Sunday 11 November 2012

ကြယ်တွေစုံတဲ့ ကောင်းကင်


 မခမ်းမနား ၊ မဆန်းပြားလည်း
စွမ်းအားပြည့်စုံ ၊ မွှေးနံထုံသည်
လက်ဆုံခင်းသည့်  ထမင်းဝိုင်း

 အွန်လိုင်းပေါ်တွင် သူငယ်ချင်း တစ်ယောက် တင်ထားသော ကဗျာလေးကို ဖတ်အပြီး သူမရင်ထဲ သိမ့်သိမ့်လေး လှုပ်ရှားသွားသည် ။ နေ့တစ်နေ့တာတွင် သူမအတွက် အပူလောင်ဆုံး အချိန်သည် မနက်ခင်းဖြစ်ပြီး အအေးမြဆုံး အချိန်သည် ဆည်းဆာရီ တစ်ခုသာ ဖြစ်သည် ။
မနက်ခင်းဆိုလျှင် အဖေနဲ့ အမေတို့က အိမ်ကနေ ထွက်ပြီး ရုံးသို့ သွားသည်။ တစ်နေ့လုံး အိမ်ထဲမှာ သူမ တစ်ယောက်သာ ရှိသည်မို့ မနက်ခင်းကို သူမ မုန်းသည် ။ ညနေခင်းကိုတော့ချစ်သည် ။ တိမ်အလွှာတွေက ဇာပ၀ါကွန့်သလို အတွန့် အတွန့်တွေက တစ်မျိုး ၊ ဟိုးးးးးအထက်သို့ ထောင်တက်နေသည်က တစ်ဖုံ ၊ ငိုရဖန်များ၍ နီရဲ မို့အစ်နေသော မျက်လုံး ပုံစံကဲ့သို့ နေမင်းကြီး ၊ ဆိုင်ရာ ဆိုင်ရာ ဌာနေသို့ ပြန်နေသော ငှက်အုပ်များ ။ ဒီမြင်ကွင်းတွေက ဆည်းဆာရဲ့ အလှတွေပင်ဖြစ်သည်။ ဒီအလှတွေကို အနားကွပ်ပေးတာကတော့ သူမရဲ့ မိဘနှစ်ပါး အိမ်အပြန်ခရီးဖြစ်သည် ။ သူမသည် မိသားစုကို တွယ်တာသည် ။ သူမတို့ မိသားစုမှာ.ကဗျာလေးထဲကလို လက်ဆုံခင်းသည့် ထမင်းဝိုင်း မဖြစ်တာ အတော်ပင် ကြာခဲ့လေပြီ..။

အတွေးကို ဖျောက်ကာ အနားမှ ကော်ဖီခွက်ကို ကောက်ယူပြီး တစ်ငုံ ငုံလိုက်ကာ နောက်ထပ် ၀တ္ထု တပုဒ် ထပ်ပြီး ဖတ်ရန် လက်မှ မောက်စ်ကို လှုပ်ရှားပြီး ရှာကြည့်သည် ။အမှန်တော့ ဒီကွန်ပျူတာလေးက သူမအတွက် သက်မဲ့ အဖော်မွန်တစ်ခုသာ ဖြစ်သည် ။

“ သမီးရေ...ညနက်တဲ့ ထိအောင် မနေနဲ့နော် ”

“ ဟုတ်ကဲ့ အမေ ”

နောက်ကို လှည့်မကြည့်ပဲ အမေ့ကို ပြန်ပြောလိုက်ရင်း ရှေ့မှ ကွန်ပျူတာကိုသာ သဲသဲမဲမဲ ကြည့်နေမိသည် ။ တစ်ခါတလေတော့လည်း သူမ ၀မ်းနည်းမိသည် ။ သူမအတွက် အဖော်က သက်မဲ့ ကွန်ပျူတာလေး တစ်ခုဖြစ်နေခြင်းက ကံဇာတ်ဆရာ၏ ကြံဖန်ကျီစယ်မှုပေလော မသိ ။အမေနှင့် အဖေက ၀န်ထမ်းတွေမို့ မနက်ပိုင်းကနေ ညနေထိ အိမ်မှာနေသည်ဟု မရှိပေ ။ အမှန်တော့ သူမမှာ အစ်ကိုသုံးယောက် ရှိပါသည် ။
သူမတို့ မောင်နှမမှာ သူမက အငယ်ဆုံး ။ ယောက်ျားလေးတွေကြားမှာ တစ်ဦးတည်းသောမိန်းကလေးမို့ သူမက မိန်းမ မဆန်လှပါ ။ဆံပင်ခပ်တိုတိုနဲ့ မျက်မှန်အမြဲတပ်ထားတဲ့ သူမက မသိရင် ယောက်ျားလေး တစ်ယောက်လိုလို ။ အစ်ကိုတွေကတော့ အိမ်ထောင်ကျပြီးကတည်းက တစ်ယောက်ပြီး တစ်ယောက် အိမ်ခွဲသွားခဲ့သည် ။ အိမ်က စီးပွါးရေးက အဆင်ပြေသည်မို့ သူမကို အပြင်အလုပ် ထွက်မလုပ်ခိုင်းပါ ။ အိမ်မှာပင် နေခိုင်းသည် ။ တွက်ကြည့်လျှင် ယခု သူမ အသက်ပင် ၂၄ နှစ်ပြည့်ပြီးသွားပြီ ။

အသက်ငယ်ငယ်နဲ့ အလုပ်လုပ်သည့် သူတွေ အကြောင်းကို ကြားရ သိရတိုင်း သူမကို သူမ အားငယ်မိသည် ။ သူမက အမြဲတမ်း အလုပ်လုပ်ချင်ခဲ့သည် ။ သို့သော်...အဖေနဲ့ အမေကလည်း သူမကို ဘယ်လိုမှ အလုပ်ထွက်မလုပ်ခိုင်း ။ အငယ်ဆုံးကလည်း ဖြစ်ပြန် သမီးမိန်းကလေးလည်း ဖြစ်ပြန်တော့ အချစ်ပိုတာကို နားလည်ပေမယ့် ဒီအရွယ်ထိ အလုပ်မလုပ်ခိုင်းတာကိုတော့ သူမအလိုမကျပါ ။အိမ်ထဲမှာ တစ်ယောက်တည်း နေရသော ဘ၀ကို သူမငြီးငွေ့လှပြီ ။ ပူဆာလွန်းမက ပူဆာတော့ အိမ်မှာတစ်ယောက်တည်းနေရတာ မပျင်းအောင် ဆိုပြီး ကွန်ပြူတာ တစ်လုံး ၀ယ်ပေးသည် ။ အင်တာနက် ချိတ်ပေးသည် ။ ကျောင်းပြီးခါစက သင်တန်းတက်ဖူးသဖြင့် ကွန်ပျူတာနဲ့ သူမက သိပ်မစိမ်းလှပါ ။ ကွန်ပျူတာလေး ရောက်လာပြီးတော့ သူမ ခါတိုင်းထက်တော့ နေရတာ ပျော်မွေ့လာပါသည် ။
အင်တာနက် ချိတ်ဆက်ပြီး သူမ ၀ါသနာပါသော စာများကို အပြင်သွားစရာ မလိုပဲ ကွန်ပျူတာထဲမှာတင် ရှာဖတ်နိုင်သည်မို့ သူမ ပျော်ရပါသည် ။ တစ်ခါတလေတော့လည်း သူမ တော်တော်ဝမ်းနည်းမိသည် ။သူမ ကျင်လည်ရာ အသိုက်အ၀န်းသည် လူ့လောကကြီးနှင့် ကမ္ဘာတစ်ဖက် ခြားနေသလားဟုသံသယဖြစ်မိသည်  ။ လူ့ဘ၀ လူ့လောကကြီးတွင် ဘာအလုပ်မှ မလုပ်ပဲ အိမ်မှာနေပြီး စည်းစိမ် ခံစားနေရသော သူမသည် လူပို တစ်ယောက် ဖြစ်နေပြီလော။ ထိုသို့နေရခြင်းသည် ပြီးပြည့်စုံသော လူ့ချမ်းသာပေလော ဟု…. သူမ အကြိမ်ကြိမ် တွေးမိသည် ။
စိတ်ကျေနပ်လောက်စရာ အဖြေတော့ တစ်ခါမှ မတွေ့ ။ ခေါင်းတွေ နောက်လာတာသာ အဖက်တင်သည် ။

@@@@@@@@@@@@@@@@@@@@@@@@@@


သူမရောက်နေသည်က လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်တွင် ဖြစ်သည် ။ အိမ်မှာနေရတာ ငြီးငွေ့လွန်းသဖြင့် ဒီနေ့ ပန်းဆိုးတန်းသို့ သွားကာ သူမ လိုချင်သော စာအုပ်အချို့ ၀ယ်လာခဲ့သည်။ ပြီးတော့  အဖေနှင့် အမေ သိပ်ကြိုက်သော ကိတ်များနှင့် တိုတိုထွာထွာ မုန့်များ ၀ယ်ကာ ဒီဆိုင်လေးကို ရောက်လာခြင်းဖြစ်သည် ။ ဆိုင်လေးက အခြေခံလူတန်းစားတွေ နေထိုင်ရာဖြစ်သည့် ရပ်ကွက်ကလေးမှ ဆိုင်လေးဖြစ်သည် ။ဒီဆိုင်လေးက သူမရဲ့ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ အေးခိုင်တို့လင်မယား ဖွင့်ထားသော ဆိုင်လေးဖြစ်သည်။

 “ ဟဲ့ ဌေးဌေး နင်လည်း ကျောင်းပြီးကတည်းက ပျောက်နေလိုက်တာ ခုမှပဲ ပေါ်လာတော့တယ် ”

 “ အောင်မယ် နင်ကရော ငါ့ဆီ ဘယ်နှစ်ခေါက် လာဖူးလို့လဲ ”

သူငယ်ချင်းရဲ့ စကားကို ပြန်လည် ချေပရင်း လက်ဖက်ရည်တစ်ကျိုက် ကောက်မော့လိုက်သည် ။မတွေ့ရတာ တော်တော်ကြာပြီမို့ သူငယ်ချင်းနှစ်ယောက် ပြောစရာများက မကုန်နိုင်ခဲ့ ။

 “ စကားပြောကောင်းနေလိုက်တာ  ငါးနာရီတောင် ထိုးပြီးပြီ ။ အေးခိုင် ငါပြန်တော့မယ် ”

လက်မှ နာရီကို ကြည့်ရင်း အေးခိုင်ကို နှုတ်ဆက်ကာ ပြန်ဖို့ နှုတ်အဆက်တွင် သူမမြင်ကွင်းထဲကိုပုံရိပ်တစ်ချို့က တိုးဝင်လာသည် ။ကြည့်ရတာက ဘယ်လိုမှ ကဗျာမဆန်ပါ ။ လူလည်း မဆန်ပါ ။ ၁၁နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်နှင့် ၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ခပ်ကြီးကြီး ကောင်လေးတွေက ၀ိုင်းဖွဲ့ အနိုင်ကျင့်နေသည့် မြင်ကွင်းဖြစ်သည် ။ သူမ ထိုင်ရာမှ ထလိုက်ပြီး ထိုကလေးတွေဆီ လျှောက်သွားလိုက်သည် ။

 “ ဟေ့ ဘာဖြစ်နေကြတာလဲ    ”

 သူမကို မြင်တော့ ကလေးတွေ ထွက်ပြေးကုန်သည် ။ လဲနေသော ကောင်လေးနှင့် ကောင်မလေးကို ဆွဲထူပေးရင်း

“ ဘာဖြစ်သွားသေးလဲ မောင်လေး ၊ ညီမလေးရော ဘာဖြစ်သွားလဲ ”

 “ ဘာမှမဖြစ်ပါဘူး မမ ၊ ကျေးဇူးပါဗျာ ”

“ ဘယ်လိုဖြစ်လို့ သူတို့က မင်းတို့ကို ဒီလိုလုပ်ရတာလဲ ”

သူမ၏ အမေးကို ကောင်လေးက ညှိုးငယ်စွာ ပြန်ဖြေရှာသည် ။

“ ကျွန်တော်တို့မောင်နှမက ဟိုဘက်ရပ်ကွက်ကပါ ၊ ဒီဘက်ကို ပလပ်စတစ်တွေ လိုက်ကောက်ရင်း ရောက်လာတာပါ ။ အဲ့ဒါကို  သူတို့တွေက ဒီရပ်ကွက်ကို လာလို့ဆိုပြီး ၀ိုင်း ထိုးကြတာ ”

ကောင်လေးစကားဆုံးမှ သူမ သတိထားမိသည် ။ ဘေးမှာ ပီနန်အိတ် ခပ်ကြီးကြီး နှစ်လုံးနှင့် သံချွန်တပ်ထားသော တုတ်တံလေးများ ရှိသည် ။

“ ကဲ ကဲ လာကြ ”

သူမ ကောင်မလေးကို ဆွဲခေါ်ရင်း လက်ဖက်ရည် ဆိုင်ထဲ ပြန်ဝင်လာခဲ့သည် ။ကောင်လေးကတော့ နောက်ကနေ အိတ်ကြီးကို မနိုင့်တနိုင် သယ်ကာ လိုက်လာသည်။ ဒီကလေးတွေကို မြင်ကတည်းက သူမ စိတ်ထဲ လေးစားမိသည် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစု စားဝတ်နေရေးကို ကျားထောက်ပေးနေရသော ကလေးတွေ ။ တကယ်တမ်း ဆိုလျှင် သူတို့အရွယ်သည် ကျောင်းနေရမည့် အရွယ်တွေ ဖြစ်သည် ။
ဥစ္စာခေါင်ပါးသော အသိုင်းအ၀ိုင်းတွင် သူတို့လေးတွေသည် မပွင့်ခင်ချွေချခံလိုက်ရသည့် ပန်းဖူးလေးတွေနှယ်။  အမှန်တော့ ဒီလိုကလေးတွေ ရန်ကုန်မြို့ကြီးမှာ မြောက်မြားစွာ ရှိသည်ကို သူမ သိပါ၏ ။ သို့သော်ငြား ဒီလို ကလေးတွေကို တွေ့ရတိုင်း သူမရင်က နာကျင်သည် ။မိသားစု အေးရိပ်က ခြောက်ခြောက်သွေ့သွေ့ ဖြစ်နေသော စိတ်အခံကြောင့်မို့လည်း  ပိုဆိုးသည်ဟု သူမ ထင်သည် ။

“ လာလာ စားကြ ၊ မင်းတို့ဗိုက်ဆာနေပြီ မို့လား ”

 သူမ ၀ယ်လာသော ကိတ်မုန့်များကို ထုတ်ပြီး ကလေးတွေကို ကျွေးမိသည် ။အေးခိုင်ကတော့ သူမကို အံ့သြဟန်ဖြင့် ကြည့်နေသည် ။ဘာမှတော့ ၀င်မပြော ။ ကောင်မလေးက ကိတ်မုန့်များကိုမြင်တော့ လက်လှမ်းသည်။

“ ဟဲ့ မိစု အိမ်မှာ အဘွားစောင့်နေတယ်လေ ”

ကောင်လေးက မိစု ဆိုသော သူ့ညီမ၏ လက်ကို ပုတ်ရင်း ပြောသည်။ မိစုက လက်ကလေးကို ပြန်ရုတ်ပြီး ဗိုက်လေးကို မသိမသာ ပွတ်နေရှာသည် ။ သူ့မျက်နှာက ငိုမဲ့မဲ့ ဖြစ်နေသည် ။

  “ စားလေ ညီမလေး ၊ မောင်လေးလည်း စားလေ ဘာဖြစ်လို့လဲ ”

ကောင်လေးက မုန့်ကိုတစ်လှည့် သူမကို တစ်လှည့်ကြည့်ပြီး ပြောသည် ။

“ မမကျွေးတာကို သားတို့ကျေးဇူးတင်ပါတယ် ။ဗိုက်လည်း ဆာနေတာမို့ စားလည်း စားချင်ပါတယ် ။ ဒါပေမယ့် အိမ်မှာ အဘွားစောင့်နေတာမို့  သားတို့ အိမ်ကိုပဲ ပြန်ချင်တယ် ။ နောက်ပြီး ..

ကောင်လေးက စကားကို မဆက်သေးပဲ သူမကို မ၀ံ့မရဲ ကြည့်နေသည် ။

“ ဆက်ပြောလေ နောက်ပြီး ဘာဖြစ်လို့လဲ ”

“ နောက်ပြီး မမ ကျွေးချင်တယ်ဆိုရင် ဒီကိတ်မုန့်တွကို သားတို့ အိမ်ကိုယူသွားချင်တယ်။ သားလေ ဒီလိုမုန့်တွေ အဘွားကို သိပ်ကျွေးချင်တာ..။ အဘွားက သွားသိပ်မကောင်းဘူး ´

ကောင်လေးက ပြောပြီး ခေါင်းငုံ့သွားသည် ။သူမရင်ထဲမှာတော့. နင့်ကနဲပင်။ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရင်း သူမ ကိတ်မုန့်တွေကို ပြန်ထုပ်လိုက်သည် ။ မောင်နှမ နှစ်ယောက်ကတော့ သူမမျက်နှာကိုသာ အကဲခက်နေဟန် ။

 “ ကဲ လာကြ ။ မင်းတို့အိမ်ကို အစ်မ လိုက်ပို့ပေးမယ်  ။ အေးခိုင်ရေ ငါသွားပြီ ”

ကလေးတွေကို ခေါ်ရင်း အေးခိုင်ကိုပါ နှုတ်ဆက်ကာ ကားတစ်စီး ငှားပြီး ကောင်လေးပြောသောတစ်ဖက်ရပ်ကွက်က သူတို့အိမ်လေးဆီကို မောင်းခိုင်းလိုက်သည် ။ ကားသမားက အထုတ်တွေ ကြည့်ပြီး အင်တင်တင် ဖြစ်နေသေးသည်။။ မတန်ရာသော ငွေကိုပေးကာမှ သူက မကြည်သလိုနှင့် လိုက်ရှာသည်..။

 “ ရောက်ပြီ  ရောက်ပြီ ….ရှေ့က သားတို့အိမ်ပဲ ”

အိမ်ဆိုပေမယ့် ခနော်နီ ခနော်နဲ့ အခန်းတွဲလေးတွေဖြစ်သည် ။ ကောင်လေး ညွှန်ပြသော အခန်းတွဲလေးမှာတော့ မှိန်ပျပျ မီးအလင်းရောင်လေး ရှိသည် ။ကားသံကြား၍ ထင်သည် ။ အခန်းလေးတွေမှ ခေါင်းလေးတွေ ထွက်ပြီး စူးစမ်းသော အကြည့်တွေနှင့် ကြည့်နေသည် ။

 “ ဟဲ့ ချစ်ညွန့်တို့ မိစုတို့ ဘာဖြစ်လာကြတာလဲ ”

ကောင်လေးညွန်ပြသော အခန်းအတွင်းမှ အဘွားအို တစ်ယောက် ထွက်လာပြီး မေးသော အမေးကို မိစုက

“ ဘာမှ မဖြစ်ဘူး အဘွား ၊ ဒီမမက သမီးတို့ကို လိုက်ပို့တာ ။ မမ အိမ်ထဲ ၀င်ဦးနော် ”

 အရွယ်နှင့် မမျှစွာ မိစုက ပြောရင်း သူမလက်ကိုပါ ဆွဲခေါ်ရှာသည် ။ ချစ်ညွန့်ကတော့ ပလပ်စတစ် အိတ်ကြီးတွေကို ကားပေါ်မှ ချပြီး အိမ်ဘေးမှာ သွားထားသည် ။ အိမ်ထဲကို လှမ်းဝင်လိုက်သည်နှင့် မှိန်ပျပျ အလင်းရောင်အောက်မှာ တွေ့လိုက်ရသည်က  ထမင်းဝိုင်းတစ်ခု ။ ငပိရည် တို့စရာ၊ အရည်သောက်တစ်ခွက် ၊ ခရမ်းသီးချက် တစ်ခွက်နှင့် ထမင်းပန်းကန်ပြား သုံးချပ်နှင့် ထမင်းဝိုင်းတစ်ခု  ။မိစုက သူမကို ရေတစ်ခွက် လာပေးသည် ။

“ ချစ်ညွန့် ဒီခဏလာဦး ”

အဘွားအိုက ချစ်ညွန့်ကို ခေါ်ပြီး တိုးတိုး တိုးတိုးနှင့်ပြောနေသည် ။ ချစ်ညွန်ခေါင်းငြိမ့်ပြီး အပြင်ဘက် ထွက်သွားသည် ။ခဏနေတော့ လက်ထဲမှာ ထမင်းထုတ်လေးတွေ ဆွဲပြီး ပြန်ရောက်လာသည် ။

“ ကဲ ဒီကတူမကြီး အဘွားတို့က ညစာကိုတော့ လူမစုံရင် မစားတတ်ဘူး ။ လူစုံအောင် စောင့်ပြီးစားကြတာ ။ ဧည့်သည်လာရင်လည်း ကျွေးရမှ အဘွားတို့က ကျေနပ်တာ ။ ထမင်းက အဘွားတို့က နေ့တိုင်း သုံးယောက်စာပဲ ချက်တာမို့ ၀ယ်လိုက်တာ ။ဟင်းကတော့ မကောင်းဘူး..။ စားနိုင်မယ်ဆိုရင် အဘွားတို့နဲ့ တစ်ခါတည်း ၀င်စားလိုက်ပါလား ”


ပွင့်လင်းရိုးသားစွာ ပြောလိုက်သော အဘွားအိုရဲ့ စကားက သူမရင်ကို တည့်တည့်မှန်သည် ။ သူမတို့ မိသားစု စုံစုံညီညီ ထမင်းမစားဖြစ်တာ ဘယ်လောက်များပင် ကြာခဲ့ပြီလဲ ။အဖေနဲ့အမေက ရုံးကပြန်လာလျှင်ရေမိုးချိုးပြီး  စာရင်း ဇယားတွေနဲ့ အလုပ်ရှုပ်နေသည် ။သူမကလည်း ညဘက်ဆိုလျှင်ကွန်ပျူတာလေးနဲ့ စာရေးဖို့ပဲ အာရုံရောက်နေတတ်သည် ။အစ်ကိုတွေကလည်း အိမ်ထောင်ကျပြီး ကတည်းက တစ်လမှ တစ်ခါလောက်ပဲ အိမ်ရောက်သည် ။

“ ရော့ မမ လက်ဆေး ”

ဗိုက်က ဆာနေပြီ ဖြစ်သလို သူမအတွက် တကူးတကလည်း ၀ယ်လာပြီးပြီမို့ ငြင်းလိုက်ရင် ဟင်းမကောင်းသဖြင့် မစားနိုင်၍ မစားခြင်း ဖြစ်သည် ဟု ထင်သွားမှာလည်း စိုးသောကြောင့် ချစ်ညွန့် ထိုးပေးသော ရေခွက်ထဲတွင် လက်နှိုက်ဆေးရင်း သူမ ထမင်းဝိုင်းကို ၀င်စားဖြစ်သည် ။ သူမတို့ အိမ်မှာလောက် ဟင်းမစုံသော်လည်း လက်စုံ စားရ၍ ထင်သည် ။ စားလို့ မြိန်လှသည် ။

သူမအတွေးထဲမှာ သူငယ်ချင်းတစ်ယောက် ဂျီတော့ custom message  မှာတင်ထားသော စာလေး တစ်ကြောင်းကို သွားသတိရသည် ။

“ မိသားစု ထမင်းဝိုင်းလောက် ဘယ်ကောင်းကင်မှ ကြယ်မစုံဘူး ” ဟူသော စာသားလေးပင် ဖြစ်သည်။

ထမင်းစားပြီးတော့ ၀ယ်လာသော မုန်တွေနှင့် အတူ သူမပိုက်ဆံအိတ်ထဲမှ ပိုက်ဆံ သုံးသောင်းထုတ်ပြီး အဘွားအိုအား ကန်တော့ခဲ့သည် ။

“ အေးကွယ် ခုလို ကြီးသူကို ရိုသေစွာ ကန်တော့ခြင်း ၊မရှိဆင်းရဲသူကို ပေးကမ်းခြင်းတို့ကြောင့်ဖြစ်လေရာ ဘ၀တိုင်းမှာ မိသားစုနဲ့အတူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်းတို့နဲ့ အတူ မကြောင့်မကြ မတောင့်မတ တဲ့ ဘ၀လေးကို အမြဲပိုင်ဆိုင်နိုင်ပါစေကွယ် ”

အဘွားအိုရဲ့ ဆုပေးစကား အဆုံးမှာ သူမရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ စိုစွတ်လာသည် ။

 “မိသားစုနဲ့ အတူတဲ့လား အဘွားရယ် ”


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အိမ်အပြန် လမ်းတစ်လျှောက်တွင်တော့ သူမ အတွေးတွေ များလာခဲ့သည် ။ သူမဘ၀သည် ချစ်ညွန့်တို့ မိစုတို့ မြေးအဘွားလောက်ပင် ပျော်စရာ မရှိ ။အဖေနဲ့အမေကလည်း စီးပွါးရေးဘက်ပဲ အာရုံစိုက်နေကြသည်။ သူမကို ပစ်ထားသလို ဖြစ်နေတာကို သတိမှ ရကြပါလေစ မသိ ။ အစ်ကိုတွေကလည်း သိပ်ချစ်လှပါသည် ဆိုသော သူမကို  သူတို့ မိသားစု အရေးလောက် အလေးမပေးနိုင်ကြတော့ ။ တစ်နေ့လာလည်း အိမ်ထဲမှာ ။ တစ်နေ့လာလည်းအိမ်ထဲမှာနှင့် နေရသော သူမဘ၀ အတွက် ဘာကိုပင် အပြစ်တင်ရမည်နည်း ။
သူမကို ပစ်ထားသော အစ်ကိုတွေကိုလား ။သူမကို အလုပ်ထွက်မလုပ်ခိုင်းသော မိဘနှစ်ပါးကိုလား ။ တော်ရုံကိစ္စနဲ့ အပြင်မသွားချင်သော သူမကိုယ် သူမလား ။  အတွေးတွေနှင့်သာ ခြာခြာလည်နေတော့သည်။ အိမ်ရောက်တော့ လူရော စိတ်ရော ပင်ပန်းနေပြီ ။

“ သမီးနောက်ကျတယ်နော် ”

အမေက ဆီးကြိုပြောတော့ သူမ အံ့သြရပြန်သည် ။ သူမ အပြင်သွားပြီး ပြန်လာသည့် အခါတိုင်း အမေသည် ဆီးကြို နှုတ်ဆက်ခြင်း မရှိပါ ။ ဒီနေ့တော့ ထူးထူးဆန်းဆန်း ဆီးကြိုနေသည်မှာ သူမအတွက် အံ့သြစရာပင် မဟုတ်ပါလော ။

 “ ကဲ အ၀တ်အစားလဲပြီး ထမင်းစားခန်းကို လာခဲ့နော် သမီး ။ အမေတို့ စောင့်နေမယ် ”

အမေတို့ ။ ဒီစကားလေးကို သူမ သတိထားလိုက်မိသည် ။ အမေတို့ဆိုတော့ အမေတစ်ယောက်တည်း မဟုတ်ဘူးပေါ့ ။ အဖေရောပေါ့ ။ သူမ အ၀တ်အစား အမြန်လဲပြီး ထမင်းစားခန်းဆီကို လှမ်းလာခဲ့သည် ။တကယ်တော့ သူမ မဆာပါ ။ သို့သော် အမေရဲ့ပြောစကားတွေက ထူးဆန်းနေသည်ဟု ထင်သောကြောင့်သာ သူမလာခဲ့ခြင်းဖြစ်သည် ။

“ ဟင် ”

ထမင်းစားခန်းထဲသို့ ၀င်လုလု သူမခြေလှမ်းများ တန့်သွားသည် ။ ထမင်းစားခန်းထဲမှ မျက်လုံး ဆယ်လုံးက သူမကို ကြည့်နေကြသည် ။

 “ လာလေ သမီး ၊ ဒီနေ့ အမေတို့ မိသားစု ထမင်းလက်ဆုံ စားချင်လို့ သမီး အစ်ကိုတွေကိုပါ
ခေါ်လိုက်တာ ။ အမေတို့ မိသားစုလည်း လက်ဆုံမစားရတာ ကြာပြီလေ ။ သမီးဖုန်းကို လှမ်းဆက်ဖို့ စိတ်ကူးသေးတယ် ။ ဒါပေမယ့် သမီးကို အံ့သြ ၀မ်းသာစေချင်လို့ တမင်မဆက်တာ။ဒီမှာ သမီးအကြိုက်တွေချည်းပဲ ချက်ထားတာ ”

အမေ့စကားဆုံးတော့ အဖေကပါဝင်ပြီး ထောက်ခံပြောဆိုသည် ။

“ ဟုတ်တယ် သမီး ။ သမီး နေ့တိုင်း အိမ်ထဲမှာနေရတာ ငြီးငွေ့နေတယ်ဆိုတာ အဖေတို့ သတိထားမိပါတယ်။ နောက်ပြီး အဖေတို့ မိသားစု အတူနေချိန်တွေ နည်းနေတယ် ဆိုတာကိုလည်း အဖေသိပါတယ် ။ဒါကြောင့် ဒီနေ့ကနေ စပြီး ညတိုင်း ညတိုင်း ညစာကိုတော့ အဖေတို့ အတူတူစားကြမယ်နော် ။ သမီးအစ်ကိုတွေလည်း တပတ်ကို အနည်းဆုံး တစ်ခါတော့ လာကြပါလိမ့်မယ် ”

အဖေ့စကားဆုံးတော့ အစ်ကိုတွေက သူမကို ခေါင်းငြိမ့်ပြီး ပြုံးပြသည် ။သူမ ထမင်းဝိုင်းနားသို့ လျှောက်သွားပြီး ကြည့်လိုက်သည် ။ အားလုံးက သူမအကြိုက်တွေချည်းဖြစ်သည် ။ အစ်ကိုသုံးယောက်နှင့် အဖေကတော့ သူမကို ပြုံးပြုံးကြီး ကြည့်နေသည် ။

 “ ဒီလိုဆိုတော့လည်း သူမတို့ မိသားစုက ပျော်စရာကောင်းပါလား ” ဟု စိတ်ထဲမှတွေးနေမိသည်။သူမကို ဂရုမစိုက်ဘူးဟုထင်သော အဖေနဲ့ အမေ။ သူမကို အချစ်ပေါ့သွားသည် ဟု ထင်သောအစ်ကိုတွေ .၊
သူမ၏ ရင်ထဲတွင် တစ်ဆို့ဆို့ ကြီး ခံစားနေရသည် ။ဟင်းခွက်တွေကို တစ်လှည့် အဖေ ၊ အမေနှင့် အစ်ကိုတွေကို တစ်လှည့်  ကြည့်ပြီး သူမ အမေ့ရဲ့ ရင်ခွင်ထဲကို ပြေးဝင်ပြီး ငိုချလိုက်မိပါတော့သည် ။ ငိုရင်းမှ ကဗျာလေးကို သူမ တိုးတိုး ရွတ်မိသည် ။

 မခမ်းမနား ၊ မဆန်းပြားလည်း
စွမ်းအားပြည့်စုံ ၊ မွှေးနံ့ထုံသည်
လက်ဆုံခင်းသည့် ထမင်းဝိုင်း ။

အမေ့ရင်ခွင်ထဲမှ ထွက်ကာ ထမင်းဝိုင်းကို သူမ ၀င်ထိုင်လိုက်တော့ အားလုံး မျက်ဝန်းမှာ ကြည်းနူးမှ အရိပ်တွေ ယှက်ဖြာနေသည်..။သေချာပါသည်..။သူမရဲ့ ကောင်းကင်မှာ ကြယ်တွေ စုံခဲ့ပြီ ဖြစ်သည် ။။။။။။။





ကြိုးစားပါဦးမည်.......။
ဆန္ဒမွန်ဖြင့်.....လွမ်းနောင်....။

3 comments:

  1. သိပ်ကောင်းတယ်ဗျာ....
    ကျုပ်ကိုယ်တိုင်တောင် ဖတ်နေရင်းနဲ့ မျက်ရည်ဆို့မိတယ် တိုက်ဆိုင်မှု့တွေကြောင့်ထင်ပါရဲ့ အဲလိုထမင်းဝိုင်းနဲ့ ဝေးနေတာ ဘယ်လောက်
    ကြာနေပြီဆိုတာတောင် မရေတွက်နိုင်တော့ဘူးလေ အခြေအနေနဲ့ အချိန်အခါပေါ့ဗျာ။

    ReplyDelete
    Replies
    1. ကျွန်တော် ကိုယ်တိုင်လည်း ဝေးနေတာလေ..။ ဆရာဘုန်းနိုင် စာအုပ်ထဲက စာတစ်ကြောင်း သွားသတိရတယ်။ ငါ့သီချင်း နားထောင်ပြီး လူတွေ စိတ်ထိခိုက်ရင်.. ငါစိတ်ချမ်းသာတယ်ကွယ်..´ လို့ ဆိုသလို.. အစ်ကို မျက်ရည်စို့တယ်ဆိုရင်.. ကျွန်တော့်မှာလည်း ကိုယ်ရေးတဲ့စာအတွက် ပီတိဖြစ်ရပါတယ်ဗျာ။

      Delete
    2. မခမ်းမနား ၊ မဆန်းပြားလည်း
      စွမ်းအားပြည့်စုံ ၊ မွှေးနံ့ထုံသည်
      လက်ဆုံခင်းသည့် ထမင်းဝိုင်း ။
      အဲဒီထမင်းဝိုင်းကို ကျနော်လည်း ဝေးနေတာပဲလေ
      ကျနော်မျှော်လင့်နေမိတာ အချိန်တိုင်းပဲဗျ
      ဒါပေမယ့်ဖြစ်မလာနိုင်တော့ပါဘူးလေ..။

      Delete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။