မပီဝိုးတ၀ါး အရောင်ဖျော့ဖျော့ အလင်းက လောကကမ္ဘာမြေကို
သိမ်းပိုက်ဝါးမျိုထားသည်။ဟိုနားက နီနီ ဒီနားက ၀ါဝါဖြင့် တိမ်စအချို့ကား
ညနေဆည်းရီပန်းချီကို အနားကွပ် အလှချယ်ပေးနေသကဲ့သို့ ရှိနေသည်။
ပတ္တမြားတစ်စကဲ့သို့ ရဲရဲတောက်နေသည့် အနီရောင် မျက်လုံးကြီးက လျှောကျ
ပျောက်ကွယ်လုလု ရှိနေသည်။ မှုန်ရီဝိုးတ၀ါး နေရောင်အောက်မှာ လျှောက်နေရင်းမှ
ဆည်းဆာ၏ အလှကို ကိုရင်ဣန္ဒာဝုဓ ခံစားမိလိုက်သည်။ နေရောင်မပြင်းတော့သော်လည်း
နေ့လည်က အရှိန်မသေသေးသဖြင့် မြေက အပူရှိန် ဟပ်နေသည်ကို လည်း တဆက်တည်း
သတိပြုမိလိုက်သည် ။ ဘေးဘီကို မကြည့်တော့ပဲ တစိုက်မတ်မတ် လျှောက်လာရာမှ
ရှေ့မှာ မှိုင်းအုပ်အုပ်ဖြင့် ရွာကလေးကို တွေ့ရတော့မှ ခြေလှမ်း၏
မြန်နှုန်းကို လျှော့ချလိုက်သည် ။ဇာတိရွာ ။ မိမိ၏ မွေးဖွာရာ ဒေသ ။ အမှောင်က
အတန်ပင် စိုးမိုးခဲ့ပြီမို့အိမ်တချို့မှာ မီးခွက်ကလေးများပင်
ထွန်းညှိထားလေပြီ ။ သွက်သွက်ကလေးပင် ငယ်ဆရာရင်း ဖြစ်သော ဆရာတော်ဘုရားရှိရာ
ကျောင်းဆီသို့ ဦးတည်လာခဲ့သည်။
` ဟေ့ ..ဣန္ဒာဝုဓ ဘယ်လိုဖြစ်လို့ ပြန်လာတာလဲ ´
ကျောင်းဝင်းထဲ
ဝင်ဝင်ချင်းပင် ဆရာတော်ဘုရားက သူ့ကို လှမ်းကြို နှုတ်ဆက်နေသည် ။ ဆရာတော်
ဘုရားကို ဦးချလိုက်ပြီးမှ တုန်ရင်နေသော စိတ်ကို ငြိမ်အောင်ထိန်းရင်း
သူလျှောက်ထားလိုက်သည်။
`တပည့်တော် လူထွက်မလို့ ပြန်လာတာပါ ဘုရား ။ တပည့်တော်ကို လူထွက်ခွင့်ပြုပါ ဘုရား ´
` ဟေ ´
ဆရာတော်ဘုရား၏
တအံ့တသြ ´ ဟေ ´ ဆိုသည့် အသံကြီးကြောင့် ကိုရင်ဣန္ဒာဝုဓ စိတ်နှလုံး
ပူပန်မိသည် ။ မိမိ လူထွက်လို့မှ ရပါ့မလား။ ဆရာတော်က ထွက်ခွင့်မှ
ြ့ပုပါ့မလား ဟုလည်း တွေးလိုက်မိသည်။တွေးစရာ အကြောင်းကလည်း ရှိနေသည်။ မိမိက
လွန်ခဲ့သော နှစ်နှစ်ကမှ သာမဏေကျော် စာမေးပွဲကို တစ်နိုင်ငံလုံး ပထမဖြင့်
အောင်ထားသူ ။ရွာက ဒကာ ဒကာမတွေအပြင် ဆရာတွေ ၊ စာဝါလိုက်ဖက် သူငယ်ချင်း
ကိုရင်တွေကပါ မိမိအတွက် ဂုဏ်ယူမဆုံး တပြုံးပြုံး ဖြစ်ခဲ့ရသည့်
နေ့တွေဖြစ်သည် ။ မိမိရဲ့ ဖခင်ကြီးနှင့် မိခင်ကြီးဆိုလျှင် ထိုအကြောင်း
ပြောဖို့အတွက် ထမင်းငတ်ချင်ငတ်ပါစေ ဆိုပြီး ကြွေးကြော်သည် အထိ
ဂုဏ်ယူခဲ့ကြသည်။ပဋိယတ္တိ သာသနာ တိုးတက်ရေးအတွက် တစ်ခန်း တစ်ကဏ္ဍကနေ
အထောက်အကူပြုမည့် ကြယ်ပွင့်ဟုလည်း မျှော်လင့်ခဲ့ကြသည် ။ ယခု ကိုရင်
လူထွက်လေလျှင် ထိုမျှော်လင့်ချက်တွေ ယုံကြည်မှုတွေကို အညွန့်ကျိုးစေသလို
ဖြစ်မှာကို စိုးရိမ်သည်။ မိမိ စိုးရိမ်သလို ဆရာတော် စိုးရိမ်မှာကိုလည်း
တွေးမိသဖြင့် စိတ်ထဲ ပူပန်မိခြင်း ဖြစ်သည် ။မိမိမှာကလည်း မိမိအကြောင်းနှင့်
မိမိ ။ရွာကိုပင် မပြန်ပဲ စာကိုဖိကြိုးစားနေရာမှ တစ်နေ့က မုံရွာသို့
စပါးလာရောင်းသော ရွာက ပွဲစားနှင့်တွေ့မှ မိခင်ကြီး လေဖြတ်နေမှန်း သိရသည် ။
သူ့စကားဖြင့်ပင် ရွာမှာ လက်ချိုးရေလို့ရသည့် သူဌေးတွေထဲတွင်
တစ်ဦးအပါအ၀င်ဖြစ်သည့် ဖခင်ကြီးပင် အမေ့အတွက် ဆေးဖိုးထောင်းသဖြင့် ယခု
စည်းစိမ် ပြုတ်လုလုဖြစ်နေပြီဟု သိရသည်။ဖခင်ကြီးက လယ်ပစ် ယာပစ်ဖြင့်
မိခင်ကြီးကို အနီးကပ်ပြုစုနေရသည်။ မိမိအောက်မှာကလည်း ကျောင်းသား ညီငယ်
နှစ်ယောက် ရှိသေးသည်မို့ မိမိလည်း လူထွက်ဖို့ စဉ်းစားရခြင်း ဖြစ်သည်။
`ဟဲ့ ဣန္ဒာဝုဓ ငါမေးနေတယ်လေ ´
ဆရာတော်ဘုရား၏
အသံကြားမှ သတိပြန်ဝင်လာသည်။ ထိုစဉ်မှာပင် ဆူဆူညံညံ အသံများနှင့် အတူ
ကျောင်းဝင်းထဲသို့ ရွာထဲက ဒကာ ဒကာမများ ရောက်လာသည် ။ ထိပ်ဆုံးမှ
ဦးဆောင်လာသူ ဖခင်ကြီးကို မြင်လိုက်တော့ ကိုရင်ဣန္ဒာဝုဓ ရင်ထဲမှာ ` နာ´
သွားသည်။ ဖခင်ကြီး အတော်ပင် အိုစာသွားလေပြီတည်း ။
` ကိုရင် ဘာဖြစ်လို့ ပြန်လာတာလဲ လူထွက်ချင်လို့ဆို ´
` ကိုရင် စာတွေ မလိုက်နိုင်လို့လားဘုရား ´
` ကိုရင် တပည့်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ငဲ့ပါဦးဘုရား ´
လျှောက်ထားသံ
မေးမြန်းသံတွေကြားမှာ ခေါင်းများပင် နောက်ချင်သလိုဖြစ်လာသည်
။ဘယ်သူ့အမေးကိုမှ တစ်ဦးခြင်းဆီ ဖြေရှင်းပြမနေတော့ပဲ ဆရာတော်ဘုရားကိုသာ
ဦးတိုက် လျှောက်ထားလိုက်မိသည်။
` တပည့်တော်ကိုသာ လူဝတ်လဲခွင့်ပြုပါ အရှင်ဘုရား ´
( ၂ )
ဘ၀ကို
လောင်းကစားတစ်ခုနှင့် ပမာခိုင်းမည်ဆိုလျှင် မိမိက ကံကြမ္မာဆိုသည့်
ဒိုင်ဆီမှာ အေးချမ်းသော သာမဏေဘ၀ကို အရင်းတည်ပြီး လောင်းခဲ့ရသည် ။ သို့သော် စ
လောင်းစဉ်ကတည်းက ရွာကဒကာ ဒကာမတွေ ဆရာတွေရဲ့ မျှော်လင့်ချက်တွေကို
အရှုံးအနေဖြင့် အဆစ်ထည့်ခဲ့ရသေးသည် ။ ယခုအချိန်မှာတော့ ထိုလောင်းကစားပွဲမှာ
မိမိအနိုင်ရနေပြီဟု အောင်လွင် ယုံကြည်မိသည်။ ကိုရင် လူထွက်ကတည်းက
မဆိုစလောက် ကျန်ရှိနေသေးသည့် လယ်ယာမြေများကို အားစိုက်လုပ်ရင်း
တစ်ဖက်မှလည်း အဖေနှင့်အတူ ကျောက်ခွက် လိုက်ခွေသည်။ ဒီနယ်မှာက အဖေ့လက်ရာက
ကျောက်ခွက်(ကျောက်ခွေ)က နာမည်ကြီး ဖြစ်သည် ။ နယ်တစ်ဝိုက်မှာကလည်း
ရေတွင်းတွေသာ ရှိပြီး ရေတွင်းတူးတိုင်းလည်း ကျောက်ခွက်က မဖြစ်မနေ
ပါရသည်ဆိုတော့ မိမိတို့မိသားစု အတွက်တော့ မှိုကျင်းတွေ့သလို ၀မ်းသာရသော
နေ့ရက်များ ဖြစ်သည်။ နောက်ပိုင်း မိမိ လုပ်အားသန်လာသည်မို့ ဖခင်ဖြစ်သူအား
နားစေပြီး မိမိတစ်ယောက်တည်းသာ လုပ်သည် ။ မိခင်ကြီး ကျန်းမာရေး သက်သာလာသလို
ညီငယ်နှစ်ယောက်၏ ပညာရေးလမ်းကြောင်း ဖြောင့်တန်းသည့် နေ့ရက်များ ဖြစ်ခဲ့သည် ။
` မင်းကို ဆရာမလေး ၀ါဝါလှိုင်နဲ့ လက်ထပ်ပေးချင်တယ်။ မင်းဘယ်လို သဘောရလဲ အောင်လွင် ´
မိမိအသက်
နှစ်ဆယ်ကျော် လေးနှစ်အစွန်းတွင် အဖေ့ထံမှ အထက်ပါ စကားကို အောင်လွင်
ကြားခဲ့ရသည်။ အဖေ့စကားအဆုံးမှာ အောင်လွင် အံ့သြနေမိသည်။ ဆရာမလေး
ဝါ၀ါလှိုင်ဆိုသည်က မိမိတို့ရွာသို့ ကျောင်းဆရာမအဖြစ် ပြောင်းလာသော
ဆရာမလေးဖြစ်သည် ။ ယဉ်ဆိုသမျှ လှပသည်မို့ စိတ်ထဲမှာ တိတ်တခိုးဖြင့်
မေတ္တာမိုး စွေမိသော်လည်း ကိုယ်နှင့် မထိုက်ဘူးဟု ယူဆသဖြင့် နှုတ်ခွန်းမျှ
မဟခဲ့။ ယခု ရွာကလူကြီးတွေနှင့် မိဘဖြစ်သူတွေက လမ်းဖောက်ပြန်တော့
ရင်ထဲမှာလည်း ၀မ်းသာမိသည်။ ၀မ်းသာခြင်းနှင့်အတူ ဖြစ်နိုင်ပါ့မလား
ဆရာမလေးဘက်ကကော လက်ခံနိုင်ပါ့မလားဟု မ၀ံ့မရဲ
တွေးနေမိပြန်သည်။သူစိမ်းတစ်ယောက်နဲ့ တစ်ယောက် ဘ၀နှစ်ခုကို ပေါင်းစပ်ပြီး
အတူနေထိုင်ဖို့ ဆိုသည်က နားလည်မှုတွေ အများကြီး လိုသည် ။`အိမ်ထောင်မှု
ဘုရားတည် ဆေးမှင်ရည် စုတ်ထိုး ၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်
ခက်မည့် အမျိုး ´ ဟုပင် ရှေးစကား ရှိသေးသည် ။ဆိုခဲ့သလို ဘ၀ကို
လောင်းကစားနှင့် ပမာခိုင်းမည်ဆိုလျှင် ယခုအိမ်ထောင်ပြုခြင်းသည်လည်း
လောင်းကစား တစ်မျိုးဟု အောင်လွင်ထင်သည်။ ဒီလောင်းကစားပွဲမှာ
အရှုံးမရှိနိုင်ပါဟု မည်သူမျှ အာမ မခံနိုင် ။ နောက်ပြီး မိန်းကလေးဘက်ကိုလည်း
ထည့်တွက် စဉ်းစားရသေးသည် ။ သို့ပေမယ့် မကြာသော ရက်ပိုင်းအတွင်းမှာပင်
ဆရာမလေးဘက်ကလည်း လက်ခံသည် ဆိုသဖြင် မိမိနှင့် ဆရာမလေး အကြောင်းပါခဲ့သည် ။
နိုင်သည့်ပွဲဟုပင် ဆိုရလေမည် ။ မိမိတို့ အိမ်ထောင်ရေး
တည်ငြိမ်ခိုင်မြဲခဲ့သည်။ သို့သော်ငြား မိမိအသက် သုံးဆယ်ပြည့်မည့် နှစ်တွင်
အဖေနှင့် အမေ ရှေ့ဆင့် နောက်ဆင့် လောကကြီးကို အပြီးအပိုင် နှုတ်ဆက်
ထွက်သွားတာကတော့ ဘ၀အတွက် ကြီးမားသော ရှုံးပွဲ တစ်ခု ဖြစ်သည် ။ဖြေသာသည်
တစ်ခုကတော့ ဒီအချိန်မှာ ညီအငယ်ဆုံးက တက္ကသိုလ်ရောက်နေပြီး အလတ်ကောင်က ဆရာဝန်
ဖြစ်နေခြင်း ဖြစ်သည် ။ နောက်တစ်နှစ်မှာပင် အလတ်ကောင် တာဝန်ဖြင့်
မိမိတို့ရွာကို စွန့်ခွါသွားခဲ့သည် ။ ယခုတော့လည်း ပြာရီမှုန်ဝေသော အတိတ်
ဇာခန်းဆီး ပမာသာ ။
( .............................)
အချိန်ကို
ပြန်ဆန်းစစ်လျှင် ညီအငယ်ဆုံးပင် ပညာစုံရုံတင်မက ကြင်ယာပါ စုံပြီး
မြို့သို့ ပြောင်းသွားတာ နှစ်တို့ပင် ကြာခဲ့လေပြီ ။ သိုက်ဝန်းမှု မရှိသဖြင့်
အိမ်လေးက ဆိတ်သုဉ်းလာသည် ။ တီတီတာတာ ချိုနွဲ့ပြမည့် သားသမီးလည်း မရှိတော့
ပိုဆိုးသည်ဟု အောင်လွင် ထင်သည် ။ တဖြည်းဖြည်း ဇရာ၏ တိုက်စားခြင်း ခံရသည့်
မိမိ ရုပ်ကိုလည်း အကြိမ်ကြိမ် ပြန်လည် ရှုကြည့်သုံးသပ်မိသည် ။ ဒီတိုင်း
ဆက်သွားလေလျှင် အစွယ်တငေါငေါနှင့် လောကသားကောင်ဖြစ်ပြီး သံသရာဆိုသည့် လောကီ
ကျုံးကနေ ရုန်းထွက်နိုင်ဖို့ရာ လမ်းစမမြင်။
` အစ်ကို ဘာဖြစ်နေတာလဲ ၊ နေ့တိုင်းပဲ ကြည့်ရတာ တမှိုင်မှိုင်နဲ့ ´
မိန်းမဖြစ်သူ၏
အမေးကို ဖြေကြားရန် အောင်လွင် တွန့်နေမိသည် ။ ပြောသင့် မပြောသင့်ကိုလည်း
အကြိမ်ကြိမ် ချင့်တွေးမိသည် ။ အတန်ကြာမှ ပြောမှ သင့်မည်ဟု ယူဆသဖြင့်
ပြောလိုက်သည် ။
` ငါ ဘုန်းကြီး ၀တ်ချင်တယ် မလှိုင် ။ အဲ့ ဒါ မလှိုင် ငါ့ကို ခွင့်ြ့ပု ပေးစေချင်တယ် ´
တုံးတိတိ စကားရဲ့ အဆုံးမှာ မိန်းမဖြစ်သူရဲ့ မျက်နှာကို အကဲခတ်ကြည့်လိုက်တော့ ဘာမှ မထူးခြားတဲ့ အပြင် ပြုံးပင် ပြုံးနေသေးသည် ။
` အောင်မလေး ဒါများ အစ်ကိုရယ် ၊ တမှိုင်မှိုင် ဖြစ်နေရလား ။ဝတ်ချင် ၀တ်ပေါ့ တစ်ပတ်ဖြစ်စေ ဆယ်ရက်ဖြစ်စေ ´
` မဟုတ်ဘူး မလှိုင် . ငါဘုန်းကြီး ၀တ်မယ်ဆိုတာက ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက်လုံးကို ပြောတာ ´
` ရှင် ´
`
ဟုတ်တယ်မလှိုင် ။ ငါတို့မှာ ကျောထောက်နောက်ခံ သားသမီးလည်း ရှိတာမဟုတ်ဘူး ။
မင်းလည်း ရဟန်းဒကာမ ဖြစ်ရတာပေါ့ ။ ငါလည်း သံသရာထွက်ပေါက်ကို ရှာပါရစေ ´
` ကျွန်မ စဉ်းစားပါရစေဦး အစ်ကိုရယ် ´
လေသံပျော့လေးနဲ့
ဆိုပြီး ထွက်သွားသော မလှိုင်နောက်ကျောကို ကြည့်ရင်း သက်ပြင်းမောတစ်ချက်သာ
ချလိုက်မိသည်။ သို့သော်ငြား မကြာမီ ရက်ပိုင်းအတွင်းမှာပင်
နောက်တစ်နှစ်တိတိ ကြာသောအခါ ရဟန်းဝတ်ချင်က ၀တ်ပါဟု ခွင့်ပြုချက်ကတိကို
ရခဲ့သည် ။
@@@@@@@@@@@@@@@@@@@@@@
အသွင်က
၀၀ကစ်ကစ် တစ်တစ်ရစ်ရစ်မို့ ချစ်စရာကောင်းလှသည်။ ဖြူဖြူ ဖွေးဖွေးမို့
ချစ်မွှေးရှိသူဟု ဆိုရမည့် သားဖြစ်သူကို တစ်ချက်ကြည့်ရင်း သက်ပြင်းကို
အကြိမ်ကြိမ် ချမိသည်။ တစ်ချိန်လုံး ကလေးလိုချင်တာ မရနိုင်ခဲ့ဘဲ ယခုလို
လေးဆယ်နား နီးကာမှ ကံပေါ်ကာ သားတစ်ယောက် မွေးလာသည် ။ သို့သော်ငြား
မနက်ဖြန်ဆိုလျှင် မိမိတောင်းထားသည့် ရဟန်းဝတ်ခွင့် ရလေပြီ ။ ကလေးက ယခုမှ
သုံးလသားပင် ရှိသေး၏ ။ ဆုံးဖြတ်ရမှာ ခက်ပင် ခက်ချေပြီ ။ ဒီကလေးက မိမိအတွက်
ချိတ်မှာတပ်လိုက်သည့် ငါးစာကလေးဟုပင် ပြောရမည့်အသွင် ဖြစ်နေသည်။
သို့သော်ငြား အပြစ်မရှိသည့် ကလေးကိုလည်း ထိုသို့လည်း အပြစ်မတင်သင့်ဟု
အောင်လွင် ထင်သည်။ ခက်တာက မိမိကလည်း သန္နိဋ္ဌာန် ချထားပြီးလျှင် မပြင်တတ်ခြင်း
ဖြစ်သည်။ တွေးရင်းမှ ခေါင်းများပင် နောက်ကျိကျိ ဖြစ်လာသည် ။ တစ်ဖက်က
သားနှင့်မယားအပြင် လောကကျင့်ဝတ် လူ့ကျင့်ဝတ် ဆိုတာကြီးကလည်း ရှိနေသေးသည် ။
တစ်ဖက်ကလည်း သံသရာ လောကီကျုံးကြီးကနေ ရုန်းထွက်ဖို့ ပြင်ရဦးမည် ။
အနိုင်အရှုံး အဖြူအမည်း မသဲကွဲသေးသည့် ဒီပွဲမှာ ရှုံးလျှင် လူတွေရဲ့
လက်ညှိုးငေါက်ငေါက် ထိုးကာ ၀ိုင်းဝန်းပြောဆို ကဲ့ရဲ့ခြင်းကို ခံရပေမည်။
နိုင်လျှင်တော့…….အင်း………နိုင်လျှင်တော့လည်း…….
` အစ်ကို မျက်နှာလည်း မကောင်းပါလား ၊ နေမကောင်းဘူးလား ´
` ကောင်းပါတယ်မလှိုင်ရယ် ၊ နောက်နေ့ဆိုရင် မလှိုင်ပြောတဲ့ တစ်နှစ်ဆိုတာ ပြည့်တော့မှာမို့ ငါတွေးနေတာပါ ။ သားလေးက တို့ဘ၀ထဲ ၀င်လာပြီလေ ´
မိမိစကားအဆုံးမှာတော့ မလှိုင်က ညှိုးလျသော မျက်ဝန်းအစုံနှင့် ပြန်ပြောရှာသည် ။
` ကျုပ်လည်း အဲ့ဒါပြောမလို့ အစ်ကိုရယ် ။ အစ်ကို စိတ်မပြတ်ရင်လည်း မ၀တ်ပါနဲ့လားရှင် ´
` အေးပါဟာ….ငါစဉ်းစားပါဦးမယ် ´
ပြောပြီး နေရာမှ ထလာခဲ့သည် ။ စိတ်တို့က နောက်ကျိ ရှုပ်ထွေးနေလေပြီ ။
နောက်တစ်နေ့
နံနက်အရောက်မှာတော့ စိတ်ကို ဒုံးဒုံးချလိုက်တော့သည် ။ ဒီခရီးကို
မိမိထွက်မှ ဖြစ်ပေလိမ့်မည် ။ သံသရာ လှိုင်းဂယက်ကို ဖြတ်မှ ဖြစ်ပေမည်ဟု
ဆုံးဖြတ်ကာ စိတ်ကို ပြန်တင်းလိုက်သည် ။ မလှိုင်ကတော့ မျက်နှာမကောင်းရုံမှအပ
ဘာမှ သိပ်မပြော ။ တစ်ခုရှိသည်က မိမိရှာထားသော ပစ္စည်းဥစ္စာများသည်
သူတို့တစ်သက် စားမကုန်နိုင်တာကတော့ မိမိအတွက် ဖြေသာစရာတစ်ခု ဖြစ်ခဲ့သည် ။
ပုခက်ထဲမှာ အိပ်နေသော သားဖြစ်သူကို တစ်ချက်ကြည့်ပြီး မျက်ဝန်းအစုံကို
ဇွတ်မှိတ်ချကာ အိမ်ကလေးကို ကျောခိုင်းလိုက်သည် ။ခြေ သုံးလှမ်းခန့်
အရောက်တွင် မိမိကို တားမြစ်ခြင်းပေလော နှုတ်ဆက်ခြင်းပေလော မသိသည့်
သားငယ်ထဲမှ `အဲ့ ´ ဆိုသည့် အသံနှင့်အတူ ငိုသံကိုပါ ကြားရသည်။
ယိုင်လုလုစိတ်ကို သေချာပြန်ထိန်းရင်း ခြေလှမ်းကို
ဆက်လှမ်းရင်းတွေးလိုက်မိသည် ။ တစ်လှမ်း .. နှစ်လှမ်း… သုံးလှမ်း.....
သေချာပါသည် ။ ဒီပွဲမှာ လောကပညတ်ထားသည့် လောကကျင့်ဝတ် လူ့ကျင့်ဝတ်များအရ
မိမိရှုံးခဲ့သော်လည်း သံသရာတစ်လျှောက်အတွက် လောကုတ္တရာကျင့်ဝတ်အရ ဒီပွဲမှာ
မိမိနိုင်ရမည်။ ပဋိယတ္တိ သာသနာတော် တိုးတက်ရေးအတွက် မိမိ စွမ်းဆောင်၍
ဒီပွဲကို အနိုင်ယူရပေမည် ။ ငယ်စဉ်က ပျက်ကွက်ခဲ့သည့် တာဝန်ကို မိမိ ပြန်လည်
ထမ်းဆောင်ရပေဦးမည်။ ပြောရမည်ဆိုလျှင် မိမိက လောင်းကစားသမား တစ်ယောက်သာ
ဖြစ်ပေသည်။ ကံကြမ္မာ ဆိုသည့်ဒိုင်ဆီမှာ ဘ၀ကို လောင်းကြေးထပ်သည့်
လောင်းကစားသမားသာ ဖြစ်ပါသည်။
ကြိုးစားပါဦးမည် ။
ဆန္ဒမွန်ဖြင့်....လွမ်းနောင် ..။ www.lwannaung.co.cc
No comments:
Post a Comment
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။