Tuesday 20 September 2011

ဝင်္ကပါကို ဖွင့်တဲ့သော့

အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် အိမ်ရှေ့မှာ ဆော့ကစားနေသော ကလေးငယ်များမှာ
“အရူးကြီး အရူးကြီး ” ဟု လန့်အော်ကာ ထွက်ပြေးသွားကြတော့သည်။
“ ဟာ…….အဖေကလည်း အဖေ့ပုံစံကြီးက ညစ်ပတ်နေတော့ ကလေးတွေက လန့်မှာပေါ့ဗျ ။
နောက်ဆို အိမ်ကိုလာရင် သန့်သန့်ပြန့်ပြန့်လေး ၀တ်ခဲ့ဗျာ ”
ကလေးတွေ အော်သံကြောင့် ထွက်လာပြီး မိမိကို မြင်သဖြင့် ပြောလိုက်သော သားဖြစ်သူ၏
စကားကြောင့် ဦးဘမြိုင် ရင်ထဲ “ဆစ် ” ကနဲ နာသွားသည်။
နာကျင်သော ဝေဒနာကို မျက်နှာတွင် မပေါ်စေပဲ အပြုံးတု တစ်ခုကို အမြန်ဖန်တီးလိုက်ရင်း
“အေးပါကွယ် နောက်ကျရင် အဖေ သန့်သန့်ပြန့်ပြန့် ၀တ်ခဲ့ပါမယ် ”
ဟု သာ တုန့်ပြန်ပြောလိုက်မိသည်။
“အခု အဖေ ဘာလုပ်ရင်း လာတာလဲ ”
“အဖေ့မြေးလေးတွေကို တွေ့ချင်ရုံ သက်သက်ပါ သားရယ် ”
ခါးကြားမှ မာကျောကျော အရာလေးကို စမ်းရင်း သားဖြစ်သူ၏ အမေးကို မုသားတ၀က်ဖြင့် ဖြေလိုက်မိသည်။ မြေးလေးတွေကို တွေ့ချင်သည်ဆိုတာ မှန်သော်လည်း တကယ်တော့ ဒါက လာရင်းကိစ္စမဟုတ် ။
သို့သော်….လာရင်းကိစ္စကို ခုချိန်မှာ ပြောလို့မဖြစ်သေး ။

“ဒါနဲ့ မင်းတို့ စီးပွါးရေးရော အဆင်ပြေကြရဲ့လား ”
“အဆင်မပြေပါဘူး ဦးလေးရယ် ။ ရတဲ့ သီးနှံက နည်းနည်း ။ထွက်တဲ့ ကုန်ကျစရိတ်က များများ ဖြစ်နေတယ်။ ဒီထဲက အဆိုးဆုံးက လူမှုရေး ။ဟိုလူက လာလိုက် ၊ဒီလူက လာလိုက်နဲ့
အိမ်မှာ ဧည့်မလာတဲ့နေ့ကို မရှိဘူး ”
အိမ်ထဲမှ ထွက်လာရင်း ပြောလိုက်သော ချွေးမ ဖြစ်သူရဲ့ စကားက ဦးဘမြိုင်ကို ရွဲ့ပြီး ပြောနေသယောင်။
စိတ်ထဲမှလည်း ငယ်စဉ်က ဦးလေးဖြစ်သူပြောသော စကားလေးတစ်ခွန်းကို ပြေးသတိယမိသည်။
“လူမှုကို ရေးတတ်ရင် မီးစလောင်းခွက် တစ်ခုက အလင်းတန်းဟာ ကွေးညွှတ်ခြင်းမရှိ ဖြောင့်ထွက်သွားသလို ရှင်းပေမယ့် လူမှုကို မရေးတတ်တဲ့ အခါကျရင်တော့ ကြိုးစတစ်ခုကို ဆွဲထုတ်လိုက်သလို ကွေးညွှတ်ပျော့ခွေပြီး အနားမှာပဲ ပုံကျသွားနိုင်တယ် ။ရှင်းလင်းဖြောင့်တန်းပြီး
ဘယ်တော့မှ လိုရာရောက်မှာ မဟုတ်ဘူး ။ကြိုးစကို ဆွဲထုတ်လေလေ ပုံကျပျော့ခွေပြီး ရှုပ်ထွေးလေလေ ဖြစ်သွားမယ် ” တဲ့ ။
ဒီစကားလေးကို ချွေးမဖြစ်သူကို ပြောလိုက်ချင်သည် ။ သို့ပေမယ့် ဦးဘမြိုင် မပြောဖြစ်ပါ ။
နေ့တိုင်း လာတဲ့ ဧည့်သည်တွေဆိုတာ သူ့ရဲ့ သုံးလုံးဂဏန်း ကျေးဇူးရှင်တွေ ဆိုတာ ဦးဘမြိုင် မသိပဲ
နေပါ့မလား ။
“သားရေ ဒီနေ့ အဖေ သားတို့မိသားစုနဲ့ ထမင်း လက်စုံ စားချင်တယ်ကွာ ”
ဦးဘမြိုင် စကားဆုံးတော့ ချွေးမဖြစ်သူက
“ဟာ ဦးလေး ဒီနေ့က ကလေးတွေနဲ့ ကျွန်မတို့နှစ်ယောက် အတွက်ရော ပေါင်းပြီး အကိုက်ချက်ထားတာ ။ ဦးလေးရော စားမယ်ဆိုရင် လောက်မှာ မဟုတ်ဘူး ”
ချွေးမဖြစ်သူရဲ့ စကားက ဦးဘမြိုင်ရဲ့ အရှိုက်ကို ပင့်ထိုးလိုက်သည့်နှယ် ။သားဖြစ်သူကို လှည့်ကြည့်လိုက်တော့လည်း တုဏှီဘာဝေ ။
“အေးပါကွယ် ..ဒါဆိုလည်း နောက်တစ်ခေါက်မှပေါ့ ”
လူကြီးပီပီ ဦးဘမြိုင် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ဟန်လုပ်ပြီး ပြောလိုက်သည်။
ထိုစဉ်မှာပင် အိမ်ထဲသို့ လူသုံးယောက် ၀င်လာသည်။
“ဟော ကိုအောင်မင်းတို့ပါလား လာ. လာ မျှော်နေတာ ကြာပြီ ။ ထမင်း ဟင်း တွေတောင်
ပိုချက်ထားသေးတယ် ”
ချွေးမဖြစ်သူရဲ့ အသံက စောစောကနှင့် မတူတော့ ။ ချက်ချင်းပင်ပြောင်းသွားသည် ။ စောစောက ပြောတော့ အကိုက်ချက်ထားတာတဲ့ ။ ဦးဘမြိုင် ထိုင်ရာမှ အသာထလိုက်သည်။
“ပြန်တော့မလို့လား အဖေ ”
ခြောက်ကပ်ကပ် မေးလိုက်သော သားဖြစ်သူရဲ့ အမေးကို ခေါင်းညိတ် အဖြေပေးပြီး ထ ထွက်လာခဲ့တော့သည်။
“ရှင့်အဖေကို ပြောထား ။ နောက်တစ်ခါ လာရင် ဒီလို စုတ်တီးစုတ်ပြတ် မလာပါနဲ့လို့ ။
အို…ကုန်ကုန်ပြောမယ် ဖြစ်နိုင်ရင် လာကို မလာပါနဲ့လို့ ”
အိမ်အ၀ အရောက် နောက်ကျောမှ ချွေးမဖြစ်သူ၏ အသံက ကပ်ပါလာသည်။
အပြန်လမ်းတစ်လျှောက်တွင် ဦးဘမြိုင်၏ စိတ်တို့က ယောက်ယက်ခက်နေသည် ။
အတွေးတို့က အတိတ်ဆီသို့ ကစဥ့်ကလျား ။

(၂)

“အဖေ ထမင်းစားတော့မယ်ဆိုရင် ပြောနော် ။အဖေ့အတွက် ကြက်သားစွပ်ပြုတ်လေး လုပ်ထားတယ် ”

ကိုဘမြိုင် တော်တော်လေး ကျေနပ် ပီတိ ဖြစ်မိသည်။ သားက မိန်းမ ချောချောလေး ရလို့ပျော်သလို
ကိုဘမြိုင်လည်း ချွေးမ အလိမ္မာလေး ရ၍ ပျော်မိသည် ။ဟိုတုန်းက သားအဖ နှစ်ယောက်တည်းဆိုတော့
ဖြစ်သလိုပဲ စားသောက်နေရသည်။ ပိုက်ဆံမရှိ၍တော့ မဟုတ် ။ ရှိသမှ သိပ်ရှိ ။ သို့ပေမယ့် ချက်ရေး
ပြုတ်ရေးမှာကျတော့ ယောင်္ကျားသားတွေချည်း ဖြစ်နေသည်မို့ ဖြစ်သလို စားနေရခြင်း ဖြစ်သည်။
ဟော ..အခုများတော့ ကြည့်စမ်း ။ထမင်းချိန်ဆို အဆင်သင့် ။ခူးပြီး ခပ်ပြီး ။
မိန်းကလေးဆိုတော့ ချက်တာကလည်း အစပ် အဟက် တည့်သည်။ အ၀တ်အစားတွေလည်း ဟိုးတုန်းကလို ကိုဘမြိုင် လျှော်စရာမလိုတော့ ။ ချွေးမဖြစ်သူသာ လျှော်သည်။ သားလေးတစ်ယောက်ပဲ
ရှိတာမို့ အိမ်တော့ မခွဲခိုင်းပေ ။ သားအတွက်ကိုတော့ မင်္ဂလာဆောင်စဉ်ကတည်းက လယ် ငါးဆယ်စိုက်နှင့် ငွေသား အပါအ၀င် ရွှေ တဆင်စာရော လက်ဖွဲ့ထားသည် ။
သားက မဆိုး ။ကိုဘမြိုင် ခြေရာကို နင်းနိုင်သည် ဟု ဆိုရမည် ။ စီးပွါးရေး လုပ်တာ အကွက်မြင်သည်။
နှစ်နှစ် အတွင်းမှာပင် သားဖြစ်သူ စီးပွါးရေး တရှိန်ထိုး တတ်လာသည်။
ချွေးမဖြစ်သူကလည်း တပြုံးပြုံးနှင့် ပျော်ရွှင်သော မိသားစုလေး ဖြစ်ခဲ့သည်။
နောက်တော့ စီးပွါးရေး လုပ်ရတာ ပိုအဆင်ပြေအောင်ဆိုပြီး တဖက်ရွာသို့ သားတို့လင်မယား ပြောင်းသွားသည်။ ပြောင်းသွားခါစက ဆိုရင် ကိုဘမြိုင် နေပင် မနေတတ် ။
ထမင်းစားချိန်ဆိုလျှင်လည်း ချွေးမလည်း လာခေါ်လေမလားလို့ မျှော်နေမိသည်။
ငယ်ငယ်တည်းက မိတဆိုးသားလေးမို့ မခွဲတမ်း စောင့်ရှောက်ထားခဲ့သည်။ ခုတော့ အသက်ကြီးကာမှ
မခွဲစဖူး ခွဲရသဖြင့် ကိုဘမြိုင် နေမထိ ထိုင်မသာ ။
ခြောက်ကပ်ကပ် အိမ်ကြီးထဲမှာ တကိုယ်တည်းနေရင်း သားနှင့် ချွေးမ ဖြစ်သူ၏ ပုံရိပ်များကိုသာ
မြင်ယောင်နေမိသည်။
နောက်တော့ ကိုဘမြိုင် စီးပွါးရေးတွေကျသည်။ လုပ်လိုက်သမျှကလည်း အရှုံးချည်းပေါ်သည်။
ကံအကျိုးမပေးပြီ ဆိုရင်ဖြင့် ဘာလုပ်လုပ် အရှုံးပဲပေါ်သည်။
သူများတွေ ကုန်ကူးတော့ ကောင်းလိုက်သည့် ပဲဈေး ၊ ဂျုံဈေး ။ကိုဘမြိုင် ကုန်ကူးကာမှ
ဈေးတွေကျကာ ခွက်ခွက်လန်အောင် ရှုံးသည် ။
စိတ်ညစ်ညစ်နှင့် ထန်းရည်ပဲ လှိမ့်သောက်နေမိတော့သည်။ နောက်တော့ တဖြည်းဖြည်းနဲ့
ကိုဘမြိုင် အမူးသမား ဖြစ်လာသည်။ ချွေးမနဲ့သားကလည်း ကိုဘမြိုင် စီးပွါးရေးကျပြီး
ထန်းရည် စသောက် ကတည်းက ပေါ်ကို မလာတော့ပေ ။


(၃)

အတွေး တွေနဲ့ လျှောက်လာလိုက်တာ ဆူဆူညံညံ အသံတွေကြောင့် ဦးဘမြိုင် ပစ္စုပ္ပန် တည့်တည့်သို့
ပြန်ရှု ကြည့်မိသည်။
“အလို ”
ဦးဘမြိုင် နှုတ်မှ လွှတ်ကနဲ အာမေဋိတ်သံ ထွက်သွားသည်။ အသွားတုန်းကတော့ မနက်စောစောမို့
သတိ မမူခဲ့ခြင်း ဖြစ်ပေမည် ။ ဦးဘမြိုင်နေသော ရွာနှင့် သားဖြစ်သူ နေသော ရွာ နှစ်ရွာကြားမှာ
တောရ ကျောင်းကလေးရှိသည် ။ ချောင်းရေယဉ် လေးက ပတ်လည်ဝိုင်း၍ ကျောင်းလေးကို ခ၀ပ်စင်းနေသယောင် ရှိသည်။ စမ်းရေစီးသံလေးတွေက သာသည်။ မှိုင်းညို့ညို့ အရောင်တွေနှင့် သစ်ရိပ် ၀ါးရိပ်တို့က အေးမြသည်။
တရားကျင့်သော သူတော်စင်တွေ ပျော်စံသော နေရာလေးဖြစ်သည်။ အမြဲတမ်းလိုလို
ဓမ္မတေးသံတွေက ယိမ်းနွဲ့နေတတ်သည်။ စောစောက ကြားရသော အသံများသည်
ထိုတောရကျောင်းကလေးမှ ဖြစ်သည် ။ ဦးဘမြိုင် ကျောင်းလေးထဲသို့ လျှောက်လာခဲ့သည်။
“သြော်..”
ဦးဘမြိုင် “သြော် ” ဟုသာ ရေရွတ်မိသည် ။ ကျောင်းလေးမှာ ဘုရားတည်မည် ဆိုတာ သိပေမယ့်
ဘယ်နေ့ စတည်မည် ဘယ်နေ့ ထီးတင်မည် စသည်များကို ဦးဘမြိုင် မသိခဲ့ ။
ခုတော့လည်း တိုက်တိုက် ဆိုင်ဆိုင် ဌာပနာ ပိတ်မည့် အချိန်နဲ့ လာဆုံနေသည်။
တကယ်တော့ မိမိအရွယ်သည် ဘုရားရိပ် တရားရိပ်မှာ မွေ့လျော်ရတော့မည် ဆိုသည်ကို ဦးဘမြိုင် သိသည်။ သို့ပေမယ့် သားနှင့် မြေးများကို သံယောဇဉ် မပြတ်နိုင်ခဲ့ ။နောက်ပြီး စွဲနေပြီး ဖြစ်တဲ့
ထန်းရည်ကြောင့်လည်း ဘုရားရဲ့ အဆုံးအမများကို မျက်နှာလွှဲထားခဲ့ရတာ အတော်ပင် ကြာခဲ့ပြီ ဖြစ်သည်။ ခုတော့ တိုက်တိုက်ဆိုင်ဆိုင်ပင် ကြုံနေပြီ ။ ဦးဘမြိုင် လက်ထဲမှ အထုတ်ကလေးကို
မသိမသာ ဖွင့်ကြည့်သည် ။ လက်စွပ်တစ်ကွင်း ။ အသွေးက ကြည်လဲ့နေသည်။ တန်းဖိုးမနည်းသော
ကျောက်ကောင်း ဖြစ်မည်ဆိုတာကို မြင်ရုံနှင့်ပင် သိသာသည်။ ဒီလက်စွပ်လေးကို ဦးဘမြိုင်၏
အဖေက အမွေအဖြစ်ပေးခဲ့ခြင်း ဖြစ်သည် ။ ဒီနေ့ သားဆီသို့ သွားခြင်းမှာ ဒီလက်စွပ်လေးကို ပေးလို၍ သွားခြင်း ဖြစ်သည်။ သို့သော်…….ချွေးမဖြစ်သူနှင့် သား၏ ဆက်ဆံပုံမှာ မိမိပေးမည့် အမွေနှင့်
မထိုက်တန်သလို ခံစားရတာကြောင့် မပေးဖြစ်ခဲ့ခြင်း ဖြစ်သည်။
ခုတော့…..ခုတော့ ဒီလက်စွပ်ကလေးက ……အတွေးထဲမှာ သားဖြစ်သူ၏ မျက်နှာက “ဖျက်” ကနဲ
ပေါ်လာသည် ။ ခုတလော သားတို့ စီးပွါးရေး အဆင်မပြေ ဖြစ်သည်ဟု ဦးဘမြိုင် သိထားသည်။
ချွေးမဖြစ်သူကလည်း သုံးလုံးဂဏန်းတွေကြားမှာ လူးလား မှောက်ခုန် ဖြစ်နေသည်။
ဒီလက်စွပ်လေးကို သားတို့ မိသားစုကို ပေးလိုက်လျှင် မည်မျှ ၀မ်းသာမည်နည်း ။
ဦးဘမြိုင်၏ အတွေးထဲတွင် ကုသိုလ်ရေးနှင့် ချစ်ခြင်း စစ်ခင်း ကစားနေသည် ။
အေးမြသော ဘုရားရိပ်ဝယ် ဦးဘမြိုင် ချွေးသီးချွေးပေါက်တွေ ပြန်လာသည်။
“ခဏလေး ခဏလေး ”
ဦးဘမြိုင် အသံကြောင့် ဌာပနာ ပိတ်မည့် လူများ ဦးဘမြိုင်ဘက်သို့ အာရုံရောက်သွားသည်။
“ဟာ ….ဦးလေးမြိုင်ပါလား ဘာများ ပြောချင်လို့လဲ ”
လူရွယ်တစ်ယောက်က ဦးဘမြိုင်ကို နှုတ်ဆက်ရင်း ပြောသည်။
ဦးဘမြိုင် လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုတ်ထားသော အိပ်လေးကို လူရွယ့်ဆီသို့ ထိုးပေးပြီး
“ဒါလေးကို ဌာပနာ တည်တဲ့ထဲ ထည့်ပေးပါ ငါ့တူ ”
ဟု ပြောလိုက်လေတော့သည်။။။။။အဲ့ဒီအချိန်မှာ ဦးဘမြိုင်ရဲ့ မျက်နှာမှာ အပြုံးတွေဝေလို့.။
စောစောက ချွေးသီးချွေးပေါက်တွေလည်း မရှိတော့ဘုး။ သူ့ရင်ထဲမှာ ယခုအခါ
တကယ့်ကို အေးချမ်းသွားပြီ ဖြစ်သည်။။။။။။


( နိဂုံး )

တကယ်တော့ ဘ၀ဆိုတာ ၀င်္ကပါကြီးပါ ။အဲ့ဒီဝင်္ကပါကြီးမှာ အပေါက်တွေ ဘယ်လောက်များများ
တံခါးတွေ ဘယ်လောက်များများ သော့ကတော့ တစ်ချောင်းထဲပဲ ရှိပါတယ်။
ယခု ဦးဘမြိုင် လှူလိုက်တဲ့ လက်စွပ် တစ်ကွင်းဟာ တချိန်ချိန်မှာ သံသရာ ၀င်္ကပါ ထွက်ပေါက်ကို
ဖွင့်တဲ့ သော့လေး တစ်ချောင်း ဖြစ်ခဲ့မယ် ဆိုလျှင်.....။


ကြိုးစားပါဦးမည်........။ http://www.lwannaung.co.cc

စက်တင်ဘာလ အပြင်စီး ( မလေးရှားထုတ် ) တွင် ပုံနှိပ် ဖော်ပြပြီး ဖြစ်ပါသည်.......။

ဆန္ဒမွန်ဖြင့်........လွမ်းနောင်

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။