနုပညာ လုပ်လိုက်ရင်...မင်း သစ္စာမဲ့ရာ ကျသွားမယ် “အင် ” ထုရာ ရောက်သွားမယ်ပေါ့ကွာ ” ......တဲ့ ။
ထိုစကားကို သတိရမိသည်နှင့် တပြိုင်တည်းပင် “အင် ” ထုသော၊ အတုလုပ်သော သူများကို မုန်းသည်ဆိုသော ကျွန်တော်သည် ....ရေးမရသော စာတစ်ပုဒ်ကို ကတိတစ်ခုအတွက်နဲ့ အတင်း ဖျစ်ညှစ်ရေးဖို့ ကြံစည်နေသည်မှာ .အနုပညာကို “အင် ” ထုရာ ရောက်နေပြီ ......ဟု.......အထိပ်တလန့် တွေးမိလိုက်သည် ။
ကျွန်တော် စာအုပ်လေးကို ပိတ်လိုက်သည်.။ တော်ပါပြီ......။ရင်ထဲက အလိုအလျောက် ထွက်ကျလာတာ
မဟုတ်သော စာတစ်ပုဒ်ဆိုသည်မှာ အလွဲတွေ၊ အမှားတွေ တသီကြီး ပါလာတတ်သည် ။အဲ့ဒီ အလွဲတွေ တသီကြီးပါတဲ့စာကို စာဖတ်သူများ ဖတ်လိုက်ရရင် သူတို့ရဲ့ နားထဲ ၊ အတွေးတွေထဲမှာ ဒီစာက
“အဆိပ် ” ဖြစ်သွားနိုင်သည် ။ ပါးစပ်ထဲကို ထည့်သော အဆိပ်က ထည့်ခံရသူ တစ်ဦးကိုသာ သေစေနိုင်ပေမယ့် .. နားထဲကို ၊အတွေးထဲကို ထည့်လိုက်တဲ့ “အဆိပ်” ကတော့ ထည့်ခံသူရဲ့ ပတ်ဝန်းကျင်၊
ထည့်ခံရသူရဲ့ နိုင်ငံ တစ်ခုလုံးပါ ပျက်စီး စေနိုင်သည် ။ ကတိတစ်ခု အတွက်နဲ့တော့ စာဖတ်သူများရဲ့ နားထဲ ၊အတွေးထဲကို “အဆိပ် ” တွေ ထည့်မပေးချင်တော့ပြီ ။မီးလေးကို အသာပိတ်ရင်း.....
အိပ်ယာပေါ်ကို ကျွန်တော် လှဲချလိုက်မိပါတော့သည်.......။


မှတ်ချက် ။။။။။။။။။။ နာမည်ကြီးအဆိုတော် ဆိုသည်မှာ စန္ဒရား(ဦး)ချစ်ဆွေဖြစ်ပြီး ၊နာမည်ကျော် စာရေးဆရာဆိုသည်မှာ ဆရာချစ်ဦးဖြစ်ပါသည်...။

ကြိုးစားပါဦးမည်.....။
ဆန္ဒမွန်ဖြင့်............လွမ်းနောင်...။





No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။