ညသည် သွေ့ခြောက်လွန်းစွာ ကန္တာရဆန်လျှက် ရှိနေသည်။ အဇဋာတစ်ခွင်ဝယ်
တိမ်ညိုတို့ မှိုင်းမှောင်ညစ်ထွေးလျှက်။ တိမ်ညိုတို့ကြားမှ
အလင်းကြယ်တချို့ကား မဟီမြေပြင်ကို
ချောင်းမြောင်းကြည့်နေသည်။လူရွယ်တစ်ယောက်။ အသက်သုံးဆယ်ခန့် လူရွယ်တစ်ယောက်။
လူရွယ်သည် ဝေရီနေသော ညအလယ်မှ နှင်းပုဝါကို ခွါချပြီး နှင်းအမိုးအောက်မှ
ရုတ်တရက် တိုးထွက်လာသည်။တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ သုံးလှမ်း
လှမ်းအပြီးတွင် လူရွယ်က ရှေ့သို့ ဆက်မလှမ်းဘဲ ရပ်လိုက်၏။ ရှေ့မှာ မြင်ရသော
အရာဝတ္ထုကို ကြည့်ပြီး လူရွယ် ပါးစပ် အဟောင်းသားဖြစ်နေသည်။ အတန်ကြာမှ
အံ့သြမှုကို မချုပ်တီးနိုင်ဟန်ဖြင့် မေးခွန်းတစ်ခု တိုးထွက်လာသည်
` ခင်ဗျား ဘယ်သူလဲ..၀ိဥာဉ်လား.. သရဲလား....နာနာဘာဝလား´
လူရွယ်၏ မေးသံအဆုံးတွင် ရှေ့မှ ရှိသော အရာဝတ္ထုက စကားပြန်သည်။သူ၏ စကားသံမှာ တစ်စုံတစ်ခုကို နားကျည်းဟန် ရိပ်ရိပ်ပါနေ၏။
` ကျုပ်ဘယ်သူလဲဆိုတော့ ကျုပ်နာမည်က နွေည..၀ိဥာဏလား အ၀ိဥာဏက လား ဆိုတာတော့ ခင်ဗျား ကိုယ်တိုင် ဆုံးဖြတ်ကြည့်ပေါ့ ´
အရာဝတ္ထု၏ စကားသံ အဆုံးတွင် လူရွယ်က စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်းမှ မေးခွန်းတစ်ခု ဆက်ထုတ်သည်။
` ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ ´
လူရွယ်၏ စကားသံ အဆုံးတွင် နွေညဆိုသော အရာဝတ္ထုက ဘာကိုသဘောကျသည်မသိ။
တဟားဟား အော်ရယ်သည်။ အတန်ကြာမှ သူက ရယ်ခြင်းကို ရပ်ပြီး စကားဆိုသည်။
` ကျုပ် ဒီမှာ လရောင်မျှားနေတာဗျ.. ကျုပ်တင်မဟုတ်ဘူး ဟိုဘက်မှာ အဖော်သွေးချင်းတွေပါ ပါတယ်´
` ဗျာ..ဘာဖြစ်တယ်.. လရောင်မျှားနေတာ ဟုတ်လား ´
` ဟုတ်တယ်.. လရောင်မျှားနေတာ....ကိုယ့်လူ နည်းနည်း နားရှုပ်သွားပြီထင်တယ် ´
` နားရှုပ်ရုံတင်မဟုတ်ဘူး နားကို မလည်တာ.. ဘာဖြစ်လို့ ခင်ဗျားက လရောင်မျှားတာလဲ ´
` လာဗျ.. အေးအေးဆေးဆေးထိုင် ဒါကို ကျုပ် သေချာရှင်းပြမယ်။ ပြီးရင်
ကိုယ့်လူဆီက တန်ဖိုးရှိတဲ့ စကားတွေလည်း ကြားရလိမ့်မယ်လို့
ကျုပ်မျှော်လင့်တယ် ´
ပြောဆိုရင်းမှ အရာဝတ္ထုက သူ၏ အမိုးအကာကို ဖွင့်ပေးလိုက်သည်။
စဉ်းစားဟန်ဖြင့် ခဏဆိုင်းနေပြီးမှ လူရွယ်က နွေည၏ အမိုးကာအောက်သို့
လှမ်းဝင်လိုက်လေသည်.။
+++++++++++++++++++++++++++++++++++++++++++
သူ၏ အရိပ်ဝယ် လူငယ်ဝင်ရောက်ပြီးသည်နှင့် နွေညအမည်ခံ အရာဝတ္ထုက စကား စ ဆိုသည်။
`ကိုယ့်လူ သိမလား မသိဘူး။ “၀နပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပထမသ္မိံ
ဂိမှေ ၊ တထူပမံ ဓမ္မ၀ရံ အဒေသယိ ” ဆိုတဲ့ ရတနသုတ်တော်လာ တရားနဲ့ အညီ..
ကျုပ်တို့ဟာ မျိုးနွယ်တူတွေထဲမှာ အလှဆုံးဆိုတာ သိသာတယ်´
လူရွယ် ပါးစပ် အဟောင်းသား ဖြစ်သွား၏။ စိတ်ထဲဝယ် ` ဒီသတ္တ၀ါ.. ဘုရားဟော
တရားတော်တွေလည်း သိတာပါလား ´ ဟု တွေးနေဟန်။နွေညဆိုသော အရာဝတ္ထုကတော့
မသိလိုက် မသိဘာသာဟန်ဖြင့် ဆက်ပြောသည်။
` ဒါပေမယ့် ဒါက ဟိုတုန်းကဖြစ်ခဲ့တာ။ အခု ကျုပ်တို့ မလှနိုင်တော့ဘူး။
ကိုယ့်လူ သိမှာပေါ့။ ကျုပ်တို့ နွေညဆိုတာကလည်း မီးကို မျိုထားရတဲ့ ဘ၀ကိုး။
ဒီတော့ ဒီလိုအချိန်မှာ ကျု့ပ်တို့ လှဖို့ဆိုတာက လေညင်းလိုမယ်။
လရောင်လိုမယ် ´
` အခု ခင်ဗျားတို့က အဲ့ဒါတွေ မရလို့လား´
လူငယ်၏ စိတ်မရှည်ဟန် ဖြတ်မေးခြင်းကို နွေညက ပြုံးပြီးလက်ခံရင်း စကားဆိုသည်။
` ကိုယ့်လူက လောရန်ကော... ဆုံးအောင် နားထောင်ပါဦးလေ..။ ပြောခဲ့တဲ့
အထဲမှာ လေညင်းကိုတော့ ကျုပ်တို့ရတယ်ဗျ..။အဲ..ဒါပေမယ့် လရောင်ကိုတော့
ကျုပ်တို့ မရတာ ကြာခဲ့ပြီ.။ပြောရမယ်ဆိုရင် ကျုပ်တို့ကမ္ဘာမှာ လကွယ်တာ
ကြာခဲ့ပြီ.´
နွေညအမည်ခံ အရာဝတ္ထုက နောက်ဆုံး ` လကွယ်တာ ကြာခဲ့ပြီ ´ ဆိုသော စကားကို
ခံစားမှု အပြည့်နှင့် ဆို့ဆို့နင့်နင့် ဆိုသည်။ စိတ်ဝင်စားဖွယ်ရာကို
ကြားလိုက်ရသည့်အလား လူရွယ်က ဘာစကားမှ ၀င်မစွတ်ပဲ ငြိမ်နားထောင်နေ၏။
` ကိုယ်ချင်းစာတတ်မယ်ဆိုရင် ကိုယ့်လူလည်း ခံစားမိမှာပါ။ ကျုပ်တို့က
လကွယ်ညမှာ မနေချင်ဘူး။ ကိုယ့်လူတို့ လှချင်သလို ကျုပ်တို့လည်း ကျုပ်တို့
ကမ္ဘာကို လှစေချင်တယ်။ အထူးသဖြင့် ကျုပ်တို့ကမ္ဘာမှာ တိမ်ညိုတွေ
မမှိုင်းစေချင်ဘူး။ တိမ်ဆိုး တိမ်ညစ်တွေ ကင်းစင်စေချင်တယ်။ ဒါကြောင့်
ကျုပ်တို့ လရောင်မျှားနေကြတာ ´
နွေညအမည်ခံ အရာဝတ္ထု၏ စကားအဆုံးတွင် လူရွယ်က တွေးဆဟန်ဖြင့် ငြိမ်နေပြီးမှ မေးခွန်းထုတ်သည်။
` နေပါဦး ကျုပ်မရှင်းတာ မေးပါရစေဦး.။ခင်ဗျားက ကိုယ့်ဘာသာ
နွေညလို့ပြောတယ်။ ကျုပ် ကြည့်နေတာ။ သစ်ပင်တွေကလည်း ဝေလို့ စိမ်းလို့ပါလား။
နောက်ပြီး.. ဘယ်မှာလဲ နွေသရုပ် ၊ ရွက်ဝါလည်း မရှိ၊ ဥသြသံလည်း
မကြားရ..ပိတောက် ၊ ငုဝါ.. ဘာဆိုဘာမှလည်း မတွေ့ပါလား။ဆိတ်သုဉ်းခြင်း၊
ကြွေကျခြင်း၊ ပွင့်ဝေခြင်း ဆိုတဲ့ ဖြစ်စဉ်တွေ တစ်ခုမှလည်း မရှိပါလား.´
လူရွယ်၏ မေးခွန်းအဆုံးတွင် နွေညအမည်ခံ အရာဝတ္ထုက
ပြုံးသည်။သိမ်သိမ်မွေ့မွေ့လေး ပြုံးသည်။ အတန်ကြာမှ သူက အေးဆေးသက်သာသော
လေသံဖြင့် ပြောသည်။
` ကိုယ့်လူကို လူငယ် လူရွယ်ဆိုပြီး ကျုပ်က အမြင်စူးရှလောက်မယ်ထင်နေတာ။ ကျုပ်အမြင် မှားသွားတယ် ´
လူရွယ်က ရှူးရှူးရှဲရှဲ ဖြစ်သွားပြီး စကားတုန့်ပြန်သည်။
` ဘာဗျ.. ခင်ဗျား ကျုပ်ကို စော်ကားနေတာလား ´
နွေညကတော့ ပြုံးမြဲ ပြုံးလျှက် ဆက်ပြောသည်။
` ကိုယ့်လူ သတိထားကြည့်စမ်းပါ.။ ကျုပ်တို့ရဲ့ ဘ၀လို့ တင်စားလိုက်တဲ့
မီးကို မျိုထားရတဲ့ညကမ္ဘာမှာ.. သစ္စာတရားတွေ ကြွေကျနေပြီ။ နောက် ကြည့်ဦး..။
လောဘတွေ ဒေါသတွေ.မောဟပန်းတွေ. အပြိုင်းအရိုင်းပွင့်ဝေနေလိုက်တာ ရနံ့
တသင်းသင်းနဲ့ပဲ။ ကိုယ့်လူ နားကောင်းလို့ ကြားတတ်မယ်ဆိုရင်
ခုံမင်ဖွယ်ရာကောင်းတဲ့ အရိုင်းတို့ရဲ့ တေးသီသံတွေလည်း ကြားရပါလိမ့်မယ်။
ဒါဟာ ကိုယ့်လူပြောတဲ့ ဆိတ်သုဉ်းခြင်း၊ ကြွေကျခြင်း၊ ပွင့်ဝေခြင်းဆိုတဲ့
အစိတ်အပိုင်းတွေပဲ မဟုတ်လား´
စကားသံ အဆုံးတွင် လူရွယ် ငြိမ်ကျသွားသည်။ အတန်ကြာသည်အထိ ငြိမ်နေပြီးမှ စကားပြန်ဆိုသည်။
` အင်း.. ခင်ဗျားပြောမှ ကျုပ်ရဲ့ အသိဥာဏ်တွေ လင်းလာတယ်။ အ၀ိဇ္ဇာ
ဖုံးလွှမ်းပြီး အမြှေးတက်နေတဲ့ ကျုပ်ဦးဏှောက်ကို ဆေးကြောပေးတဲ့
ခင်ဗျားရဲ့စကားတွေ အတွက် ကျေးဇူးတင်ပါတယ်။ ဒါနဲ့ လရောင်ကို ခင်ဗျား ဘာနဲ့
မျှားနေသလဲ ´
လူရွယ်၏ စကားအဆုံးတွင် နွေညအမည်ခံ အရာဝတ္ထု၏ အမူအရာ သိသိသာသာ ပျက်ယွင်းသွားသည်။ ပြီးမှ အထိတ်တလန့်ဟန်ဖြင့် စကားဆိုသည်။
` ကိုယ့်လူပြောတဲ့ အချက်က ကျုပ် အသိဥာဏ်ထဲကို ဆွဲမခေါ်လာရဲတဲ့ မေးခွန်း
ဖြစ်နေတယ်။ ကျုပ် လရောင်ကို မျှားနေတာကြာပြီ။ မျှားတယ်ဆိုကတည်းက
ကိုယ့်ဘက်မှာ သူတပ်မက်တဲ့ အရာတစ်ခု ရင်းရတော့မယ်။ အယောင်ပြရတော့မယ်။
ကျုပ်အတန်တန် စဉ်းစားတယ်။ ကျုပ်ရဲ့ချိတ်မှာ ဘာကိုတပ်ထားလဲဆိုတာ။
ရေရာတိကျတဲ့အဖြေ မရခဲ့ဘူး။ ကိုယ့်လူပြောကြည့်စမ်းပါ။ ကျုပ် လရောင်ကို
ဘာနဲ့မျှားသင့်သလဲ ´
လူရွယ်က စဉ်းစားဟန်ဖြင့် အတန်ကြာအောင် ငြိမ်ကျသွားသည်။ ပြီးမှ သူက ဆိုသည်။
` အင်း..ဘာနဲ့ မျှားသင့်သလဲဆိုတာကိုတော့ ကျုပ်လည်း သေချာမသိဘူး။
ဒါပေမယ့် ခင်ဗျားကို ကျုပ်တစ်ခုတော့ သတိပေးချင်တယ်။ ခင်ဗျားမျှားတဲ့
ချိတ်မှာ ခင်ဗျားကို ခင်ဗျား ပြန်မတပ်မိပါစေနဲ့..လို့..´
လူရွယ်၏ စကားသံ အဆုံးတွင် နွေညအမည်ခံ အရာဝတ္ထုကြီး သိမ့်ကနဲ
တစ်ချက်တုန်သွားသည်။ ထိုအချက်သည် သူမထင်မှတ်ပဲ
ဖြစ်သွားနိုင်သည့်အချက်တစ်ခု ဖြစ်သလို သူလက်မခံရဲသော အမှန်တရားလည်း
ဖြစ်နိုင်သည်။
ငေးငိုင်ငေါင်စင်းနေရာမှ နွေညအမည်ခံ အရာဝတ္ထုက ထစ်ငေါ့စွာ မေးခွန်းထုတ်သည်။
`..ဒါ..ဒါ..ဒါဆို..ကျုပ် ..ကျုပ်.. ဘာလုပ်သင့် သလဲ..´
ယခုတစ်ခါတွင် လူရွယ်၏ ဟန်က အလွန်ပင် တည်ငြိမ်နေသည်။ သူက ခေါင်းကို တစ်ဆက်ဆက် ညိတ်နေရေးမှ ဆိုသည်။
` ဒီလိုရှိတယ်ဗျာ.။ ခင်ဗျားကိုယ် ခင်ဗျား ချိတ်မှာ ပြန်တပ်မိသွားတဲ့
အဖြစ်မျိုးလည်း မဖြစ်ရအောင် လရောင်ကိုလည်း မျှားမိနိင်အောင်
အချက်သုံးချက်ကို ခင်ဗျားတို့ လိုက်နာ ဆောင်ရွက်ရလိမ့်မယ်´
လူရွယ်က သူ့စကားကို နွေညအမည်ခံ အရာဝတ္ထုကြီး စိတ်ဝင်စားမှု ရှိမရှိ
တစ်ချက် အကဲခတ်သယောင် မျက်လုံးကို လှန်ကြည့်သည်။ ပြီးမှ သူက ဆက်ပြောသည်။
နံပါတ်တစ်အချက်အနေနဲ့ ခင်ဗျားကိုယ်တိုင်က ရိုးသားဖို့လိုမယ်´
`ဟုတ်ပြီ.. ဆက်ပြောပါဦး.´
` နံပါတ်နှစ်အချက်အနေနဲ့ ခင်ဗျားအပါအ၀င် ခင်ဗျားရဲ့
ရင်သွေးဖော်တွေဟာလည်း မှန်ကန်တဲ့လမ်းကြောင်းမှာ စည်းစည်းလုံးလုံး
ညီညီညွတ်ညွတ် ရှိနေရမယ်။ ဒါမှလည်း ခင်ဗျားတို့ လရောင်ကို
များလို့မိတဲ့အခါမှာ အဲ့ဒီအလင်းနဲ့ အလှတရားကို သေချာပေါက်
ထိန်းသိန်းနိုင်မှာ။ ခင်ဗျားပြောပုံအရဆို ခင်ဗျားတို့ တစ်ချိန်က ဒါကို
ပိုင်ဆိုင်ခဲ့ဖူးသားပဲ ။ ဒါကို ပြန်ပြီး သင်ခန်းစာ ယူကြည့်ပေါ့ ´
နွေညအမည်ခံ အရာဝတ္ထုက တွေးတောဟန် ငြိမ်နေပြီးမှ မေးခွန်းကို ဆက်ထုတ်သည်။
` အင်း... နောက်ဆုံးတစ်ချက်ကရော.. ဘာလဲ ´
နံပါတ်သုံး အနေနဲ့.ချိတ်မှာ သေချာတဲ့ အရာတစ်ခုခု ခင်ဗျား တပ်ကြည့်။
အဲ့ဒီဟာက ခင်ဗျားပြောသလို သူတပ်မက်တာလည်း ဖြစ်ရမယ်။ ခင်ဗျားကိုလည်း
မထိခိုက်အောင် ကာကွယ်နိုင်ရမယ်´
` ဟုတ်တယ်လေ.. ကျုပ်မေးတာက.. အဲ့ဒီ မျှားစာက ဘာလဲလို့..´
` ခင်ဗျားချိတ်မှာ တပ်ရမယ့် မျှားစာဟာ ဘာလဲလို့တော့ ကျုပ်လည်း
သေချာမပြောတတ်ဘူး။ ဒါပေမယ့် ကျုပ်အမြင်အရ. ခင်ဗျားရဲ့ မျှားချိတ်မှာ
အရာတစ်ခုကို တွေ့မိလိုက်တယ်။ ဒါကို တပ်ပြီး မျှားရင် ခင်ဗျား လရောင်ကို
မျှားလို့ မိနိုင်မယ်လို့ ကျုပ်တော့ ယူဆမိတယ်´
`ဒါဆိုတာက ဘာလဲ..´
လူရွယ်က တည်ငြိမ်စွာ တစ်လုံးချင်း ပြောသည်။
` ဒါဆိုတာက..ပညာ ပဲ..´
` ဘာရယ်.. ပညာ.. ဟုတ်လား´
` ဟုတ်တယ် ။ ပညာပါပဲ။ ဒါပေမယ့် ခင်ဗျားထင်ထားသလို သိမှု တတ်မှုဆိုတဲ့
ပညာတွေတင်မဟုတ်ဘူး။ ပညာရဲ့သဘောက နယ်ရှိုင်းကျယ်ပြန့်တယ်၊ ဒီ့ထက် အလွန်တရာ
ကျယ်ပြောတယ်။ ခင်ဗျား ဒါကို ချိတ်မှာ တပ်ပြီး လရောင်ကို မျှားကြည့်.။
သေချာပေါက် ရနိုင်မယ်လို့ အာမ မခံနိုင်ပေမယ့် ရနိုင်ဖို့ရာ လမ်းတော့
များမယ်ထင်တယ်။ ခင်ဗျားဘယ်လိုသဘောရလဲ..´
စကားသံအဆုံးတွင် နွေညအမည်ခံ အရာဝတ္ထု ၀မ်းသာအားရဟန်နှင့် ပြောသည်။
` အား.......ဟုတ်ပြီဗျို့.။ ကိုယ့်လူပြောတာ.. သဘာဝကျတယ်။ တကယ်လို့သာ
အဲ့ဒီလရောင်ကိုသာ ဖမ်းမိနိုင်ရင် တိမ်ဆိုးတိမ်ညစ်တွေ ကင်းစင်သွားမယ်။
ဒါဆိုရင် ကျုပ်တို့ကမ္ဘာမြေမှာ ငြိမ်းချမ်းခြင်းတွေ စည်ပင်ဝေဖြာလာလိမ့်မယ်။
ဒီလိုဆိုရင် ကျုပ်တို့ရဲ့ အပူကို မျိုသိပ်ထားရတဲ့ ကမ္ဘာဟာ သာယာ
အေးချမ်းပြီပေါ့..ဟုတ်ပြီဗျို့။ ကိုယ့်လူပြောတာ သဘာဝကျတယ် ´
` ကဲ.. ဒါဆိုရင် ခင်ဗျား လရောင်ကို ဆက်မျှားဗျာ..။ကျွန်တော်တော့ ခရီးဆက်လိုက်ဦးမယ် ´
` ကောင်းပါပြီဗျာ..။ ကျုပ်ကြောင့် ကိုယ့်လူ အ၀ိဇ္ဖာအမြှေးတက်နေတဲ့
အသိဥာဏ်တွေလင်းလက်ခဲ့တယ်လို့ ဆိုခဲ့သလို.၊ ကိုယ့်လူကြောင့်လည်း
ကျုပ်တို့ကမ္ဘာ သာယာခြင်းရဲ့ အစကို ဆွဲကိုင်နိုင်တာ။ ဒီအတွက်
ကျေးဇူးတင်တယ်ဗျာ ´
` ဟုတ်ပါပြီဗျာ.. ဒါဆို ကျုပ်သွားတော့မယ် ´
နွေညအမည်ခံ အရာဝတ္ထုက သူ့အမိုးကို ဖွင့်ပေးလိုက်သည်နှင့် လူရွယ်က
တိုးထွက်လာသည်.။ပြီးနောက် လူရွယ်က ကောင်းကင်ကို တစ်ချက်မော့ကြည့်နေသည်.။
သူအမိုးအောက် မ၀င်ခင်က ချောင်းကြည့်နေသော ကြယ်စင်တချို့သည် ပေါ်ပေါ်တင်တင်
ရုပ်လုံးပြလာတာကို တွေရသည်.။ တိမ်ညိုတို့နေရာတွင် မြူမင်းလွင်များက
အစားထိုးပြီး ကင်းလှည့်နေသယောင်။ လှမ်းနေသော ခြေလှမ်းများ ၀ါးတစ်ရိုက်ခန့်
အရောက်တွင် သူ့နောက်ပါးမှ.. ရွှင်လန်းစွာ ထွက်ပေါ်လာသော သီချင်းသံကို
လူရွယ် ကြားလိုက်ရ၏။
ရွှေ ငွေ ရတနာမိုးxxxx သွန်ဖြိုးရွာတော့မည်xxxxxx
ရွာလိမ့်မည်..ရွာလိမ့်မည်.x x x ခုကောင်းစွာပ အရာရာညီ..xx x x ဆုတောင်း
ပံ ပတ္ထနာချီ.. ပတ္ထနာညီ ပတ္ထနာချီ.. မမှိန်ပါသည် အရှိန်ဝါညီ..ဣန္ဒာပြည်လို
စည်ပင်လိမ့်ဦး...........မည်။
မရေးဖူးတဲ့ ပုံစံတစ်ခုပါ။ သေချာဝေဖန်ပေးစေလိုပါကြောင်း.။
ဆန္ဒမွန်ဖြင့်.....။လွမ်းနောင်http://lwannnaung.blogspot.com/
ပွင့်ပွင့်လင်းလင်းပြောရရင် not bad .......
ReplyDelete:D အခုမှ ကော်နက်ရှင်က စွတ်ဆတ်ကောင်းနေတာ စာတွေလာဖတ်သွားတယ်
ReplyDeleteနွေည၊ လရောင်၊ ပညာ.. နောက်တစ်မျိုးထပ်တွေးဖြစ်တယ်း)
ခေါင်းစဉ်တစ်ခုထဲကို အရေးသား တစ်မျိုးစီနဲ့ ... ခံစားသွားတယ် လွမ်းနောင်ရေ..
ReplyDeleteအတွေးကောင်းပါတယ် အကို
ReplyDeleteကိုယ်ပြောချင်တဲ့ စကားတွေကို ပြောနေကျအတိုင်းမပြောတာကိုက
စွဲဆောင်မှု့ရှိလှတယ်။
ရောက်ခဲ့တယ်၊ လွမ်းနောင်
ReplyDelete