Tuesday 20 September 2011

စိတ္တဇရဲ့နောက်ဖျား လွင့်ပါးသွားသော ရွက်ဝါငယ်

ကျွန်တော် ရောက်နေတာက မြို့လေးရဲ့ မြောက်ဖျားတွင် ရှိသော အအေးဆိုင် တစ်ဆိုင်တွင် ဖြစ်သည် ။ ကျွန်တော် စောင့်နေသည်…။ ဟုတ်ပါသည်. …….။ ချစ်သော လှိုင့်ကို ကျွန်တော်
စောင့်နေခြင်း ဖြစ်သည် ။ညနေ လေးနာရီ ကျော်ပြီမို့ ဆည်းဆာက သူရဲ့ အလှတရားအငုံလွှာကို
ပွင့်ဖူးပြရန် အားယူနေသယောင် ရှိ၏ ။ ဟော………. တွေ့ရပါပြီ….။ ဟိုး…….ခပ်ဝေးဝေးမှ လှမ်းလာနေသော ချစ်သော လှိုင့်ကို တွေ့ရပါပြီ ….။ လှိုင်…သို့မဟုတ်…..နွေးနွေးလှိုင်…..။
ကျွန်တော့် ရင်တွေ ခုန်နေသည်….။ အ၀ါရောင် ပိုးပျော့ထမီ ၊ အဖြူပေါ်တွင်…ပန်းပွင့်လေးတွေ
ဖောက်ထားသော လက်ရှည်အင်္ကျီလေးနှင့် လှိုင်သည် ဆည်းဆာ၏အစ နိဒါန်း ပွင့်လိုက်သည့်
အလှပန်းနှင့်ပင် တူချေသေးတော့သည်…။ ရှည်လျားနက်မှောင်လှသော ဆံနွယ်တွေကို တပတ်လျှို ထုံးပြီး ရှေ့သို့ချထားပုံလေးက မဟာဆန်သည်….။ လှိုင် လျှောက်လာနေသော ဟန်လေးကလည်း နန်းဆန်သည်ဟု ကျွန်တော်ထင်သည်.။

“ ရောက်နေတာ ကြာပြီလား အစ်ကို ”
သာသည်….။ ၀င်လာရင်း မေးလိုက်သော လှိုင့်အသံလေးက သာယာလှသည် ။ နွဲ့တာလည်း မမည် ။ တီတာ လည်းမဟုတ်..။ ပီသကြည်မြသည်.။ ကြားရသူ ရင်ကိုအေးစေသည်….။
လှိုင့်အသားလေးများက ၀င်းနေသည်..။ မဟုတ်….။ ၀င်းနေတာ မဟုတ်သေး…..လင်းနေသည်.။
မှန်သည်…..လှိုင့်အသားရောင်လေးများက အပူရှိန်ဖျော့နေသော နေရောင်အောက်တွင် တစ်မျိုးလေး လင်းနေသည် ။

“ ဟေ့ …လူကြီး…လူကို မမြင်ဖူးတာ ကျနေတာပဲ ကြည့်နေလိုက်တာ ”
လှိုင့်အသံကြားမှ ကျွန်တော် သတိပြန်ဝင်လာသည် ။ လှိုင်က ကော့ပျံသော မျက်တောင်တို့ ၀န်းရံသော မျက်လုံး ကြည်ကြည်တို့ဖြင့် ကျွန်တော့်ကို ကြည့်နေသည်…..။
“ လှိုင် …….ဒီနေ့ သိပ်လှတယ်… ”
ကျွန်တော့် စကားဆုံးတော့ လှိုင်က စူစူလေးပြုံးရင်း…..
“ အွန်…..ဒါဆို……အရင်နေ့တွေကတော့ မလှဘူးပေါ့…”
လှိုင့် အပြောလေးကြောင့် ကျွန်တော် ပြုံးမိသွားသည်…။ တကယ်တော့ လှိုင်သည် အမြဲတမ်း လှနေသူ ဖြစ်ပါသည်….။

“ ဒါနဲ့ အစ်ကို လှိုင့်ကိုပြောစရာ ရှိတယ်ဆို….”
လှိုင်ပြောလိုက်မှ ကျွန်တော် လာရင်းကိစ္စကို သတိရမိသည်….။

“ ဟုတ်တယ်လှိုင်…ဒီတပတ် အစ်ကို ခရီးထွက်စရာ ရှိတယ်. ၊ တပတ်လောက်တော့ ကြာမယ် ၊
အဲ့ဒါ လှိုင့်ကို ပြောချင်လို့…… ”

“ ထုံးစံအတိုင်း ရန်ကုန်ကိုလား ”
“ အင်း ဒီတစ်ခေါက်က ရန်ကုန်တင် မဟုတ်ဘူး နယ်ဘက်တွေရော လှည့်ချင်လို့လေ.. မကြာပါဘူး တစ်ပတ်ပါပဲ… ။ နောက်ဆိုရင်တော့ ဒါတွေကို အစ်ကို့လက်ထောက် နေ၀င်းနဲ့ပဲ
လွှဲပေးတော့မယ်…. လှိုင်နဲ့ ခဏခဏ မခွဲချင်ဘူး ”
ကျွန်တော်က လှိုင့်ရဲ့ ပျော့ပျောင်းသေးသွယ်သော လက်ချောင်းကလေးများကို ဆုတ်ကိုင်ရင်း ပြောလိုက်သည်…။
“ သွားပါ ..ပိုကို ပိုတယ်..။ ဒါပဲနော်…. ပြန်လာရင် လှိုင့်အတွက် လှိုင်သိပ်ကြိုက်တဲ့ နှင်းဆီဖြူတွေ
ဝယ်ခဲ့ပေး ၊ ဒါပဲ မို့လား . ….၊ ပြန်ကြရအောင်နော်..အိမ်မှာ ဒေါ်ဒေါ် တစ်ယောက်တည်း ရှိတာ ”

ပြောပြော ဆိုဆို လှိုင်က ထိုင်ရာမှ ထသည်.။ အအေးဖိုးပိုက်ဆံကို ထားခဲ့ပြီး ကျွန်တော်ပါ လှိုင့်နောက်သို့ လိုက်ခဲ့ရသည်…။ဒီတစ်ခါ တွေ့ဆုံခြင်းသည် လှိုင်နဲ့ ကျွန်တော် ချစ်သူ ဖြစ်သော သက်တမ်းတစ်လျှောက် ငါးကြိမ်မြောက် နှစ်ယောက်တည်း တွေ့ဆုံခြင်း ဖြစ်သည်….။
ကျွန်တော်တို့ နှစ်ယောက်ရဲ့ တူညီသော ဆန္ဒအရ တွေ့သည့်အခါတိုင်း လူမြင်ကွင်းမှာပဲ တွေ့ကြသည် .။ဘယ်တော့မှ ဆိတ်ကွယ်ရာ နေရာကို နှစ်ယောက်တည်း မသွား .။
လှိုင်က သူရဲ့ ဣနြေ္ဒ ၊ သိက္ခာတရားကို တန်ဖိုးထားသလို ကျွန်တော်ကလည်း သစ္စာတရားကို
မြတ်နိုးသူဖြစ်သည်….။

“ အစ်ကို …နေရစ်တော့နော်….လှိုင်သွားတော့မယ်…”
“ အင်းးးးး”
“ အင်းး ” တစ်ချက်ကို သံရှည်ဆွဲရင်း ကျွန်တော် လှိုင်သွားရာကို ငေးငေးလေး ကြည့်နေမိတော့သည်..။ ဆည်းဆာကတော့….အလှဖြာပြီး တင့်လွန်းပေစွ……။


@@@@@@@@@@@@@@@@@@@@@@

“ မလုပ်ပါနဲ့…အမေ့ကို ဘာမှ မလုပ်ပါနဲ့….”
သူမ အသံကုန် အော်နေမိသည်.။ သို့သော်…လူယုတ်မာက သူမအသံကို ဂရုပင် မထား. ။
အမေ့ကို မတရား ကြံစည်ရန် ကြိုးပမ်းနေသည်..။
“ အမေ့ကို မလုပ်နဲ့ အမေ့ကို မလုပ်နဲ့… ”
“ ဟာ…….ဒီသောက်ကလေး …သွားစမ်းကွာ….”
“ ဖျန်း…..”
သူမမျက်စိတွေ ပြာဝေသွားသည်…။ အရိုက်ခံရသော မောင်လေးမှာ လွင့်ထွက်သွားပြီး ခေါင်းနှင့်
နံရံ တိုက်မိကာ ဂျိုစောင်းမှ သွေးတွေ ထွက်လာသည်…။
“ မောင်လေး…..မောင်လေး….”
သူမ ခေါ်ပေမယ့် မရ..။ မောင်လေးက ဘာမှ ပြန်မထူး…။သူမ မျက်စိထောင့်ထဲ “ လင်း ” ကနဲ
ဖြစ်သွားသည်မို့ လှည့်ကြည့်လိုက်တော့….အမေ့လက်ထဲမှာ ဓားတစ်ချောင်း….။
“ မလုပ်နဲ့ ….မလုပ်ပါနဲ့……..အမေ….အမေ…….”
သူမ မျက်နှာတစ်ခုလုံး ချွေးစေးတွေ ပြန်နေသည်..။ သူမ အိပ်မက်တွေ မက်နေခြင်းဖြစ်သည်…။
ဆိုင်လေးက နေ့လည် သုံးနာရီ ကျော်လောက်မှာ လူပါးသည်မို့ အဒေါ်တစ်ယောက်တည်း ထားခဲ့ပြီး အိမ်ပေါ်တတ်မှေးရင်း အိပ်ပျော်သွားခြင်း ဖြစ်သည်…။ သူမ ဒီအိပ်မက်ကို အကြိမ်ကြိမ်
မက်ဖူးသည်..။ အိပ်မက်….။မဟုတ်သေး…အိပ်မက်မဟုတ်သေး..၊ သူမငယ်စဉ်က အဖြစ်အပျက် ။
ဘယ်တော့မှ မေ့မှာ မဟုတ်သည့် အဖြစ်အပျက်..။အသက်နှင့် အရှက်တရားတွင် အရှက်ကိုပဲ
အလေးထားသူမို့ သူ့ကိုယ်သူ အဆုံးစီရင်သွားသော အမေ့ပုံရိပ်က သူမမျက်ဝန်းထဲမှ ခုထိ မထွက်.။ ဒီအကြောင်းတွေ တွေးလိုက်တိုင်း သူမရင်နာသည်…။ ထိုစဉ်က ဒဏ်တွေကြောင့်
မောင်လေးမှာလည်း ယခုထိ ဦးဏှောက်ဥာဏ်ရည် မမှီခဲ့…….။ လူတွေကြားမှာ . ..အမြဲတမ်း
မျက်နှာငယ်နေရသည်….။ အတိတ်က စိတ္တဇဝေဒနာက ရင်ကိုနာကျင်စေသည်.။ သူမ ရင်ထဲ
စူးစူးနင့်နင့် အောင့်နေသေးသည်………..။


@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သူမကိုယ် သူမ မှန်ထဲ ပြန်ကြည့်ပြီး ကျေနပ်နေမိသည်.။ မနက်ဖြန်ဆိုရင်တော့ အစ်ကိုနိုင်ဦး
ပြန်ရောက်လာတော့မည်.။ ဒီတစ်ခေါက်ပြန်လာရင် လူကြီးတွေကို ဖွင့်ပြောပြီး သူမတို့ မင်္ဂလာ
ကိစ္စအတွက် စဉ်းစားရတော့မည်.။ လူကြီးတွေဆိုပေမယ့် သူမအဒေါ်တစ်ယောက်သာ ရှိပါသည်.။
ကိုနိုင်ဦးကလည်း တစ်ကောင်ကြွက်မို့ ..သူ့ဘက်မှာ အုပ်ထိန်းသူ မရှိ…။ မောင်လေး……။
ခါတိုင်းဆို မောင်လေးသည် အိမ်သို့ တစိမ်းယောက်ျားလေးများ ၀င်တာထွက်တာ ၊သူမနဲ့ စကားပြောတာတွေကို မကြိုက်ပါ….။ ကိုနိုင်ဦးကတော့ မောင်လေးနဲ့ ရေစက်ရှိသည် ဆိုရမည်.။
သူတို့နှစ်ယောက် တွေ့လိုက်လျှင်…တဟီးဟီး….တဟားဟားနဲ့…..။ အမြဲ ငိုင်တိ ငိုင်တိုင်နေသော မောင်လေးလည်း ကိုနိုင်ဦးနဲ့တွေ့မှပဲ ပြုံးပြုံးရွှင်ရွှင်ဖြစ်နေတတ်တော့သည်.။
“ ဟင်…”
မှန်ကြည့်ရင်း အတွေးများနေသော သူမ မှန်ထဲတွင်ပေါ်လာသော လူရိပ်ကြောင့် အထိန်တလန့်
နောက်လှည့်ကြည့်မိသည်..။သန်းဆောင်..။ သူမတို့ခြံရဲ့ နှစ်အိမ်ကျော်မှ ကုလားကပြား သန်းဆောင် ။သူမ လန့်သွားသည်.။ လောလောဆယ် အိမ်မှာက သူမတစ်ယောက်တည်း ။
ဒေါ်လေးက ဈေးသွားသည်.။ မောင်လေးကလည်း ဒေါ်လည်းနှင့် အတူ လိုက်သွားသည် ။
“ ရှင်……ရှင်……..ဘာလာလုပ်တာလဲ…”
သန်းဆောင်က တဟဲဟဲ……ရယ်ရင်း ရှေ့ကိုသာ တိုးလာသည်.။သွားပြီ…။ အိမ်မှာက တစ်ယောက်တည်း ..။ ထမင်းဆိုင် ဆိုပေမယ့် ဒီနေ့ သူမ သိပ်နေမကောင်းသဖြင့် ဆိုင်ပိတ်ထားသည်..။ အသံတွေက အက်ရှနေပြီး အာခေါ်တွေက နာနေသည်..မို့ အော်လို့လည်း အသုံးဝင်မည်မထင်…။ သူမ မျက်စိကစားကြည့်မိသည်……။တွေ့ပြီ…..။ ဓား…….၊ သူမနေ့တိုင်းလိုလို အသုံးပြုရသော ဟင်းသီးဟင်းရွက်များ လှီးသည့် ဓားချွန်းဓား….။သူမ အမြန်ပင် ဓားကိုပြေးယူသည်.။ သန်းဆောင်က သူမကို ၀င်လုံးသည်….။ နှစ်ယောက်သား လုံးလား ထွေးလား.။
“ ကယ်ကြပါဦး….ကယ်ကြပါဦး…..”
အသံက တိုးညှင်းလွန်းသည်.။ လည်ချောင်းဝမှာပင် ပျောက်ထွက်သွားသယောင်.။ သူမအားကုန်ရုန်းသည်….။ သန်းဆောင်က သူမကို ပွေ့ဖက်နမ်းရန် ကြိုးပမ်းနေသည်.။
သူမ အသားကုန် စောင့်ရုန်းရင်း ဓားကို လက်လှမ်းလိုက်သည်….။သန်းဆောင်က ဓားကို ၀င့်ခွင့်မပေး …..။ အတင်းဝင်လုံးသည်….။ သူမဓားကို မြဲမြဲ ဆုတ်ကိုင်ရင်း ရုန်းသည်…။
သူမမျက်စိထဲတွင် သန်းဆောင်က သန်းဆောင် မဟုတ်တော့….။လူယုတ်မာ…….။ အမေ့ကို စော်ကားရန် ကြံစည်သော လူယုတ်မာ…….။သူမကလည်း သူမမဟုတ်တော့…။ မဟုတ်တော့…။
“ လူယုတ်မာ သေစမ်း..သေစမ်း..”

လူယုတ်မာရဲ့ လက်တွေမှာ သွေးတွေချင်းချင်းရဲနေပြီ.။ သို့ပေမယ့် ဓားက ချက်ကောင်းကို မထိသေး….။ ရမ်းသည်….။ ရမ်းရင်းမှ သူမအာရုံကို အမေ့ပုံရိပ်လွှာတွေက စိုးမိုးနေသည်.။
သတိတရားက လွတ်ချင်ချင်……..။
“ အားးးး”
သူမ သတိဝင်လာသည်….။ လူယုတ်မာ သန်းဆောင်က သူမကို ပြူးကြောင်ပြီး ကြည့်နေသည်.။
သူမ လက်ထဲက ဓားကတော့ သူမကိုယ် သူမ ထိုးစိုက်မိလျက်သား………။
သူမ မျက်ဝန်းထဲ ဒေါ်လေးနဲ့ မောင်လေးရဲ့ အရိပ်ကို ဖျပ်ကနဲ တွေ့လိုက်ရသည်..။သူမ အနေနဲ့
နောက်ဆုံး သိလိုက်တာက…. သန်းဆောင်ကတော့ အိမ် ပြတင်းပေါက်မှ အတင်းပင် ခုန်ပြီး ထွက်ပြေးသွားခြင်း ဖြစ်သည်….။ ထို့နောက်တော့…..ဒေါ်လေးရဲ့ အော်ဟစ် အကူအညီတောင်းသံများ…။နောက်တော့……နောက်တော့………..။ မသိ…….။ဘာကိုမှမသိတော့……..။သူမအာရုံကို အမှောင်အတိလွှမ်းသွားတော့သည်..။


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

“ ဟင်..”
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော် အံသြသွားသည်….။လှိုင်တို့အိမ်ရှေ့မှာ လူတွေ တော်တော်များပါလား….။စိုးရိမ်စိတ်နဲ့အတူ ကျွန်တော် အိမ်ထဲကို လှမ်းဝင်လိုက်သည်….။
လူတွေအားလုံးရဲ့ မျက်နှာတွေက ညှိုးလျော်နေသည်.။သိချင်ဇောနဲ့ ကျွန်တော် အိမ်ပေါ်ကို
အမြန်တတ်လိုက်သည်.။ မြင်လိုက်ရသည်က ရင်ဝကို ဆောင့်ကန်လိုက်သလို ခံစားရသည်.။
လှိုင်…။ ချစ်စွာသော…..လှိုင်..။ အိပ်နေသလော.။ မဟုတ်…။ မဟုတ်သေး….။အိပ်နေတာ..
မဟုတ်သေး…..ဒါ…..ဒါဆိုရင်……

“ ဘာဖြစ်လို့လဲ..လှိုင် ဘာဖြစ်လို့လဲ..”
မေးရင် ကျွန်တော် လူတွေကို တိုးဝှေ့ကာ လှိုင့်နံဘေးကို ၀င်ထိုင်လိုက်သည်…။
“ မောင်နိုင်ဦး…..လှိုင်….လှိုင်ဆုံးပြီကွဲ့…”
လှိုင့်ဒေါ်လေးက မျက်ရည်တွေ ကြားမှ ကျွန်တော့် အမေးကို ဖြေသည်….။
“ ဘယ်လိုဖြစ်တာလဲ……။ဘာလို့ လှိုင်သေရတာလဲ..၊
တစ်ယောက်မှ မဖြေ ၊ အားလုံးက ကျွန်တော့်ကိုသာကြောင်ပြီး ကြည့်နေသည်. ။
“ ပြောဦးလေ ..ကျွန်တော့်ကို ပြောဦး ၊ ပြောကြဦးလေ အသေကြီးတွေလို လုပ်မနေပါနဲ့ ”
ဒေါသံနှင့် ၀မ်းနည်းမှုတို့ကြောင့် ကျွန်တော့်လေသံက လိုတာထက် ပိုမာသွားသည်ဟု ထင်သည်။
လှိုင့်ဒေါ်လေးက မျက်ရည်များကို သုတ်ပစ်ပြီး……..
“ ဒီလိုကွဲ့….မောင်နိုင်ဦး ” ဟု အစချီကာ ဖြစ်ကြောင်းကုန်စင် ပြောပြသည်.။
ရင်နာသည်…။ ကျွန်တော့်ရင်မှာ နာသည်.။ လက်ထဲက နှင်းဆီပန်းဖြူများကို လှိုင့်ခေါင်းရင်းတွင်
ထားလိုက်ရင်း ကျွန်တော် မရှင်းသည့် အချက်ကို မေးလိုက်သည်.။
“ ဒေါ်လေး လှိုင်က ဘာဖြစ်လို့ သူ့ကိုယ်သူ ဓားနဲ့ ထိုးတာလဲ..”
ဒေါ်လေးမျက်နှာ ပိုမိုရင့်ရော်သွားသည်ဟု ကျွန်တော်ထင်သည်.။ မျက်နှာက မှုန်မှုန်မှိုင်းမှိုင်း ။
တစ်စုံတစ်ခုကို လွမ်းဆွတ်နေသယောင် …။ပြီးတော့…..တဖြည်းဖြည်းချင်း ပြောသည်.။

“ စိတ်ပေါ့ကွယ်……..လှိုင်က ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာရခဲ့တယ်.။ သူ ငါးနှစ်သမီးမှာ
သူ့အမေ အဒေါ့်အစ်မကို လူယုတ်မာတစ်ယောက်က စော်ကားတာကို မြင်တွေ့ခဲ့ရတယ်.။
အစ်မက သူ့အသက်ထက် အရှက်ကို တန်ဖိုးထားတာမို့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်…၊
အဲ့ဒီတုန်းက ဒဏ်ကြောင့် တူလေး အောင်နိုင်လည်း ဦးဏှောက် ဥာဏ်ရည်မမှီတော့ဘူး .။
ဒါတွေကို ငယ်ငယ်နဲ့ ခံစားခဲ့ရတဲ့ လှိုင့်စိတ်ထဲမှာ အစွဲကြီးတစ်ခုလို ဖြစ်နေတယ်..။ ခု သူကြုံတဲ့
ပုံစံက သူငယ်ငယ်က ခံစားရတဲ့ ပုံစံဖြစ်နေတော့…သူ့စိတ်ကို မထိမ်းနိုင်တော့ပဲ သူ့အမေတုန်းကလိုပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတော့တာပါပဲကွယ်…”

ကျွန်တော် ယူကျုံးမရဖြစ်မိသည်..။ ယူကျုံးမရခြင်းနဲ့အတူ ဒေါသတရားကလည်း နောက်ကနေ ကပ်ပါလာသည်….။ ချစ်သော လှိုင့်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ဒေါ်လေးကို နှုတ်ဆက်ကာ
အိမ်ပေါ်မှ ကျွန်တော် ဆင်းခဲ့သည်.။ဘယ်သွားမည်နည်းဟု ကျွန်တော့်ကို ကျွန်တော် မဆုံးဖြတ်နိုင်မီ...ကျွန်တော့်ခြေလှမ်းတွေက သန်းဆောင်အိမ်ဘက်ကို အလိုလို လှမ်းမိရက်သား.
ဖြစ်နေသည်..။အလိုလိုမှ လူမျိုးခြားကုလားတွေကို မုန်းနေသော ကျွန်တော် သန်းဆောင်အိမ်ကိုရောက်တော့ ဒေါသကိုမထိမ်းနိုင်တော့.။
“ ဘယ်မလဲ…သန်းဆောင် ဘယ်မလဲ…….ပြောစမ်း…”
“ ဒုန်း…”
ဒေါသလှိုင်းတွေထန်ပြီဖြစ်တဲ့ ကျွန်တော် ဘာကိုမှမသိတော့ ။ သန်းဆောင်မိန်းမနှင့် ကလေးငယ်များက အောင်ဟစ်ငိုယိုကာ တောင်းပန်နေသည်.။ရရိုးလား.။ ဒီလိုတောင်းပန်လို့သာ ရမယ်ဆိုရင် ချစ်စွာသော လှိုင် သေစရာ အကြောင်းမှ မရှိတာ ။ အိမ်ထဲမှ တွေ့သမျှ ပစ္စည်းများကို
ကျွန်တော် အကုန် ဆွဲဖျက်သည်.။အိမ်လေးတစ်ခုလုံးက မုန်းတိုင်းငယ် ၀င်ရောက်သွားသည့် အတိုင်း ဖွာရရာကြဲနေသည်.။
“ ကိုသန်းဆောင်ရဲ့……လာကြည့်လှည့်ပါဦး .၊ ရှင်ပေးခဲ့တဲ့ ဒုက္ခတွေ…၊အိမ်မှာနေတုန်းကလည်း ရှင့်ကို အိမ်ကနေ ထွက်သွားစေချင်တယ်..၊အခုထွက်သွားတော့လည်း ဒုက္ခပေးခဲ့သေးပါလား
ကိုသန်းဆောင်ရဲ့…”

ဟစ်တင်လိုက်တဲ့ သန်းဆောင် မိန်းမရဲ့ စကားက ကျွန်တော့်အသိတရားကို လှုပ်နှိုးလိုက်သယောင် ရှိ၏ ..။လူ……..။ ကုလားပဲဖြစ်ဖြစ် မြန်မာပဲဖြစ်ဖြစ်….၊
တရုတ်ပဲဖြစ်ဖြစ်…..လူ၊ မွတ်စလင်ပဲ ဖြစ်ဖြစ် ၊ခရစ်ယာန်ပဲ ဖြစ်ဖြစ် ၊ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်
အားလုံးကလူ…..။ အသားမဲတာ….အသားဖြူတာ….လူပဲ…..။လူတွေချည်းပင်.။
လူကို လူချင်း……..။တော်ပါပြီ…။ မလိုအပ်တော့ပါ…..။ မလုပ်လိုတော့ပါ…။
ကျွန်တော့် ဒေါသတရားတွေ ပြေပျောက်သွားပါပြီ.။ ဆို့ပိတ်နေသော မောဟတံခါး ပွင့်သွားပါပြီ.။
ကျွန်တော့် ခေါင်းထဲမှာ ဖတ်ဖူးသော စာတချို့ကို သွားသတိရမိသည်.။

“ ရောဂါမှာ ရှေ့တိုးသော ဖြစ်စဉ်ဆိုတာ ရှိတယ် ၊ ချို့တဲ့မှုက တစ်စုံတစ်ရာသော အခြေအနေမှာပဲ ငြိမ်တန့်မှု ရှိတယ် ၊နျူရိုးဆစ်က ချို့တဲ့မှုပဲ ၊ရောဂါ မဟုတ်ဘူး..၊ဆိုက်ကိုးဆစ်က ရောဂါ ၊ရောဂါမှ
အစရှိတယ်.၊ရှေတိုးဖြစ်မှု ( ၀ါ) မရပ်မနားမှုရှိတယ်.၊ ကုသလို့ရရင်ရ ၊မရရင် သေခြင်းဆိုတဲ့ အဆုံးရှိတယ်…”

လူတစ်ယောက် ကျွန်တော့်နားသို့ ကပ်လာရင်း တိုးတိုးပြောသည်….။

“ သန်းဆောင်ကို ဟိုဘက်ရပ်ကွက်မှာ ဖမ်းမိတယ်..”

မလိုတော့ပါ..။ လှိုင်ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပါပြီ…။ စိတ္တဇရောဂါရဲ့ အဖျားရိုက်ခတ်သော ဒဏ်ကို ခံလိုက်ရသော ကြောင့် ကြွေလွင့်သွားသော ရွက်ဝါလေးပမာသာ....။သွားပါစေ...။ဘာမှ ဆုတ်ကိုင်မထားလိုတော့ပါ…။ သွားပါစေ….။
စိတ်အလျဉ်ခေါ်ဆောင်ရာနောက်ကိုသာ ကျွန်တော် ရုပ်က လိုက်နေသည်….။ တစ်လှမ်း….၊
နှစ်လှမ်း……သုံးလှမ်း……………။


ကြိုးစားပါဦးမည်….။
ဆန္ဒမွန်ဖြင့်……..။လွမ်းနောင်……။

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။