Saturday 27 October 2012

နှင်းဆွတ်ဆွတ်လမ်း

                                         ( ၁ )

နှင်း..ကျနေသည်။ ဖြူဖြူဆွတ်ဆွတ် ဇာပ၀ါ လွှမ်းသိုင်းလို့ နှင်းမှုံတို့ ဆိုင်းနေသည်။ လမ်းကလေးပေါ်မှာရော ၊ ရွက်ကြွေတချို့ပေါ်မှာရော နှင်းကျနေသည်။ ကျွန်တော်တို့ရောက်နေသည်က အိမ်ခြေ အတန်ထူထပ်သော  ရပ်ကွက်ငယ်လေးအတွင်းမှ အလင်းဆိုင်လေး တစ်ခုတွင် ဖြစ်သည်။ ကျွန်တော်တို့ဆိုသည်က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ သက်အောင်။ ကျွန်တော်တို့ စားပွဲဝိုင်းတွင် သက်အောင်သောက်လက်စ ပုလင်းလေးနှင့် တယောတစ်လက်ရှိနေသည်။ မှိန်ပျပျ လမ်းမီးရောင်အောက်ဝယ် နှင်းပုဝါက ထူထူထဲထဲပင် ခြုံသထားသည်။  ပတ်ဝန်းကျင် အမြင်အာရုံက အတိတ်ဆန်လွန်းစွာ မှုန်ဝါးဝါး။ ထို မှုန်ဝါးဝါးအောက်ဝယ် ဆိုင်ရဲ့မျက်စောင်းထိုးမှ လမ်းကလေး။ နှင်းမှုံတို့ ဝေ့၀ဲကျဆင်းနေသည့် လမ်းကလေး။လမ်းကလေးကို စိုက်ကြည့်ရင်း ကျွန်တော့်ရင်မှာ သိသိသာသာ ခုန်လာသည်။ထိုလမ်းကလေးထဲကို တိုးဝင်သွားမည်ဆိုလျှင် ကျွန်တော် ငယ်စဉ်က တက်ခဲ့ဖူးသည့် အလယ်တန်းကျောင်းကလေး ရှိမည်။ ထိုအလယ်တန်းကျောင်းကလေးကို ကျော်၍ ဆက်သွားမည်ဆိုပါလျှင်..နှင်း...
ချစ်ရပါသော နှင်း နေထိုင်သည့် အိမ်ကြီးကို ရောက်ပေမည်။  အတိတ်က ငွေ့ရည်ဖွဲ့ကာ ရင်ထဲတွင် အစိုင်အခဲတစ်ခုပမာ တည်နေဆဲ။ သိပ်သည်းလာသော ဝေဒနာကို မခံစားနိုင်စွာပင် သက်အောင်ကို ကျွန်တော် ရင်ဖွင့်မိသည်။  အ၀ိဥာဏက နှင်းပွင့်ကလေးတွေကတော့ သူတို့၏ ဖြူစင်ခြင်းနှင့် သူတို့၏သစ္စာရှိမှုကို ပြနေသည့်အလား  ဖွဲဖွဲသည်းသည်း ကျဆင်းနေဆဲပင်။ရင်ထဲမှာရော.. ရင်ထဲမှာလည်း နှင်းရှိနေသည်။ချစ်ရပါသော နှင်းရှိနေသည်။


                                   ( ၂ )
မြောက်လေ ဖြူးဖြူးဝယ် နှင်းရည်တို့လိမ်းကျံထုံဆွတ်နေသည့် မနက်ခင်းတစ်ခုမှာ  နှင်းနှင့် ကျွန်တော် ဒီလမ်းကလေးမှာ  စတွေ့ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ဒီနေရာမှာတော့မဟုတ်။ ကျောင်းအ၀င်တံခါး အနီးမှာ ။ အလယ်တန်း ကျောင်းအ၀င်တံခါး အနီးမှာ ဖြစ်သည်။ ထိုစဉ်ကတည်းက နှင်းသည် နောင်အခါ ကျွန်တော် အမြတ်တနိုး ဖြစ်ရသည့်  နတ်မှောင်လှသော ဆံကေသာကို ပိုင်ဆိုင်ထားခဲ့သည်။ဝင်းဝါသော အသားရောင်ဝယ် မြကြောကလေးတွေက စိမ်း၍ မွှေးညှင်းကလေးတွေက ရှိမ်းရှိမ်းမြမြဖြင့် တည်ငြိမ်လှသော နှင်း၏ အသွင်သည် ထိုအချိန်ကတည်းက ကျွန်တော်ရင်ဝယ် အမြစ်တွယ်ခဲ့လေမည်ဆိုတာကို ကျွန်တော် မသိနိုင်ခဲ့။

သိခဲ့သည် အချိန်တွင်မူ ကျွန်တော်တို့ နှစ်ယောက်လုံး ဆယ်တန်းရောက်နေပေပြီ။ထိုအချိန်တွင် နှင်း၏ အလှသည် ပျိုမြစ်နုနယ်သမျှ ဣနြေ္ဒလည်း ကြီးလှသည်။ နှင်း၏ အလှတွင် ပွင့်ပန်းတို့ ခေါင်းငုံ့ဦးညွတ်ခဲ့ကြဖူးသည်။  နှင်း၏ အလှကြောင့် ကျွန်တော့်ရင်သည် အေးမြခဲ့ဖူးသလို နှင်း၏ ဖြူစင်သော မေတ္တာလရောင်ကြောင့်လည်း ကျွန်တော့် အသည်းကမ္ဘာမြေမှာ ကုမုဒ်ကြာတွေ ဝေထုံဆွတ်ပျံ့ခဲ့ဖူးသည်။နှင်းက လှသည်။ လူတိုင်းသည် လှတာကို သဘောကျတတ်သော်လည်း လှသူတိုင်းကိုတော့ ချစ်မိမည်မဟုတ်။ ကျွန်တော့် ပတ်ဝန်းကျင်ဝယ် အလှယ်လှယ်သော အသွေးစုံတို့ဖြင့် အလှကျက်သရေ ဆောင်သူများ ရှိပါသည်။ သို့သော်ငြား သူတို့၏ အလှကို လှသည်ဟူသော  သတ်မှတ်ချက်ထက် ပိုပြီး ကျွန်တော့်မှာ  ပြောစရာ အထူးမရှိ။ မရှိခဲ့။ နှင်းအတွက်တွင်မူ ..ဝေဘူလျှံလန်း။ ရွှေကူဖလ်နန်း ပေါ်ငယ်မှာ။ ပန်ဆင်ကာ ။ ရွှေကေသာ မြန်းပါလို့။ သည်ပန်းမှ-မြတ်ပန်းတော် အထင်နှင့် ကျွန်တော့်ရင်မှာ တိတ်တခိုး နှင်းအပေါ်  မေတ္တာမိုး စွေခဲ့မိသည်။ ထို့ကြောင့်လည်း ရင်မှပွင့်လန်း ချစ်သော ပန်းမကိုဋ်ကို နှင်း ဆင်ထိုက်စေရန်  ကျွန်တော် ချစ်ခွင့် ပန်ခဲ့သည်။ ထိုနေ့က လရောင်ပြေပြေ၀ယ် နှင်းတို့ ဝေနေသော လမ်းသွယ်ကလေးဘေးမှ  ကျောင်းအပေါက်ဝမှာပင်  ဖြစ်သည်။ငွေ့ရည်ဆိုင်းသည့် နှင်းသင်တိုင်းအောက်ဝယ် နှင်းမျက်နှာ မှိုင်းသွားသည်ကို ကျွန်တော် သတိပြုမိသည်။ ရင်မှာ ထိတ်ထိတ် စိုးရိမ်စိတ်ဖြင့် နှင်း၏အရိပ်အကဲကို ကြည့်နေစဉ်မှာပင် နှင်းဆီက ကြည်သာအေးမြ ချိုလှသော စကားသံကို ကျွန်တော် ကြားရသည်။

` တစ်နေ့မှာ မင်းလွင်ဆီက ဒီစကားမျိုး ကြားရမယ်ဆိုတာ နှင်းထင်ထားပါတယ် မင်းလွင် ´

နှင်းစကားသံကြောင့် ကျွန်တော့်ရင်မှာ သိမ့်သိမ့်ငြိမ့်ငြိမ့်လေး လှုပ်ရှားသွားသည်။ နှင်းကမူ သူ့စကားကို ဆက်ပြောသည်။

` ဒါကြောင့်လည်း နှင်း မင်းလွင်ကို ချစ်လားဆိုတဲ့ အဖြေကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်မိတယ်။ စဉ်းစားတိုင်းလည်း နှင်းမှာ အဖြေတစ်ခုပဲ ရတယ်၊ အဲ့ဒါကတော့ မင်းလွင်ကို နှင်း သံယောဇဉ် ရှိတယ်ဆိုတာပါပဲ´

သံယောဇဉ် ရှိတယ်။ ချစ်တယ် မဟုတ်။ မချစ်ပါဘူးဟုလည်း မငြင်း။ သံယောဇဉ် ရှိတယ်။ကျွန်တော်နှင်းကို လေးစားစွာပင် ကြည့်လိုက်မိသည်။ နှင်းသည် စကားကို သေချာရွေးပြောသွားသည်။ သံယောဇဉ်ရှိခြင်းသည် ချစ်ခြင်းမဟုတ်နိုင်။မောင်နှမ သံယောဇဉ် ဖြစ်နိုင်သလို သူငယ်ချင်း သံယောဇဉ်လည်း ဖြစ်နိုင်သည်။ နှစ်ခု စလုံးလည်း ဖြစ်နိုင်ပါသည်။
မျှော်လင့်ထားသလို ဖြစ်မလာနိုင်သည့်အခြေတွင် ကျွန်တော့်ရင်မှာ ဝေဒနာမိုးစွေနေပြီ။ နှင်းက ကျွန်တော့်ကို အကဲခတ်သလို တစ်ချက်ကြည့်ရင်း မေးခွန်းတစ်ခု မေးသည်။

` မင်းလွင် နှင်းကို စိတ်ပျက် စိတ်နာ သွားပြီလား ၊ မုန်းကော မုန်းသွားသလား ဟင် ´

နာကျင်သော ရင်အစုံနှင့် အတူ ကျွန်တော် နှင်း၏မျက်နှာလေးကို ငေးကြည့်မိသည်။ မွတ်မွတ်စင်စင် လှသွေးတင်သည့် နှင်း၏ မျက်နှာလေးသည် ပကတိ ဖြူစင်မှုကို ဖော်ပြနေသည်။ နှင်း၏ စကားသံတွင်လည်း စိုးရိမ်သံ ရိပ်ရိပ်ပါသည်ကို ကျွန်တော်ခံစားမိသည်။
ကိုယ်ချစ်ရသော မိန်းကလေးတစ်ယောက်က ကိုယ့်ကို မချစ်နိုင်သည် ဆိုသဖြင့် ထိုမိန်းကလေးကို ကျွန်တော် မုန်းရပါမည်လော။ စိတ်ကော နာရပါမည်လော။ မဖြစ်နိုင်ပါ။ ကျွန်တော့်အတွက် မဖြစ်နိုင်ပါ။ အတတ်နိုင်ဆုံး ပြုံး၍ နှင်း၏ အမေးကို ကျွန်တော် ဖြေရသည်။

` နှင်းကို မင်းလွင် ချစ်မိလို့ ချစ်တယ်လို့ ပြောခဲ့တယ်။ နှင်းဆီက အချစ်ကိုတောင့်တမိပေမယ့်  နှင်းက မင်းလွင်ကို ဖြူစင်တဲ့ မေတ္တာနဲ့ သံယောဇဉ် ရှိတယ်ဆိုတာကို မင်းလွင်အနေနဲ့ မုန်းစရာ စိတ်နာစရာလို့ မမြင်ပါဘူးနှင်း။ နှင်းလို လှတဲ့ မိန်းကလေးကို ချစ်သူ ခင်သူတွေ အများကြီး ရှိမှာပဲ ။ ချစ်တယ်ပြောသူတွေလည်း အများကြီး ရှိမှာပါ။ သူတို့တိုင်းကို နှင်းက မချစ်နိုင်ဘူးလို့ ငြင်းလို့ နှင်းဟာ မတည်ကြည်သူ တစ်ယောက်လို့ ဆိုနိုင်တာမှ မဟုတ်တာ။ နှင်းဟာ မိန်းကလေးပါ။ ကိုယ့်ကိုယ် ချစ်ခွင့်ပန်လာသူတစ်ယောက်ကို ပြန်မချစ်နိုင်ကြောင်း ငြင်းဆိုခွင့် နှင်းမှာ ရှိပါတယ်။ ဒီအတွက် မုန်းစရာ အပြစ်ဆိုစရာလို့  မင်းလွင်မမြင်ပါဘူး။ ကဲပါလေ .. အေးလာပြီ . ထ နှင်းကို လိုက်ပို့ပေးမယ် ´

မျက်တောင်ကော့ကြီးများအောက်မှ သန့်စင်လှသော မျက်ဝန်းအစုံဖြင့် ကျွန်တော့်ကို ရီဝေစွာကြည့်ရင်း နှင်းသည် နေရာမှ ထကာ ဆိတ်ဆိတ်ကလေးပင် အိမ်ကလေးဆီ လျှောက်သွားသည်မို့ ကျွန်တော် နှင်းဘေးမှ ကပ်လျှောက်ကာ လိုက်ပို့ခဲ့ရသည်။လိုက်ပို့ခဲ့ရပါသည်။

                           ( ၃ )

ကျွန်တော့်ဇာတ်လမ်း ဆုံးချိန်မှာတော့ အလင်းဆိုင်လေးမှာ လူအတော် နည်းသွားလေပြီ။ နှင်းကမ္ဗလာကတော့ လွှမ်းထားဆဲပင်။ သက်အောင်က နောက်ဆုံး လက်ကျန်ကို ရှင်းရင်းမှ စကားဆိုသည်။

` အခု နှင်းက ဘယ်ရောက်နေလဲ မင်းလွင် ´

` အင်း..။ ဆယ်တန်းဖြေပြီးတော့ နှင်းက ဆရာဝန်ဘက်လိုက်တယ်လေ။ ငါက အမှတ်မီပေမယ့် မြန်မာစာပဲ ယူခဲ့တယ်။ အခု နှင်းက မန္တလေးဆေးရုံကြီးမှာ တာဝန်ကျနေတဲ့ ဆရာဝန်မတစ်ယောက် ဖြစ်နေပြီ။ ဒါပေမယ့် သူဘုရားပွဲအမီ ပြန်လာမယ်ဆိုပြီး ခွင့်ယူထားတာ မနက်ဖြန် ပြန်ရောက်မယ်ကြားတယ်´

` ဒီအချိန်မှာ နှင်းကိုတွေ့ရင် မင်းရင်ထဲ ဘယ်လို ရှိမလဲ သူငယ်ချင်း။ မင်း နှင်းကို မမုန်းဘူးလား ´



သက်အောင်၏ အမေးကို ကျွန်တော် ပြုံးရင်း ဖြေလိုက်သည်။

` မုန်းစရာ မရှိပါဘူး သူငယ်ချင်း။ နှင်းက ငါ့အပေါ် ချစ်သူလို မချစ်နိုင်တာဟာ မုန်းစရာမှ မဟုတ်တာလေ။ ငါ နှင်းကို ချစ်နေဆဲ ချစ်နေမြဲပါပဲ။ ဒါပေမယ့် ငါ့အချစ်ဟာ သူငယ်ချင်းမောင်နှမလိုမျိုး ဖြူဖြူစင်စင်တော့ မဟုတ်ဘူး။ အဲ့ဒီလိုပဲ အရောင်တွေ ပေစွန်းတဲ့ တဏှာချစ်လို့လည်း မဆိုနိုင်ဘူး။ အခုအချိန်မှာ နှင်းအပေါ် ငါချစ်တဲ့ အချစ်က အဲ့ဒီ အလွှာနှစ်ခု ကြားမှာ တည်ရှိနေတဲ့ ချစ်ခြင်းမျိုး။ ဒါကို မင်းနားလည်နိုင်မလား´

` ဘယ်လိုရယ်။ သူငယ်ချင်းမောင်နှမချစ်လည်းမဟုတ်ဘူး။ ချစ်သူလို့ ချစ်တာမျိုးလည်း မဟုတ်ဘူး။ ဒီအလွှာနှစ်ခုကြားက ချစ်ခြင်းဟုတ်လား ´


` အင်း ဟုတ်တယ်။ မောင်နှမလို သူငယ်ချင်းလို ဖြူဖြူစင်စင် မဟုတ်ဘူး။ ဒါပေမယ့် ရလိုမှုတွေနဲ့ အရှိန်တညီးညီးတောက်လောက်နေတဲ့ တဏှာချစ်လို့လည်း မသတ်မှတ်နိုင်ဘူး။  ဒီနှစ်ခုကြားက အချစ်ပါပဲ ၊ ဒါကို ဘာဆိုတာ အမည်တော့ ငါမတပ်နိုင်သေးဘူး ´


` မင်းပြောတာကို ငါနားလည်သလိုလိုလည်း ရှိတယ်။ ဒါပေမယ့်  သေချာတွေးကြည့်တော့လည်း နားမလည်မိဘူး။ ဟိုဒင်း ခံစားသိနဲ့တော့ သိနေသလိုပဲ ။ ´


ကျွန်တော် သက်အောင်ပုခုံးကို ပုတ်လိုက်ရင်း ပြုံးကာ ပြောလိုက်မိသည်။


` အင်း တစ်နေ့မှာတော့ ဒါကို မင်းနားလည်နိုင်ပါလိမ့်မယ် သူငယ်ချင်း အခုတော့ တို့ သီချင်းလေး လုပ်ကြဦးစို့ရဲ့ ´


သက်အောင်က ကျွန်တော့်ကို  ဘာမှ ဆက်မပြောတော့ပဲ စည်းကို ကောက်ကိုင်လိုက်သည်။ နှင်းမှုန်တွေက ပိုမိုသိပ်သည်းစွာ ကျဆင်းနေဆဲပင်။ကျွန်တော်က တယောကို ကြိုးညှိရင်း တစ်ညက စပ်ခဲ့သော သီချင်းကို ညည်းမိသည်။


နှင်း.....x x x ဆွတ် ..x x လမ်း x x x... နှင်း...x x x ဆွတ် x ဆွတ် .. x x လမ်း...x x

ပတ်ဖျန်းငွေမှုန် x x x ရဂုံတွင်းအနှံ့ x x x ၀င်းသန့် မြေ၀သုန်x x x ငွေယုန်စန်းလx x စန်းလ သီတဂူ x x  ဝေထုံလျှမ်းပ   x x x လွှလွှ ငွေသဇင်ဖြူ x x ပင်ယံသူဝင့်x x  မွှေး...တင့်လို့ ကြူx x x နှင်းဖြူရိုက်လွှမ်း.x x x  အတိတ်ဆန်လွန်းတဲ့ x x ဒီလမ်းကမ္ဘာမှာ.x x သူ့...၀င့်ဖြာ..x x  တလူလူx x x


မှုန်ရီပြာ..ရိပ်x x ဆောင်း.နိမိတ် တံခွန်ထူ x x x  တုန်ရီဖြာစိတ် x x ကျောင်း အရိပ်ဝယ် တွေ့သူx x x ပြုံးသော ချစ်သူ x x x x မမုန်းသော .. မဉ္ဇူx x x  သက်ဆုံးတိုင် ရွယ်စူး x x x ချစ်ပန်းပွင့်ဖူး x x x  လှစ်ကျူးမိပြီ.. တော်ဝင်..သူ x x x ။


ရဝေနန်းထိုက်တဲ့x x မကိုဋ်ပန်းပေမို့ x x ခြွေကာပိုက်လို့ x x x ရှိုက်နမ်းချင်လည်း ..x x  x အခွင့်ရယ်မသာပြီ x x အပွင့်ရယ် မဖြာပြီ..x x  ချစ်တာတွေကို x x x အလီပေါင်းတော့ x x အကြောင်းရယ်မသင့်ပြန်ပြီ x x x အပေါင်းရယ် x x ဝေးကွာလေပြီ x x

ဒါတွေကိုအတည်..x x x သူ....မသိပေမယ့် x x x လမ်းကလေး သိသည်..x x x ပန်းကလေးရှိမည် x x ဝေးကွာခဲ့ရ x x လွမ်းတစ်ည x x x အိပ်မက်တာရှည်...x x


သီချင်းအဆုံးတွင် ကျွန်တော့်ရင်ဝယ် ရိပ်ရိပ်လေး အလွမ်းဆင်လာသည်။သို့ပေမယ့် ထိုအလွမ်းကို ကျွန်တော် ဖုံးကွယ်မထားလို။ ကျေကျေနပ်နပ်ပင် လွမ်းသည်။ လွမ်းရခြင်းကိုလည်း နှစ်သက်စရာအဖြစ် ကျွန်တော်မြင်သည်။ အလင်းဆိုင်လေးကို ကျောခိုင်းပြီး လမ်းသွယ်လေးထဲ ကျွန်တော်တို့ တိုးဝင်လာချိန်တွင် ညအတော် နက်နေပေပြီ။ ဒီလမ်းကလေးသည် ကျွန်တော့်အတွက်အမှတ်ရစရာ များစွာ ရှိသော လမ်းကလေး ဖြစ်သည်။ ဒီလမ်းကလေးထဲမှာ ပျော်ရွှင်ခြင်းတွေနဲ့ မိတ်ဖွဲ့ဖူးသလို ၊ ဆို့နင့်ကြေကွဲခြင်းတွေနဲ့လည်း ပေါင်းဖော်ခဲ့ဖူးသည်။ ယခုလည်း အလွမ်းကို အသင်းအဖွဲ့လုပ်ပြီး ဒီလမ်းကလေးပေါ် လျှောက်နေမိပြန်ပြီ။နှင်းပန်းဖြူတို့ကား အဆုပ်လိုက် အဆုပ်လိုက် ဖူးပွင့် ကြွေကျဆဲ။ရင်ထဲမှာလည်း.. အင်း.. ရင်ထဲမှာလည်း နှင်းကျနေဆဲပင်။ ညမှလွန်မြောက်၍ မိုးသောက်နံနက် နေခြည်ထွက်လေလျှင် နှင်းမှုန်တို့ ပျောက်ကွယ်ပေလိမ့်မည်။သို့သော်ငြား ရင်ထဲမှာ တည်ရှိနေသော နှင်းကတော့ ဘယ်တော့မှ ပျောက်ကွယ်မည်မဟုတ်။ ဝေ့ဝေ့၀ဲဝဲဖြင့် ဝေမှုန်ပြာရီစွာ ရှိနေမည်။ အတွေးနှင့် ကြည်နူးကာ ရောင်နီဦးနှင်အတူ ရောက်လာမည့် မနက်ဖြန်ဆီမှ နှင်း၏ မျက်နှာကို ကြိုတင်မှန်းဆရင်း..........။ လမ်းကလေးကတော့ နှင်းမှုန်တို့ ဝေနေဆဲပင်။




ဆန္ဒမွန်ဖြင့်.......လွမ်းနောင်။

2 comments:

  1. ကဗျာရေး ကောင်းသလို ၀တ္တုရေးလည်း ကောင်းလှတယ်ဗျာ
    သည်ဝတ္တုလေးကိုဖတ်နေရင်း ( ဂီတနတ်သံ ကိုစောညိမ်း )မျက်စေ့ထဲပြေးမြင်မိနေတယ် ။

    လေးစားမိပါတယ် ပုံနှိပ်စာမျက်နှာတွေအထက်က ကဗျာတွေ ၀တ္တုတွေထက် အစပေါင်းများစွာကို ( ရသ )ပေးစွမ်းနိုင်လို့ပါ အချိန်မရစွာ စာကောင်းပေကောင်းတွေ လိုက်မရှာနိုင်တော့ ကိုယ့်ပတ်ဝန်ကျင်မှာ ရှိသလောက်လေးနဲ့ အာသီသ ဖြေနေရတယ် သည်နေ့ သည်နေရာကို ရောက်လာမိလို့ သိပ်ကိုကျေနပ်စရာ ကောင်းနေလေရဲ့ဗျာ။

    ReplyDelete
  2. ကိုယ်ငယ်ငယ်က အလယ်တန်းကျောင်းတက်စဉ်တွေကိုအမှတ်ရနေမိတယ်
    ကျေကျေနပ်နပ်ကြီးလွမ်းနေတဲ့ မင်;လွင်ကိုတောင်လေးစားမိသလို
    ခင်တဲ့ jasmine

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။