Sunday 28 August 2011

ပုထုဇနော ဥမ္မာတကော

ကျုပ်နာမည်က ကျော်စွာ။ ကျုပ်လိပ်စာလား။ အင်း... ခင်ဗျားသိချင်ရင်တော့ ပြောပြရတာပေါ့။ ကျုပ်မွေးတာက ယောနယ်က ရွာလေးတစ်ရွာမှာ မွေးတာ။ငါးနှစ်လောက်နေတော့ တောင်ကြီးဘက်ကို ပြောင်းခဲ့တယ်။ ဟော.....ဘာကြာလို့လဲ။ကျုပ် ခုနှစ်နှစ်သားရောက်တော့ မိုးကုတ်ဘက် ရောက်သွားပြန်ရော။
နောက်တော့....မန္တလေး။နောက်တော့.....ရန်ကုန်.......။နောက်တော့..........။နောက်တော့....................။


ဟော........အခုနောက်ဆုံးတော့ ကျုပ် မလေးရှားကိုရောက်နေပြီလေ။ကျုပ် မိသားစု အကြောင်းလား။
မလောနဲ့လေဗျာ။ပြောပြမှာပေါ့။ ကျုပ်အမေကတော့ တောင်ကြီး မပြောင်းခင်တည်းက ဆုံးသွားတာဗျ။
ကျုပ်အဖေက အစိုးရ၀န်ထမ်း။ ခင်ဗျား သိတဲ့အတိုင်းပဲလေ။အစိုးရ၀န်ထမ်းဆိုတာက ဟိုပြောင်းလိုက် ဒီရွှေ့လိုက် မဟုတ်လား။
ဘာ.......။ခင်ဗျားနှယ် ကြံကြံဖန်ဖန် မေးလည်းမေးတယ်ဗျာ။ မလေးရှားကို တာဝန်နဲ့ပြောင်းတာ ဖြစ်နိုင်ပါ့မလားဗျ။
နည်းနည်းပါးပါး စဉ်းစားကြည့်အုံးမှပေါ့။ကျုပ်ပြောတာ ခင်ဗျား သဘောမပေါက်ဘူးနဲ့ တူတယ်။
ဒီလိုဗျ.။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က ကျုပ် အဖေဆုံးတယ်လေ။ကျုပ်ဆယ်တန်း အောင်ပြီးစပေါ့ဗျာ။
ဘယ့်နှယ် မေးလိုက်ပါလိမ့်ဗျာ။ ခံစားရတာပေါ့..။ကျုပ်မှာ လူမှန်းသိကတည်းက အဖေဆိုလည်းသူပဲ အမေဆိုလည်းသူပဲ၊
ပြုစု စောင့်ရှောက်လာတာ။မခံစားရပဲ နေမလားဗျ။ နောက်တော့ “ ဒါက အားလုံးသွားရမယ့် လမ်းပါပဲလေ” လို့
ကျုပ်ကို ကျုပ် အားပေးပြီး ဖြေသိမ့်ရတာပေါ့။ကျုပ်အဖေ ဆုံးပြီး လေးလလောက်ကြာတော့ ကျုပ်နေတဲ့ နယ်လေးက
လူတွေနဲ့အတူ ကျုပ် မလေးရှားကို ထွက်လာတာဗျ။
ဘာ.....။ငွေရှာဖို့ ဟုတ်လား။ တော်စမ်းပါဗျာ။ကျုပ်က “ငွေ” ခိုင်းတာကို ခံနေမယ့် လူစားလို့ ခင်ဗျားထင်လို့လား။
ဒီမှာ ...ခင်ဗျား မှတ်ထား။ကျုပ်က ဘယ်တုန်းကမှ “ငွေ”က အတုလုပ်တာကို ခံခဲ့တာ မဟုတ်ဘူးဗျ။ လုပ်ရင်းလုပ်
ကျုပ်ကပဲ ငွေကို အတုလုပ်မယ်။
ဒါဆို ဘာကြောင့် မလေးရှားကို သွားလဲ၊ ဟုတ်လား။ ကျုပ်က ဗဟုသုတ လိုချင်လို့ဗျ......။
ပြည်ပမှာ ဖြတ်သန်းရမယ့် အတွေ့အကြုံတွေ သိချင်လို့ လာတာဗျ။
ခင်ဗျား ကျုပ်စကားကို မယုံဘူးမို့လား။ ကျုပ်သိတာပေါ့ဗျာ။ ခင်ဗျား သိအောင် ကျုပ်ပြောပြမယ်။။
ကျုပ် တစ်လ တစ်လ ရလာသမျှ လစာတွေကို မိဘမဲ့ကလေးတွေ ဘိုးဘွားရိပ်သာ တွေကို ဒီကနေ တဆင့် လွှဲပေးပြီး
လှူခိုင်းတာဗျ။ ကျုပ်အတွက် စားစရာလည်း မပူရဘူး။ကျုပ်သူဌေးက နေဖို့၊စားဖို့၊၀တ်ဖို့၊အားလုံး စီစဉ်ပေးတယ်။
ဘာ.........ခင်ဗျားက မလေးရှား လာမလို့ ဟုတ်လား။သြော်....မိသားစု စားဝတ်နေရေး အတွက်လား။
ကောင်းပါတယ်ဗျာ။ ဒါနဲ့ ခင်ဗျား ပတ်စပို့စ် စာအုပ်တွေ ဘာတွေ လုပ်ပြီးပြီလား။
ဟောဗျာ။ ဒါဆို နောက်တပတ် ထွက်ရတော့မှာပေါ့။ကြိုဆိုပါတယ်ဗျာ။။။။။။ဒါနဲ့ ခင်ဗျား ဘယ်မြို့ ကျမှာလဲ
သိပြီလား။။ဟာ.......ပီနန်းမှာ ဟုတ်လား။ကောင်းတာပေါ့ဗျာ။ ကျုပ်လည်း ပီနန်းမှာဗျ။ ခင်ဗျားလာရင်တော့
ကျုပ်တို့ အင်တာနက်ကနေတင် မဟုတ်ပဲ မျက်နှာချင်းဆိုင် ပြောလို့ရပြီပေါ့ဗျာ.။ကျုပ်မျှော်နေမယ်ဗျာ။


{.....}
ဟော......လာဗျာ။ကျုပ် ခင်ဗျားကို မျှော်နေတာ။ခင်ဗျားကလည်း ရောက်ကတည်းက လာမယ် လာမယ်နဲ့
ကျုပ်ဆီ ရောက်မလာဘူး။ဘာလို့မျှော်လဲ ဟုတ်လား။ အေးဗျာ။ဒီမေးခွန်း မေးမှ မေးပါ့မလားလို့ ကျုပ်ဖြင့် စိတ်ပူလိုက်ရတာ။
ဒီလိုဗျ. ...ကျုပ် မင်္ဂဆောင်တော့မလို့ဗျ။ ကျုပ်အသက်လည်း မငယ်တော့ဘုးလေဗျာ။သုံးဆယ်ထဲတောင် ရောက်နေပြီ မဟုတ်လား။
ဟာ.........မဟုတ်ဘူး....မဟုတ်ဘူး။။။။ခင်ဗျား ပြောတဲ့ ဟာမျိုးမဟုတ်ဘူးဗျ။ခင်ဗျားကလည်း ကျုပ်နဲ့ ခင်လာတာ ကြာပြီ။
ကျုပ် ဘယ်လိုလူ ဆိုတာ ခုထိ မသိသေးပဲကိုးဗျ။ ဒီမှာ ခင်ဗျား ထပ်မှတ်ထားဦး။ ကျော်စွာ ဆိုတဲ့ ကျုပ်က
အပျော်ရှာတဲ့ထဲ မပါဘူးဗျ။ဒီမှာ အင်ဒိုမတွေ ဗီယက်နမ်မတွေ ပေါတာ ကျုပ်လည်း သိတာပေါ့။ ဒါပေမယ့် ကျုပ်
စိတ်ကို မ၀င်စားတာ။
ဘာ.......ရဲဆေးတင်ဖို့ လိုတယ် ဟုတ်လား။သွားစမ်းပါဗျာ။ ကျုပ်က အရက်သောက်မှ သွေးရဲတာ
မဟုတ်ဘူးဗျ။ လုပ်သင့်တာ ဆိုရင် ကျုပ် ဘာကိုမှ မကြောက်ဘူး။နောက်ပြီး ခင်ဗျား ပြောတဲ့ အရက်၊ကွမ်းယာ ၊ဆေးလိပ်
ကျုပ် ဘာမှ မလုပ်ဘူးဗျ။
အေးဗျာ .......ကျုပ်ကလည်း ပြောရင်း ပြောရင်းနဲ့စကားလမ်းကြောင်းတောင် ပြောင်းသွားပြီ။
အဓိက ပြောချင်တာကတော့ ကျုပ် မင်္ဂလာ ဆောင်တော့မှာဗျာ။
အဲ့ဒါ ခင်ဗျား လာခဲ့။ ဟုတ်ပြီလား။ဒီမှာ မင်္ဂလာဆောင် ဖိတ်စာ။
ဘယ့်နှယ် မေးလိုက်ပါလိမ့်ဗျာ။ မပျော်ပဲ နေမလားဗျ။ခုချိန် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူဟာ ကျုပ်ပဲ ဖြစ်မှာ သေချာတယ်။
ခင်ဗျားကြားဖူးတယ်မို့လား။ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊အပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ဆိုတာလေ။
ဘာ....ခင်ဗျား မကြားဖူးဘူး ဟုတ်လား။ ခင်ဗျားကလည်းလေ ။ မှတ်ထားဗျာ။ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခာ ဆိုတာက
ချစ်သောသူနဲ့ ကွေ့ကွင်းရခြင်းသည် ဒုက္ခတဲ့။ အပိယေဟိ သမ္ပယောဂေါ ဒုက္ခော ဆိုတာက မချစ် မနှစ်သက်သော
သူနဲ့ အတူတကွ ပေါင်းယှဉ်ရခြင်းသည်လည်း ဒုက္ခတဲ့။ ဟော....အခု ကျုပ်က ချစ်နှစ်သက်သော သူနဲ့ အတူ
ပေါင်းယှဉ်ရတော့မှာလေ ။အဲ့ဒါ သုခလေ။ချမ်းသာမှုပေါ့ဗျ။ ဒီတော့ ကျုပ် မပျော်ပဲ နေမလားဗျာ။
ဘာ.........ကျုပ် မိန်းမယူတာ ခင်ဗျားက အံ့သြတယ် ဟုတ်လား။ မအံ့သြနဲ့လေဗျာ။
ကျုပ်လည်း အန္ဓပုထုဇဉ် တစ်ယောက်ပဲလေ။အသွေးနဲ့ကိုယ်၊ အသားနဲ့ ကိုယ်ပဲလေဗျာ။ ချစ်တတ် ကြိုက်တတ်တာပေါ့ဗျ။
ကျုပ် ယူမယ့် မိန်းမလား။ခင်ဗျား မင်္ဂလာဆောင်နေ့ကျရင် တွေ့ရမှာပါဗျာ။ သိပ်လှတာဗျ။
နောက်ပြီး  ကျုပ်အပေါ် နားလည်မှု အပြည့်ရှိတယ်ဗျ။
မင်္ဂလာဆောင်ကိုလား။ ဘုန်းကြီးကျောင်းမှာပဲ လုပ်မယ်လေဗျာ။ ဖိတ်စာလည်း သေချာ ဖတ်ကြည့်ပါအုံးဗျ။
ကုန်ကျစရိတ်လား။စိတ်ပူစရာ မလိုပါဘူးဗျာ။ ရလာတဲ့ လက်ဖွဲ့ငွေနဲ့ ပြန်“ထေ” ရင် ဖြစ်ပါတယ်ဗျ။
ခု မြန်မာ နိုင်ငံမှာ ဒီလိုပဲ လုပ်နေကြတာ“ နည်း” မှတ်လို့။ ခင်ဗျားကို ကျုပ် ပြောဖူးတယ်လေ။ကျုပ်က ငွေနဲ့ သိပ်ပေါင်းတဲ့ကောင်
မဟုတ်ဘူး ဆိုတာ။
အားလုံး စီစဉ်ပြီးပါပြီဗျာ။ဘုန်းကြီး ဆွမ်းကပ်ဖို့ရော ၊ ဧည့်ပရိတ်သတ်တွေ ကျွေးဖို့ရော၊အားလုံး ခမ်းခမ်းနားနား
စည်စည်ကားကား ဖြစ်အောင် ကျုပ် စီစဉ်ပြီးပါပြီ။မင်္ဂလာဆောင်ပြီး နေဖို့လည်း အခန်းငှားပြီးပါပြီဗျာ။
ကျုပ်အတွက် စိတ်ပူပေးလို့ ကျေးဇူးပါ။....အော်.....ကျုပ်တို့လား။ ကျုပ်ကတော့ ပတ်စပို့စ် ရှိတယ်ဗျ။
ကျုပ်သတို့သမီးလောင်းကတော့ အိုဗာ စတေး(over stay) ပေါ့ဗျာ။
ရဲလား။ရဲလောက်ကတော့ ပြဿနာမရှိပါဘူးဗျာ။ အဓိကက အော်ပရာစီ ပဲဗျ။ ရဲက ငါးဆယ်လောက်ပေးရင် ကိစ္စ ပြတ်ပေမယ့်
အော်ပရာစီ ကျရင်တော့ ငါးရာပေးတောင် ကိစ္စ ပြတ်တာ မဟုတ်ဘူးဗျ.။ နောက်တော့ ခင်ဗျား ဒါတွေ သိလာမှာပါ။
ဟာ......ဘယ့်နှယ် ပြန်တော့မလို့လား။ ထမင်းလေး ဘာလေး စားသွားဦးလေ။
အေးဗျာ .....မအားဘူး ဆိုတော့လည်း ဘယ်တတ်နိုင်မလဲဗျာ။။။။ မင်္ဂလာဆောင်နေ့ကိုတော့
လာဖြစ်အောင် လာခဲ့ဗျ...နော။



{........}


လာဗျာ လာ။ ကျုပ်ဖြင့် မျှော်လို့သာ မျှော်နေရတာ ခင်ဗျား လာမှ လာပါ့မလားလို့။အခုလို လာတော့လည်း
ကျုပ် တကယ် ကျေးဇူးတင် ၀မ်းသာရပါတယ်ဗျာ။ သတို့သမီးလောင်းလား ။ လာပါလိမ့်မယ်ဗျာ။
စောစောကပဲ အိမ်က ထွက်လာပြီလို့ ဖုန်းဆက်ပါတယ်။ မကြာခင် ရောက်ပါလိမ့်မယ်။
လောလောဆယ်တော့ ခင်ဗျား ဘုရားဝတ်ပြု လိုက်ပါဦး။ကျောင်းရောက်ပြီး ဦးမချတဲ့သူထဲ ခင်ဗျား ပါသွားလိမ့်မယ်။
.......
ဟော...ခင်ဗျား ဘုရား ၀တ်ပြုလို့ ပြီးပြီလား။
.........
ဟုတ်တယ်ဗျ...။ဘုရားရိပ် တရားရိပ်ဟာ သိပ်အေးချမ်းတာပဲ။။။
နေအုံးဗျ.။မင်္ဂလာအချိန် နီးနေပြီ ။သတို့ သမီးလောင်းဆီ ဖုန်းဆက်ကြည့်အုံးမယ်။
ဟာဗျာ။။။။။။။။။ဖုန်းက ပိတ်ထားတယ်ဗျ။ဘယ်လိုမှ ဆက်လို့မရဘူး။။။
................................
ဟော.....ဟိုမှာ ..သူတို့အုပ်စု လာနေပြီ။  ဟာ.....ကျုပ် သတို့သမီးလောင်း မပါပါလားဗျ။
“ဟေ့...ဟေ့......ညိုမာတို့......နှင်းပွင့်တို့.....ငါ့ သတို့သမီးလောင်းရောဟ....။ ဘာ.....အော်ပရာစီ ဖမ်းသွားတယ် ဟုတ်လား။
မဖြစ်နိုင်ဘူး.....ဟာ..........မဖြစ်နိုင်ဘူးးးးးးးးး။ငါ့ကို ....နင်တို့ လာညာနေတာမို့လား....။
မနောက်ပါနဲ့ဟာ.....ဒီမှာ မင်္ဂလာ အခမ်း အနား စဖို့ အချိန် ရောက်နေပြီဟ။
ဘာ.......တကယ်......ဟုတ်လား။ဒါ....ဒါ.......ဒါဆို...ဒါဆို......ဒီနေ့.....မင်္ဂလာပွဲက .....
မဖြစ်နိုင်ဘူး......ဒါ......လုံးဝ.....မဖြစ်နိုင်ဘူး။။။။။။
သတို့ သမီး မပါပဲ မင်္ဂလာပွဲကို ဘယ်လိုလုပ် ကျင်းပမလဲဗျ။ မဖြစ်ဘူး။
ကျုပ်ကိုယ်တိုင် ကျုပ်ရဲ့ သတို့သမီးလောင်းကို သွားခေါ်မယ်။
ဟာ............ခင်ဗျားမှာ....ပိုက်ဆံ....ပါရင် ကျုပ်ကို လှည့်ချေးပေးခဲ့ပါဦးဗျာ။
ဟဲ့..........ညိုမာတို့.....ဘယ်သွားမလို့လဲ........နေဦးလေ.။ငါ........ငါ့ကို......ငါ့ကို.....
အားးးးးးးးးးကျုပ်ခေါင်းတွေ မူးလာပြီဗျာ။ ကျုပ် ကျုပ်ရင်တွေ ပူလာပြီ။။။။။။
မကြည့်နဲ့ ။ ခင်ဗျား ကျုပ်ကို အဲ့လို အကြည့်နဲ့ မကြည့်စမ်းပါနဲ့ဗျာ။ဘာလဲ ခင်ဗျားက ကျုပ်ကို ရူးသွားပြီ ထင်လို့လား။ ကျုပ် မရူးဘူးဗျ။
နေဦး နေဦး ။ အခု ကျုပ်ပြောတဲ့ မရူးဘူးဆိုတာက ရူးတဲ့ လူတွေ ပြောနေကျ မရူးဘူး ဆိုတာမျိုး မဟုတ်ဘူးဗျ။ ကျုပ် တကယ် မရူးတာ။ ဒါပေမယ့်ဗျာ ဘုရားဟော ရှိတယ်မို့လား။
“ပုထုဇနော ဥမ္မာတကော”  ဆိုတာလေ။ ပုထုဇဉ်တိုင်း အရူးတွေချည်းပဲဗျ။ ပညာရူး ဥစ္စာရူး စတဲ့ အရူးတွေပေါ့ဗျာ။  အဲ......အဲ့လိုပြောရမယ် ဆိုရင်တော့ ကျုပ်လည်း ရူးနေတယ်ဗျ။
ကျုပ်က ဘယ်လိုရူးတာလဲ ဟုတ်လား။ ခင်ဗျားကလည်း ညံ့လိုက်တာဗျာ။  ခင်ဗျားလည်း  ကြားဖူးမှာပေါ့ ။ တိမ်တွေညိုရင်  မိုးတွေ ငိုရတယ် ဆိုတဲ့ စကားကိုလေ။ အဲ့ တာက သဘာဝက ရူးတာ။
ကျုပ်တို့ ကျတော့  လူတွေဗျ။ လူတွေဆိုတော့  ခံစားချက်တွေ ပြိုလာတတ်ကြတယ်။
အားငယ်စွာနဲ့  ငိုတတ်ကြတယ်။  ဟော အခု ကျုပ်ရင်ထဲမှာ ခံစားချက်တွေ ပြိုနေတယ်။
ဒီလောက်ဆိုရင် ကျုပ်ဘယ်လိုအရူးထဲ ပါတယ် ဆိုတာ ခင်ဗျား  ခင်ဗျား ခန့်မှန်းမိရောပေါ့ဗျာ။



(မှတ်ချက်)။။ Operasi(အော်ပရာစီ) ဆိုသည်မှာ မလေးရှားတွင် အရေးပေါ် စစ်ဆေးရေးဟု ဆိုရမည့် ဖမ်းဆီးမှုဖြစ်ပါသည်။
ပတ်စ်ပို့စ် ရှိသည်ဖြစ်စေ .၊မရှိသည်ဖြစ်စေ.၊အားလုံးဖမ်းဆီးတတ်ပါသည်။။။။စခန်းရောက်မှ စာအုပ်ရှိသူမှန်လျှင်
ပြန်လွှတ်ပေးတတ်ပါသည်။တရုတ်နှစ်ကူးဖြစ်လျှင်...ရက်ကြာတတ်ပါသည်။


ဆန္ဒမွန်ဖြင့်...............လွမ်းနောင်

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။