Saturday 27 August 2011

သခွတ်ပန်းရဲ့ ချစ်ကြည်ရေး ရာဇ၀င်

ကမ္ဘာပေါ်မှာ အကြာဆုံး စစ်ပွဲကို ခင်ဗျား သိလား။ အင်းး။

ကျုပ်မေးလို့သာ မေးရတာပါဗျာ။ ခင်ဗျား သိမှာမဟုတ်ပါဘူး။ သြော်...ခင်ဗျားက သိတယ်လား။

ဆိုစမ်းပါဦး ဒါဆို။ ဘာဗျ၊ ခရူးဆိတ် စစ်ပွဲ ဟုတ်လား။ ကျူပ်ကတော့ ဗဟုသုတ နည်းတယ်ပဲ ပြောပြော

မကြားဖူးဘူးဗျ။သြော်......အင်းအင်း..။ခရစ်ယာန်နဲ့ အစ္စလာမ်နဲ့ ဖြစ်တဲ့ ဘာသာရေး စစ်ပွဲလား။

လုပ်စမ်းပါဦး ။ဘယ်လောက်လောက် ကြာပြီလဲဆိုတာကို ကျုပ် သိပ်စိတ်ဝင်စားတယ်။

နှစ်ပေါင်းလေးရာ ကျော်ပြီ ဟုတ်လား။ဟားဟား....။ ခင်ဗျားက သိပ်ရယ်စရာ ပြောတဲ့သူပဲဗျ။

ဟားဟား...။ ကျုပ်သိပ်သဘောကျတယ်ဗျာ။ဘာတဲ့ နှစ်ပေါင်းလေးရာ တဲ့လားဗျာ။

ဒီမှာ ခင်ဗျား မသေမခြင်း မှတ်ထားဗျ။ ကမ္ဘာပေါ်မှာ အကြာဆုံး စစ်ပွဲက ကျုပ် ဦးဆောင်ပြီး

တိုက်နေတဲ့ စစ်ပွဲဗျ။ဘာလဲ ခင်ဗျားက ကျုပ်ကို ရောမက သူရဲကောင်း စစ်သည် တဦးလို့ ထင်နေလို့လား။မဟုတ်ဘူးဗျ။ ကျုပ် အကြောင်းကို ခင်ဗျား မသိလို့ မဟုတ်ပါဘူး ။  ခင်ဗျား သိပါတယ်။ ဒါပေမယ့် ခင်ဗျားမှာ ကိုယ်ချင်း  စာတရား နည်းပါးနေတယ်။ခင်ဗျား ကျုပ်တို့ကို မေ့ထားတယ်။ ခင်ဗျား သိအောင် ပြောပြမယ်။လောကမှာ တိုက်ပွဲတွေ အများကြီး ရှိတယ်ဗျ။ ခင်ဗျား ပတ်ဝန်းကျင်မှာလည်း

ဒါတွေ ရှိပါတယ်ဗျာ။ ခင်ဗျားက သတိမမူလို့ပါ။ ကျုပ်ကို ခင်ဗျား စိတ်ဝင်စား  နေပြီမို့လား။

ကျုပ်ပြောတဲ့ တိုက်ပွဲကိုလည်း ခင်ဗျား သိချင်နေပြီမို့လား။။ဒီလိုလေဗျာ။။။။။။



*............................*


ကျုပ်စိတ်တွေ ထိန်းချုပ် မရတော့ဘုး ။ တော်တော်လေးကို ဒေါသ ထွက်နေပြီ ။

နေညိုရင် လေပြိုတတ်တဲ့ အမူးသမား တစ်ယောက်လိုပဲ။   ဒီအချိန် ရောက်ရင် ကျုပ် တော်တော့်ကို

ဒေါသ ထွက်လာတတ်တယ်။အထူးသဖြင့် အဖြူရောင်။ အဲ့ဒီ အဖြူရောင်မြင်ရင် ပိုဆိုးတယ်။

အဲ့ဒီအရောင်ကို တွေ့ရတဲ့ အချိန်မှာ ကျုပ်မျက်လုံးတွေ မီးဝင်းဝင်း တောက်ကောင်း တောက်နေလိမ့်မယ်။

အခုလည်း ကျုပ် မြင်နေရပြန်ပြီ ။ ပန်း..........။ အဖြူရောင် အဆင်းရှိတဲ့ အဲ့ဒီပန်း.....။

ဒီပန်းကတော့ အဆိုးဆုံးပဲ...။ ဘယ်လိုမှ ထိန်းချုပ် မရတဲ့ အဆုံး ကျုပ် အနီးမှာ ရှိတဲ့ ကျုပ်ရဲ့ လက်နက်ကို

ယူလိုက်တယ်။။

“တပ်မှူးကြီး  တပ်မှူးကြီး ”

ကျုပ်ရဲ့ ခေါ်သံကြောင့်  အနီးမှာ ခစားနေတဲ့ တပ်မှူးကြဲီးက အသင့် ရှိကြောင်း

သံတော်ဦး တင်တယ်။

“ကျုပ် အခုပဲ စစ်တိုက်မယ် ။ မတရား သိမ်းပိုက်ခံရတဲ့ ကျုပ် နေရာကို ကျုပ်ပြန်ယူမယ်။

အားလုံးကို အဆင့်သင့် ပြင်ခိုင်းထားလိုက် ”
ကျုပ် စကားဆုံးတော့ တပ်မှုးကြီးက ကပျာကသီ ထ ထွက်သွားတယ်။။။နောက် မကြာပါဘူး။
တပ်သားတွေကို ဦးဆောင်ပြီး ကျုပ်  စစ်ထွက်ခဲ့တယ်။။။။။။။
ဟော.....မြင်နေရပြီ....။ ကျုပ် နေခဲ့ဖူးတဲ့ နေရာ။ ကျုပ် ပိုင်ဆိုင်ခဲ့တဲ့ ကျုပ်စံမြန်းခဲ့တဲ့ ဗိဗ္မာန်ဟောင်း ။
ကျုပ် ဒေါသက မီးဟုန်းဟုန်းတောက်လာတယ်။
ကျုပ်လက်ထဲမှာ အသင့်ကိုင်ထားတဲ့ ကျုပ်ရဲ့ လက်နက်ကို ဝှေ့ယမ်းလိုက်ပြီး ကျုပ် အော်လိုက်တယ်။။။။
“တိုက်.....”
ကျုပ် အော်သံ အဆုံးတွင်တော့  အော်ဟစ်သံတွေ ၊ မာန်သွင်းသံတွေ နဲ့ အတူ ကျုပ်တို့ တပ်ကြီးနဲ့
ရန်သူတွေ အသေ အကျေ တိုက်ခိုက်ကြတယ် ။ မကျေနပ်သော စိတ်အခံကြောင့် ထင်တယ်။
ကျုပ်တို့ တပ်သားတွေ မကြောက်မရွံ့ နောက်မတွန့်ပဲ ရွပ်ရွပ် ချွံချွံကို  တိုက်ခိုက်နေတာ။ ကျုပ်ဖြင့်
တကယ့်ကို အားရ၀မ်းသာမိတယ်။
တိုက်ရင်း ခိုက်ရင်း ကျုပ် တိုက်ပွဲ အခြေအနေကို သုံးသပ်လိုက်တယ်။။ မဆိုးဘူး။ ကျုပ်ဘက်က
အသာစီးရနေတယ်။ဟော......ကျုပ် ကြည့်နေရင်းမှာပဲ တဖက်က ရန်သူတွေ ဆုတ်ခွါနေတယ်။
မှန်းစမ်း..။ဆုတ်ခွါတာ ဘယ်သူတွေလဲ ။ သြော်....နဂါး ၊ ဂဠုန် ၊ ဂုမ္ဘာဏ် ၊ ယက္ခိုသ် တို့ပါလား။
ဟော.........ဟိုလေးယောက်လည်း ပါသေးတယ်.။ မဟာရာဇ် လေးယောက်..။ အဲ့ဒီလေးယောက် ။
ကျုပ်ရဲ့ စီးတော်ယဉ်ကို အဲ့ဒီလေးယောက်ဘက် လှည့်လိုက်တယ် ။ တရှိန်ထိုးပဲ ကျုပ် သူတို့ဆီကို
အပြင်းဝင်လိုက်တယ်။။။
“ဟာ.......”
ဘယ်လိုမှ မထင်ရပါလား။ သူတို့ဘက်က စစ်ကူတွေ ရောက်လာတယ်။။
ဝရုဏ ၊ ဣသာန ၊ ပဇာပတိ ၊ အိုးးးးးး သုံးဆယ့် သုံးယောက်သော စစ်သေနာပတိတွေ ဦးဆောင်ပြီး
စစ်အင်္ဂါ အပြည့်အစုံနဲ့ “ဒင်း ” ကိုယ်တိုင် ထွက်လာတာပါလား။ “လာစမ်းကွာ ” လို့
ကျုပ်စိတ်ထဲကနေ ကြုံးဝါးရင်း ကျုပ်ရဲ့ စစ်ဦးကို ဒင်းဆီ လှည့်လိုက်ပြီး  ဒင်းနဲ့ ကျုပ်ကြားမှာ ကာထားတဲ့
ရန်သူတွေကို အပြင်းပဲ ထိုးဖောက် တိုက်ခိုက် ပစ်လိုက်တယ် ။ အဲ့ဒီအချိန်မှာပဲ ။အဲ့ဒီအချိန်မှာပဲ...။
ဒင်းရဲ့ လှုပ်ရှားမှုကို ရိပ်ကနဲ ကျုပ်တွေ့လိုက်ရတယ်။ လှမ်းကြည့်လိုက်တော့ ဒင်းက လက်တဖတ်ကို
မြှောက်ပြီး လက်နက်ကို ဝှေ့ယမ်းတာ တွေ့လိုက်ရတယ်။။။
“ဒိန်း......”
အား.................။ကျုပ်နားတွေ အူထွက်သွားတယ်။ဟာ........ဟာ........ဘယ်လိုဖြစ်တာလဲ ။
ကျုပ်ရဲ့ တပ်သားတွေ   ဘယ်လိုဖြစ်တာလဲ ။ အလဲလဲ အကွဲကွဲနဲ့ ပြန်ဆုတ်နေကြပါလား ။
အား.....။ကျုပ်လည်း မနေနိုင်တော့ဘုး။ သူတို့နဲ့ အတူတူ တပ်ကို ပြန်ဆုတ်ရတယ်။
လိုက်လာတယ် ။ ဒင်းတို့တတွေ လိုက်လာသေးတယ် ။ ကျုပ်လည်း ကျုပ် တပ်ဖွဲ့တွေနဲ့ အတူ
တိုက်ရင်းနဲ့  အောင်မြင်စွာ ဆုတ်ခွါခဲ့ရတာပေါ့ ။ ဟုတ်တယ် ။ ကျုပ် တကယ်ကို အောင်မြင်စွာ ဆုတ်ခွါလာတာ။  ဟုတ်တယ်လေ.။ မနိုင်တော့တာ အတူတူ အောင်မြင်စွာ ဆုတ်ခွါနိုင်ရင်  အသေအပျောက် နည်းပြီး နောက်တကြိမ် အတွက် ကြိုးစားခွင့်ရှိသေးတယ်လေ။  မဟုတ်ပဲနဲ့ ဆက်မိုက်နေရင် ဆင်ကန်းတောတိုး သလို ဖြစ်နေမှာပေါ့ ။ ဟာ.....။ခုမှ သတိရတယ် ။  မဟုတ်သေးဘူး ။ သတိရတာ မဟုတ်သေးဘူး။ သတိထားမိတာ ။ကျုပ်တို့ရဲ့ စည်တော် ကျန်ခဲ့ပြီ ။ပုစွန့်လက်မနဲ့ လုပ်ထားတဲ့ ကျုပ်တို့ရဲ့ စည်တော် ကျန်ခဲ့ပြီ..။ ကျုပ် ရင်ထဲ နာကျင်မိတယ် ။ တကယ်တော့ ဒီစည် ဟာ
ကျုပ်တို့ရဲ့ ရတနာ တပါးလို့ တန်ဖိုးထားတဲ့ အရာတခုဗျ.....။အဲ့ဒီ တန်ဖိုး ထားတာလေး ဆုံးရှုံးရတော့
ကျုပ် တကယ် ရင်နာမိတာပေါ့ဗျာ။



@............................@

မဖြစ်ဘူး ။ ကျုပ် သူတို့ကို တိုက်ကို တိုက်မယ် ။ မနိုင် မချင်း တိုက်မယ် ။
ဒီမှာ အကြံပေး အမတ်ကြီး ...။ ဆက်ပြီး ဖျောင်းဖျ ကန့်ကွက်နေဦးမယ် ဆိုရင်  ခင်ဗျားကို ကျုပ်
အရေးယူ ရလိမ့်မယ်..။ သြော.....ခင်ဗျားက ဆက်ပြီး ပြောဦးမယ်ပေါ့.......။
ပြောစမ်းဗျာ ။ နောက်ဆုံး အခွင့်အရေးနေနဲ့  ခင်ဗျားကို ပြောခွင့် ပြုလိုက်မယ်..........။
ပြောပြီးရင်တော့ ခင်ဗျား တာဝန်သိစွာ ထွက်သွားတော့...။
...................................
..............................................................
အင်း..........။ကျုပ် စိတ်တွေ အရမ်း ရှုပ်ထွေးနေတယ် ။ အကြံပေး အမတ်ကြီးပြောတာက စဉ်းစားသင့်
တဲ့ အချက်ပဲ..။ ဟုတ်တယ်......။ သူပြောသလိုပဲ ။ကျုပ် ဒင်းကို တိုက်နေတာ .အခေါက်ပေါင်း မနည်းတော့ဘူး ။ နှစ်ပေါင်းလည်း မရေနိုင်တော့ဘုး ။တိုက်တိုင်းလည်း ကျုပ် ရှုံးပြီး ပြန်ခဲ့ရတာပဲ....။
တိုက်ပွဲမှာ ဒဏ်ရာတွေရ ၊ အနာတရ တွေဖြစ်တဲ့ ကျုပ်ရဲ့ စစ်သည်တွေလည်း မနည်းတော့ဘူး ။
ဒါပေမယ့် .....ကျုပ်လိုချင်နေတဲ့ ကျုပ်နေရာ ဟောင်းက ခုထိပြန်မရသေးဘူး..။ကျုပ် စဉ်းစားသင့်နေပြီ..။
ကျုပ်ပေးဆပ်ခဲ့ရတဲ့ ကျုပ်တပ်သားတွေ့ရဲ့ အားတွေ ၊ မာန်တွေ ၊ ဒဏ်ရာတွေ အနာတရတွေနဲ့
တပ်သားတွေ .......ဒါတွေက......မရသေးတဲ့ ကျုပ်လိုချင်နေတဲ့ အရာနဲ့    လဲဖို့ တန်ရဲ့လား.....။
လဲဖို့လို့ ဆိုရအောင်ကလည်း ကျုပ်လိုချင်နေတဲ့ ကျုပ်ရဲ့ ဗိဗ္မာန်ဟောင်းကို ပြန်ရဖို့ရော သေချာရဲ့လား..။ရလာတယ် ထားဦး..။ ဒင်းကရော ဒီတိုင်း ငြိမ်နေမလား....။ ပြန်တိုက်ခိုက် မလာနိုင်ဘူးလား......။ ဒီလိုဆိုရင် ကျုပ်ရဲ့ တပ်သားတွေ ထပ်ပြီး ဒဏ်ရာ အနာတရတွေ ရနေဦးမှာပဲ....။
ကျုပ် တကယ်ကို စဉ်းစားသင့်နေပြီ.........။ကျုပ်လိုချင်တဲ့ အရာတခု အတွက် ကြားကနေ စတေးခံနေရတဲ့ အပြစ်မဲ့တဲ့ ဘ၀တွေ.။ အဲ့ဒီ ဘ၀တွေကို  ကျုပ် အလှည့်ပေးသင့်ပြီလို့ ထင်တယ်..........။ ဘာပဲပြောပြော ကျုပ် အခုနေတဲ့ နေရာက
အရင်လောက် မတောက်ပ ပေမယ့်....အရင်ထက်တော့ ငြိမ်းချမ်း နိုင်ပါတယ်.....။
ဟုတ်တယ်.....ငြိမ်းချမ်းနိုင်ပါလိမ့်မယ်...........။

.....................နိဂုံး....................................

အဲ့ဒါပဲဗျ......ဒါဆို...ကျုပ်ပြောတဲ့ အကြာဆုံး စစ်ပွဲကို ခင်ဗျား သိလိမ့်မယ်လို့ ထင်ပါတယ်...။
ိအဲ့.......ဟုတ်တယ်ဗျ....။ ခင်ဗျား ပြောတဲ့  စစ်ပွဲပဲ.......။ ဒီလိုဆိုတော့လည်း ခင်ဗျားက မဝေးဖူးပဲ....။
သိတဲ့ အတိုင်းပဲလေ.....။ဒင်းနဲ့ ကျုပ်နဲ့ကလည်း မတော်ချင်ပေမယ့်. မလိမ္မာတဲ့ သမီးကြောင့်
တော်နေရတဲ့ အမျိုးတွေ မဟုတ်လား......။နောက်ကျရင်တော့ ခင်ဗျားလည်း မိုးချိန်းသံတွေ မကြားရလောက်တော့ဘုး ထင်ပါတယ် ။
သြော်..........ကျုပ်နာမည်လား...........။အေးဗျာ.......မှတ်ထားပေါ့.....။
အကြာဆုံး စစ်ပွဲကို ဦးဆောင်တိုက်ခိုက်တဲ့ စစ်သေနာပတိကြီး ကျုပ်ရဲ့နာမည်က ဝေပစိတ္တိ တဲ့ဗျာ....။



ကြိုးစားပါဦးမည်.။

မှတ်ချက်။ စစ်သူကြီး နာမည်များကို ကိုဟယ်ရီရဲ့ ဒီဘလော့လေးကနေ  ကိုးကားတင်ပြခြင်းဖြစ်ပါသည်။။

ဆန္ဒမွန်ဖြင့်......လွမ်းနောင်....။










No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။