Saturday 13 August 2011

ထမင်းဝိုင်းပေါ်မှ ကလောင်တစ်ချောင်း၏ ရာဇ၀င်

ဧည့်ပရိတ်သက်တွေက အတော်ပင် စုံလင်နေပြီ။ တစ်ချို့ကလည်း အကောင်းစား အ၀တ်တွေနဲ့။
တစ်ချို့ကလည်း တိုက်ပုံကို ဟန်ပါပါ ၀တ်ထားကြသည်။တူညီတဲ့ အချက်တစ်ခုကတော့ အားလုံးလိုလိုရဲ့
ရင်ဘက်ပေါ်က အိပ်ကပ်မှာ ဖောင်တိန်လေးတွေ ကိုယ်စီရှိနေတာပဲ။ တဒိတ်ဒိတ်ခုန်နေတဲ့ ရင်နဲ့အတူ
ကိုထွန်းအောင် ချောင်ခပ်ကျကျ စားပွဲလေးမှာ ၀င်ထိုင်လိုက်သည်။ မျှော်လင့်ခြင်းတွေက အသိဥာဏ်ကို စိုးမိုးနေသည်။သေချာသလောက်လည်း ရှိနေပြီမို့ အနည်းငယ်တော့ စိတ်အေးရပြန်သည်။ ဖန်ခွက်သံ၊စကားပြောသံ၊ဇွန်းသံ၊ခက်ရင်းသံများက ခန်းမတစ်ခုလုံးကို ညံစီနေသည်။
ကိုထွန်းအောင် ရှေ့မှ အသားဖက် တစ်ခုကို တူနှင့် ညှပ်ယူကာ ပါးစပ်ထဲ ထည့်လိုက်ရင်း အိမ်က မယ်ငြိမ်း၏
မျက်နှာကို ပြေးမြင်မိသည်။ ခုချိန်ဆိုရင် မယ်ငြိမ်းတစ်ယောက် တဲကုတ်နောက်ဖေးမှာ မီးမွှေးပြီး ရှိသမျှ
အသီးအရွက်လေးတွေကို လေးယောက်သော မိသားစု ၀မ်းမီးငြိမ်းစေဖို့ ဟင်းအိုးလေး တည်နေရော့မည်။

“ကိုထွန်းအောင် ရှင် ဆုရခဲ့ရင် အပြန်ကျ လမ်းထိပ်က ဆန်ဝယ်ခဲ့အုံးနော်။သောက်လည်း မလာခဲ့နဲ့ဦး ။
တော့်သားနှစ်ယောက်က ရှေ့လဆိုရင် ကျောင်းအပ်ရတော့မှာ”
မယ်ငြိမ်း၏ စကားသံက နားထဲတွင် ရိုက်ခက်လာသည်။တကယ်တော့ မယ်ငြိမ်းသည် ကိုထွန်းအောင် အပေါ် ဇနီးကောင်းတစ်ယောက်ရဲ့တာဝန် ကျေပွန်ခဲ့ပါသည်။ ညားပြီးသည့်အချိန်မှ စပြီး လင်မယားနှစ်ယောက်
မရှိအတူ ရှိအတူ ရုန်းကန်ခဲ့တာ သားနှစ်ယောက်ပင် ထွန်းပေါက်ခဲ့ပြီးပြီလေ။မှတ်မိသေးသည်။ မယ်ငြိမ်းနဲ့ စတွေ့ခဲ့သော နယ်မြို့လေးတစ်ခုမှ တစ်ခုသော နွေရာသီလေးကိုပေါ့လေ။


ထိုစဉ်က ကိုထွန်းအောင် အသက်က ၂၇နှစ်။တာဝန်နဲ့ နယ်မြို့လေးကို ရောက်နေတာ။ ဒီနယ်က လူတွေက စာပေ၀ါသနာကြီးတယ်။ ကိုထွန်းအောင်ကလည်း စာသိပ်ဖတ်တဲ့သူ။ နောက် ၀တ္ထုတိုလေးတွေလည်း ဖြောက်စိပ် ဖြောက်စိပ်ရေးတယ်။
“ကိုထွန်းအောင် ဗျို့........ကိုထွန်းအောင် ”
အသံနှင့် အတူ အိမ်ထဲကို လူတစ်ယောက် လှမ်းဝင်လာတယ်။

“ဟာ ဥက္ကဋ္ဌကြီးပါလား ။ လာဗျာ ဘာကိစ္စ အထူးရှိလို့လဲ”
ဝင်လာသူက မြို့နယ် ဥက္ကဋ္ဌကြီး ဦးအောင်စိန်။ဦးအောင်စိန်က အိမ်ထဲသို့ဝင်ထိုင်းရင်း
“ဒီလိုဗျာ။။။။။။ကျုပ်တို့မြို့နယ်လေးက နှစ်တိုင်းလိုလို လူငယ်တွေကို “ကဗျာပြိုင်ပွဲ” လုပ်ပေးတာ ခင်ဗျားသိပြီးရောပေါ့”။ နှစ်တိုင်း ဒိုင်ဦးစီးလုပ်နေတဲ့ စာရေးဆရာကြီးကလည်း ပြောင်းသွားပြီဗျာ။
အဲ့ဒါ ဒီနှစ်လုပ်မဲ့ ကဗျာ ပြိုင်ပွဲမှာ ခင်ဗျားကို ဒိုင်ဦးစီးချုပ်အဖြစ် လုပ်ပေးပါလို့ အကူအညီတောင်းချင်လို့ပါ။
ခင်ဗျားကလည်း စာစုံဖတ်တဲ့လူလေ။ဒါကြောင့် အကူအညီလာတောင်းတာပါ။ဖြစ်နိုင်မယ်ဆိုရင် လက္ခံပေးပါဗျာ”
ဦးအောင်စိန် စကားဆုံးတော့ ကိုထွန်းအောင် စဉ်းစားရတော့သည်။ မိမိက စာစုံဖတ်တာတော့ ဟုတ်သည်။
သို့သော်. တာဝန်ကကြီးသည်။ လူငယ်လေးတွေကို လုပ်ပေးတာဆိုပေမယ့် ဆုံးဖြတ်ချက် မှားလို့မရ။
“လုပ်ပါဗျာ။ လက်ခံပေးပါ”
ဥက္ကဋ္ဌကြီး လောဆော်မှုကို အတန်ကြာအောင် စဉ်းစားပြီးမှ
“ကောင်းပြီလေ၊ ဥက္ကဋ္ဌကြီးတို့ကလည်း ကျွန်တော့်ကို ယုံကြည်အားကိုးပြီး လာတယ်ဆိုတော့ ကျွန်တော်ကလည်း ကျွန်တော် တတ်နိုင်တဲ့ဘက်ကနေ ကူညီ အားဖြည့်ပေးပါ့မယ်။အဲ့။
ပြိုင်ပွဲရဲ့ပုံစံလေးတွေကိုတော့ ပြောပြအုံးပေါ့”
ထို့နောက်တွင်တော့ ဦးအောင်စိန်ပြောပြသော စည်းကမ်း၊ပုံစံများကို စိတ်ထဲကသေချာမှတ်ထားလိုက်ရင်း
ကိုယ့်ဘက်က ပြင်ဆင် လုပ်ဆောင်ရမည့်အချက်များကိုပါ စဉ်းစားထားလိုက်သည်။

[..]

ခေါင်းတခုလုံးပင် မူးနောက်နောက်ဖြစ်လာပြီ။ဖတ်နေတာဘယ်နှစ်ကြိမ်မှန်းမသိ။။။။။
တစ်ခါမှ မလုပ်ဖူးပေမယ့် ကိုထွန်းအောင် အတွက်ကတော့
ဇကာတင် ကဗျာငါးပုဒ်ကို စီစစ်ရာမှာ အခက်အခဲမရှိပါဘူးဟု ယုံကြည်ထားမိသည်။
ခုတော့ ခက်နေပြီ။နှစ်ပုဒ်ကိုတော့ ပယ်ပြီးသွားပြီ။ ကျန်တဲ့သုံးပုဒ်ကို ဖတ်ရာမှာ ကိုထွန်းအောင် တော်တော်
ကသိကအောက်ဖြစ်နေသည်။ဘယ်ဟာကို ပထမပေးရမည်နည်း။သုံးပုဒ်လုံးက လင်္ကာဖွဲ့နွဲ့မှု၊ကဗျာ၏အာဘော်
အားလုံးကောင်းနေသည်။အခေါက်ခေါက် အခါခါ ပြန်ဖတ်ပေမယ့် ကိုထွန်းအောင် ဆုံးဖြတ်ချက်ကို
ပီပီပြင်ပြင် မချနိုင်သေး။
“ဟာ”
လက်ကနဲ အတွေး တစ်ခုက ခေါင်းထဲပြေးဝင်လာသည်။ သူ့လက်ထဲက ကဗျာတစ်ပုဒ်ကို
တစ်ခေါက်ပြန်ဖတ်ကြည့်သည်။အမှန်ဆိုရလျှင် ဒီကဗျာလေးကို ကိုထွန်းအောင် တော်တော်ကြိုက်နေသည်။
စကားလုံးသုံးပုံ။ကဗျာရစ်သမ် အားလုံးက ကျန်တဲ့နှစ်ပုဒ်ထက် နည်းနည်းပိုသည်ဟု ထင်သည်။
ဒါပေမယ့် ........ကိုထွန်းအောင် သံသယ ၀င်နေတာက ဒီကဗျာရဲ့ အာဘော်ပဲ။
ဒီအာဘော်ကို တစ်နေရာရာမှာ တွေ့ဖူးတယ်လို့ စိတ်ထဲထင်နေတာ။ခုတော့သိပြီ။နာမည်ကျော် စာရေးဆရာ
ကြီးတစ်ယောက်ရေးသော ကဗျာရဲ့ အာဘော်နှင့် အတူတူဖြစ်နေခြင်းဖြစ်သည်။ရေးဟန်ပြောင်းထားခြင်းသာ
ဖြစ်သည်။သို့ပေမယ့် သူရေးထားပုံလေးက လှတော့လှသည်။မသိသာ။
“ဟူးးးးးးးးးးးးးးးးးးးးးး”
သက်ပြင်းမော တချက်ချရင်း ခုမှပင် စိတ်ထဲအေးသွားတော့သည်။
ဆုငြေငြာတဲ့နေ့ကိုတော့ ကိုထွန်းအောင် ဘယ်တော့မှ မေ့မည်မဟုတ်။...။
ထိုနေ့က ဆုမရသဖြင့် ခေါင်းငိုင်စိုက်ကျသွားတဲ့ ကဗျာဆရာလေးကို ကိုထွန်းအောင် အိမ်သို့ခေါ်ပြီး...
စကားပြောဖြစ်သည်။
“ငါ့ညီရေးတဲ့ ကဗျာက အတော်ကို ကောင်းမွန်ပါတယ်။ဒါပေမယ့် အစ်ကို သံသဖြစ်မိလို့ အဲ့ဒီကဗျာကို
မရွေးချယ်ခဲ့တာ။ငါ့ညီကဗျာက တချိန်က နာမည်ကြီး စာရေးဆရာကြီး တစ်ယောက်ရဲ့ ကဗျာနဲ့
တော်တော်လေး တူနေတယ်”
လူငယ်လေးက ခေါင်းငိုင်စိုက်ကျနေပြီ။မတတ်နိုင် ပြောသင့်တာကိုတော့ ပြောရမည်လေ........။
“ဟုတ်ပါတယ်ဗျာ။ ကျွန်တော် ဆုရချင်စိတ်နဲ့ မဂ္ဂဇင်းဟောင်းထဲက ဆရာကြီး တစ်ယောက်ရဲ့ ကဗျာကို
ရေးဟန်ပြောင်ထားတာပါ။ဘာပဲပြောပြော ကျွန်တော် ဒါ့အတွက် နောင်တရမိပါတယ်”
ဒီလိုဆိုတော့လည်း ဒီကောင်လေး မဆိုးပါလား ဟု ကိုထွန်းအောင်တွေးမိသည်။

“အေး အမှားကို အမှားမှန်းသိလို့ ၀န်ခံတဲ့ မင်းစိတ်ဓာတ်ကိုတော့ ကြိုက်တယ်ကွာ။မှတ်ထားကွ ။
လူဆိုတာ အသက်ရှင်ဖို့အတွက် ထမင်းစားတာပဲ ဖြစ်ရမယ်။ ထမင်းစားဖို့အတွက် အသက်ရှင်နေတာမျိုး
ဘယ်တော့မှ မဖြစ်စေနဲ့”
လူငယ်လေးက ခေါင်းငုံ့လျှက် မှ
“ဟုတ်ကဲ့ပါအစ်ကို ကျွန်တော် မှတ်ထားပါ့မယ်” ဟုဆိုရှာသည်။နောက်တော့ ကိုထွန်းအောင် အိမ်ဘေးမှ မယ်ငြိမ်းနှင့်
အကြောင်းပါခဲ့သည်။ငါးနှစ်ခန့်နေပြီးနောက် ကိုထွန်းအောင် တာဝန်ဖြင့်ပင် ဒီမြို့လေးကို ပြောင်းလာရခြင်းဖြစ်သည်။

“ကြွရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။ဒီနေ့ ကျွန်တော်
တို့မြို့နယ်လေးရဲ့တစ်ခုတည်းသော မဂ္ဂဇင်းဖြစ်တဲ့
“ရသစုံ”  မဂ္ဂဇင်းကြီးရဲ့ ပြိုင်ပွဲဝင် ဆုရ၀တ္ထုတိုများကို ကြေငြာပါတော့မယ်ခင်ဗျာ”

ဟိန်းထွက်လာသောကြေငြာသံကြောင့် ကိုထွန်းအောင် အတွေးလွန်နေရာမှ သတိပြန်ဝင်လာသည်။
အသက်၃၀ခန့် လူရွယ် တစ်ယောက် စင်ပေါ်တွင်နေရာယူထားသည်။
“ကျွန်တော်တို့ စာပေလောကမှာ ယခုဆိုရင် စာရေးဆရာတွေကို အမျိုးသားစာပေဆု၊ပခုက္ကူ ဦးအုံးဖေဆု၊ ရွှေအမြုတေဆု၊
စတဲ့ ဆုပေါင်းစုံတွေပေးကြပါတယ်။အဲ့ဒါကို အားကျပြီး ကျွန်တော်တို့ မြို့လေးက တစ်ခုတည်းသော မဂ္ဂဇင်းကြီး
ဖြစ်တဲ့ “.ရသစုံ” မဂ္ဂဇင်းကနေပြီးတော့ ဦးစီးပြီး နှစ်ပြည့် ၀တ္ထုတိုပြိုင်ပွဲ လုပ်လာခဲ့တာ ခုဆိုရင် သုံးကြိမ်မြောက်
ရောက်ခဲ့ပါပြီ။ဒီနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် စုစုပေါင်း ၂၇ယောက်ရှိခဲ့ပါတယ်။။။။အဲ့ဒီထဲကနေပြီး ပထမ၊ဒုတိယ၊
တတိယ ဆိုပြီး ဆုသုံးဆုရွေးချယ် ကြေငြာပါမယ်ခင်ဗျာ”

ပရိတ်သတ်က ငြိမ်ကျသွားသည်။အားလုံးရဲ့အာရုံက စင်ပေါ်က လူရွယ့်ထံမှာစုနေသည်။
လူရွယ်က ပြိုင်ပွဲဝင်စာမူများမှာ ၊မှီးငြမ်းထားခြင်း မဖြစ်စေရ၊ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ရမည်၊စသော
ြ့ပိုင်ပွဲဝင် စည်းကမ်းများကို ပါပြန်လည်ဖတ်ကြားပြီး......

“ဒီလိုစည်းကမ်းတွေ သတ်မှတ်ပေးရတာကတော့ ပြိုင်ပွဲဝင် စာရေးဆရာ၊ကလောင်ရှင် အားလုံးကို ရိုးသားမှု
ရှိစေချင်လို့ပါ။စာပေနယ်မှာ ရိုးသားမှုက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာ စာရေးဆရာ၊ကလောင်ရှင် အားလုံးသိပြီးသားပါ။ အဲ့...။စာရေးဆရာ တစ်ယောက်က မရိုးသားတော့ဘုးဆိုရင်တော့ သူ့စာတွေကို
ဖတ်ရတဲ့၊သူ့ကိုလေးစားတဲ့ စာဖတ်သူတွေဟာ အလွန်ပဲနစ်နာပါတယ်ခင်ဗျာ”

ကိုထွန်းအောင် ရင်ခုန်လာသည်။ဘေးပတ်ဝန်းကျင်ကိုလည်း မသိမသာ အကဲခတ်ကြည့်လိုက်သည်။
အားလုံးကတော့ စင်ပေါ်ကိုသာ မျက်နှာမူပြီး အာရုံရောက်နေသည်။
ပထမဦးစွာ လူရွယ်က တတိယဆုရ စာရေးဆရာ နာမည်ကို ကြေငြာသည်။
“ဟေးးးး” ဟု အော်သံနှင့် အတူ စင်၏ ညာဘက်ထောင့်နားမှ စာရေးဆရာများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ထို့နောက် တတိယဆုရစာမူအား ဘာကြောင့် ဆုပေးရတယ်၊ဘယ်လိုကောင်းတယ် စသော
သုံးသပ်ချက်များကို ဖတ်ကြားပေးသည်။ထို့နောက် ဒုတိယဆုရ စာရေးဆရာ၏ နာမည်ကိုကြေငြာသည်။
ကိုထွန်းအောင်၏ ရှေ့နား မလှမ်းမကမ်းမှ စာရေးဆရာတစ်ယောက် ၀မ်းသားအားရ ထအော်သည်။
ဒုတိယဆုရ စာမူ သုံးသပ်ချက်များ ဖတ်ကြားပြီးသည့်နောက်တော့......
“အခုဆိုရင် အကောင်းဆုံး ၀တ္ထုတိုဆုကို ကြေငြာပါတော့မယ်ခင်ဗျာ”

ပြောပြော ဆိုဆို လူရွယ်က စာအိပ်ကို ဖွင့်ဖောက်လိုက်သည်..။။ပရိတ်သတ်က လှုပ်လှုပ်ရွရွဖြစ်နေသည်။..။ကိုထွန်းအောင်လည်း ရင်တော်တော် ခုန်နေပြီ။
“ရသစုံ.” မဂ္ဂဇင်းကြီးရဲ့  အကောင်းဆုံးဝတ္ထုတိုဆု............”
ဆုကြေငြာသူက ဆက်မကြေငြာသေးပဲ ပရိတ်သတ်ကို တချက် အကဲခတ်သလို လှမ်းကြည့်သည်။ပရိတ်သက်ကတော့
သူ့နှုတ်ဖျားက ထွက်လာမည့် ကြေငြာသံကိုသာ နားစွင့်နေကြသည်။
“တိမ်ညိုတို့ ပျယ်လွင့်ချိန်” ၀တ္ထုကိုရေးသားသူ ဆရာ “တမာတော ထွန်းအောင် ”ဖြစ်ပါတယ်ခင်ဗျာ”
“ဝေးးးးးးး”
ကိုထွန်းအောင်နှင့် တ၀ိုင်းထဲ ထိုင်နေသော စာရေးသူများ စာပေ၀ါသနာရှင်များက ၀မ်းသာအားရ ထအော်ရင်း ကိုထွန်းအောင်ကို
ပွေ့ဖက် ဂုဏ်ပြုကြသည်။
ဆက်လက်ပြီး ဆုကြေငြာသူက အကောင်းဆုံးဝတ္ထုတို သုံးသပ်ချက်များကို ဖတ်ကြားပေးသည်။
“ဆရာဟာ ဒီဝတ္ထုမှာ သူ့ရဲ့ ဇာတ်ကောင် ကိုထွန်းရွှေရဲ့ ရိုးသားမှုကို ပုံဖော်ရာမှာ အလွန်ပိရိသေသပ်ပါတယ်။ပေးချင်တဲ့
မက်ဆေ့ကိုလည်း
ပရိတ်သက်ဆီရောက်အောင်ပို့နိုင်ပါတယ်”
ဝိုင်းဝန်း ဂုဏ်ပြုသူတွေ ကြားမှာ ကိုထွန်းအောင် ချွေးစေးများပြန်နေသည်။သုံးသပ်ချက် ဖတ်နေသော
လူရွယ်၏ စကားများက ကိုထွန်းအောင်ရင်ကို အပ်ဖြင့် ထိုးဆွနေသယောင်။ဆုကို လက္ခံယူဖို့ တွန့်ဆုတ်နေမိသည်။
“ဖျပ်” ကနဲ မယ်ငြိမ်း၏ မျက်နှာက ပေါ်လာပြန်သည်။အတော်နွမ်းနေပြီ ဖြစ်တဲ့
သားနှစ်ယောက်ရဲ့ ကျောင်းဝတ်စုံလေးတွေက ကိုထွန်းအောင် အတွေးထဲမှာ စီရရီ။
ပါချင်ပြု ဆီဖြင့် ချက်ထားသော အိမ်က ညစ်ထည်ထည် ပန်းကန်းအတွင်းမှ ဟင်းခွက်။
ပျံ့လွင့်နေသော စိတ်ကို ထိမ်းချုပ်ရင်း ကိုထွန်းအောင် ဆုကို လက္ခံယူခဲ့သည်။


တကယ်ဆို ပျော်သင့်သည်ဖြစ်သော်လည်း ကိုထွန်းအောင် ရင်ထဲ တစ်ဆို့ဆို့ကြီး ခံစားနေရသည်။
ဒီနေ့အကောင်းဆုံးဆုရခဲ့သော ၀တ္ထုတိုမှာ တချိန်က လူငယ်လေးတစ်ယောက် ရေးပြီး မိမိအား လာပြသဖြင့်
သိမ်းဆည်းထားသော ၀တ္ထုလေးကို ပြင်ဆင်ရေးသားထားသော ၀တ္ထုတပုဒ်ဖြစ်တယ်ဆိုတာ ကိုထွန်းအောင်သာ အသိဆုံး။
ဒီဝတ္ထုလေးကို ဘယ်လိုစိတ်ကူးနဲ့ ရေးဖြစ်တယ်ဆိုသော မေးခွန်းကို မေးတော့ ကိုထွန်းအောင်အဖြေက မရေမရာ။
အိမ်ရောက်တော့ ဆုအဖြစ် ရလာသော ပိုက်ဆံများကို မယ်ငြိမ်းအားပေးတော့
“ကိုထွန်းအောင် နေမကောင်းဘူးလား ။မျက်နှာက မှိုင်တွေတွေနဲ့”
ဟု မယ်ငြိမ်းကပင် မေးနေသေးသည်။သောက်မလာသဖြင့် မယ်ငြိမ်း စိတ်ကျေနပ်မည်ဟု ထင်သည်။
မယ်ငြိမ်းကို ခေါင်းယမ်း အဖြေပေးရင် မိမိစားရေးရာနေရာလေးသို့  တန်းဝင်လာခဲ့မိသည်။
အပေါ်က အင်္ကျီကို ချွတ်ကာ တိုင်မှာ ချိတ်ထားလိုက်ပြီး ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ ထို့နောက်
ကြမ်းပြင်ပေါ် ပက်လက် လှန်ချလိုက်သည်။အတွေးတို့က ယောက်ယက်ခက်လျှက် ရှိနေသည်။
သူ့အင်္ကျီထဲမှ ဖောင်တိန်လေး နှစ်ချောင်းကိုလည်း စိတ်မလုံစွာ လှမ်းကြည့်မိလိုက်သည်။
“ကျန်တဲ့သူတွေကို မရှက်တောင် ကိုယ့်ကိုယ်ကိုတော့ ရှက်သင့်ပါတယ်။နောက်ပြီး ခင်ဗျား စေညွှန်ရာ တာဝန်ထမ်းဆောင်ရတဲ့
ကျုပ်တို့ “ကလောင်” လေးတွေကို ပိုပြီး ရှက်သင့်ပါတယ်”   ဟု ဖောင်တိန်လေးတွေက ပြောနေသယောင်။
တဆက်တည်းပင် မိမိသည် ထမင်းစားဖို့အတွက် အသက်ရှင်နေသူ ဖြစ်နေပါရောလားဟု ကိုထွန်းအောင်
အထိတ်တလန့် တွေးလိုက်မိပါတော့သည်။


ဆန္ဒမွန်ဖြင့်............လွမ်းနောင်။။။။။။။


No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။