Monday 26 March 2012

ဥမ္မတကရဲ့ ပုံပြင်အို

အေးဗျာ ခင်ဗျားက သူနဲ့ ကျွန်တော့် အကြောင်း စိတ်ဝင်စားတယ်ဆိုလို့သာ ပြောပြရမှာ ၊ တကယ်တော့ ကျွန်တော်က  “မြနှင်းဆီ ” ဆိုတဲ့ သူနဲ့ပတ်သက်တာတွေကို မေ့ထားတာ တော်တော်ကြာပြီဗျ ၊ တခြားလူတွေဆို ကျွန်တော်က ပြောပြရိုးလားဗျ ၊ ခင်ဗျားကိုသာ ခင်မင်ရင်းစွဲ ရှိလို့ ပြောပြတာ ။ မှတ်မှတ်ရရ သူ့ကို ကျွန်တော် စသိတာက ခုလို နွေလကြီးဗျ ။ ရွက်ဝါလေးတွေ ကြွေနေတာ ၊ ဥသြငှက်တွေရဲ့ နာပျော်ဖွယ် လွမ်းတေးတွေနဲ့ဆိုတော့  ခံစားတတ်ရင် နွေရာသီဆိုတာကလည်း လွမ်းမော တပ်မက်ဖွယ်ရာကောင်းတဲ့ ရာသီတစ်ခုပဲလေ ။  မေ့ထားတာ ကြာပြီဆိုတော့ ကျွန်တော်နဲ့ စသိစဉ်တုန်းက သူ့နာမည်တောင် မေ့တေ့တေ့ ဖြစ်နေပြီ.....။ ဟာ......မဟုတ်ဘူး.. ၊ ခင်ဗျား ထင်သလို အင်မ်နီးရှား (amnesia ) မဟုတ်ဘူးဗျ ။ ကျုပ်က သူနဲ့ပတ်သက်တာတွေကို တမင်မေ့ထားတာ ဘာရောဂါမှ မဟုတ်ဘူး ။ ထားပါတော့ဗျာ..။ အဲ.......နေဦးဗျ ၊ ထားပါတော့ ဆိုမှ သတိရတယ် ။ သူ့နာမည်က “ ထား ” ဗျ ။


                                                      ♥♥♥♥♥♥♥♥♥♥♥♥♥♥

မှတ်မိသေးတယ် အဲ့ဒီတုန်းက ကျွန်တော်က တက္ကသိုလ် ဘုန်းနိုင်ရဲ့ တပြည်သူမရွှေထား ၀တ္ထုလေး ဖတ်ပြီးကာစပေါ့ ။ သူ့နာမည်လေးကို တွေ့လိုက်တော့ ကျွန်တော်က အမှတ်မထင်ပဲ ဆရာဘုန်းနိုင်ရဲ့ စာအုပ်ထဲက ကဗျာလေးကို သူ့ အိမ်ကို သွားပို့တယ် ။ ဗျာ........ဘယ်ကလာ အပြင်မှာ ဟုတ်ရမှာလဲဗျာ ။ ခေတ်က အိုင်တီခေတ်လေဗျာ ။ သူနဲ့ ကျွန်တော် စသိတာကလည်း ကျယ်ပြောတဲ့ နည်းပညာလောကမှာ အပြိုင်းအရိုင်း ဖြစ်နေတဲ့ နိုင်းဆိုဒ်တစ်ခုတည်းမှာဗျ ။သူ့အိမ်ဆိုတာလား ၊ အဲ့ဒီနိုင်းဆိုဒ်မှာ သူ့နာမည်နဲ့ ၀င်ထားတဲ့ ကိုယ်ပိုင်နေရာပေါ့ဗျာ ။ အဲ့ဒီနေရာကို ကျွန်တော်က ကဗျာတစ်ပုဒ် သွားပို့တယ်ဗျ ။ ဘာရယ်တော့ မဟုတ်ပါဘူး ။ ထား ဆိုတဲ့ နာမည်ကိုတွေ့တော့ ကဗျာလေးကို သတိရလို့ အမှတ်တမဲ့ သွားပို့တာပါ ။ဗျာ .. ခင်ဗျားက ကဗျာကို သိချင်တာလား  ။ဒါဆိုရင်လည်း  ကျုပ် ရွတ်ပြရသေးတာပေါ့ဗျာ ။နားထောင်ကြည့်......
မောင့်ထားသခင် ၊ မြစိမ်းရှင်ထံ
မကြင်သူအား ၊ ကြင်မိမှားမို့
သနားခွင့်ထူး ၊ မပန်ဖူးပါ
နွေဦးအတိတ် ၊ ချစ်နိမိတ်ဟု
ဖိုလ်ဟိတ်ထင်မှတ် ၊သည်လွမ်းဇာတ်အား
ထုပ္ပတ်စတင် ၊ ဦးမှာပင်က
သက်ငင်ရွက်တို့ ၊ ကြွေသောလ ။

♥♥♥♥♥♥♥♥♥♥♥♥♥♥

ကျွန်တော်က အဲ့ဒီကဗျာလေး သူ့နေရာမှာ သွားပို့တော့ သူ့ဆီကနေ ပြန်စာလာတယ်ဗျ ၊ နောက်တော့ သူနဲ့ ကျွန်တော် အပြန်အလှန် စာတွေ ၊ ကဗျာတွေပို့ရင်းကနေပဲ ခင်ခဲ့ကြတယ် ။ မှန်တာပြောရရင် ကျွန်တော်က အဲ့ဒီအချိန်ထိ အွန်လိုင်းသူငယ်ချင်းဆိုတာကို လက်ခံယုံကြည်ပေမယ့် အွန်လိုင်းအချစ်ဆိုတာကိုတော့ မယုံကြည်ဘူးဗျ ။ ခင်ဗျားလည်း ဒါတွေ သိသင့်သလောက် သိမှာပါ ။ဘယ်နှယ့်ဗျာ လူလည်း မြင်ရတာမဟုတ်ဘူး ။ သူတို့လက်ဖျားနဲ့ ကီးဘုတ်နဲ့ ထိတွေ့ပြီး ထွက်လာတဲ့ စာလုံးတွေကို သူတို့စိတ်ထားပါလို့ ဘယ်သူ အာမခံနိုင်မလဲဗျာ ။ ဒါပေမယ့် ခက်တယ်ဗျာ ။ ထားနဲ့ ကျွန်တော်နဲ့ ခင်လာပြီးတော့ သူ့အကြောင်းတွေကို ကျွန်တော် ယုံကြည်လာတယ်ဗျ ။

                                                       ♥♥♥♥♥♥♥♥♥♥♥♥♥♥

ထားကလည်း သူ့အကြောင်းတွေကို အမှန်အတိုင်း ပြောခဲ့တာဗျ ။ သူ့အကြောင်းတွေ သိရပြီး သူနဲ့ စကားပြောတဲ့အခါတိုင်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိတာတွေ့ရတော့ ကျွန်တော့်ရဲ့ မသိစိတ်ထဲမှာ သူ့ကို လေးစားရင်းကနေ သူက တိတ်တခိုး နေရာယူထားတာဗျ ။ အေးဗျာ..၊ ကံကြမ္မာ ကျွန်တော့်ဘက်မှာ ရှိမနေဘူးပဲ ပြောရမှာပေါ့  ။  သူနဲ့ ခင်ပြီး ခြောက်လလောက် အကြာမှာတော့ ကျွန်တော့်ကိုယ် ကျွန်တော် သတိထားလိုက်မိတယ် ။ကျွန်တော် သူ့ကို ချစ်နေပြီလို့လေ ။ စိတ်ဆိုတာကလည်း ခက်သားလားဗျာ ။ ထိန်းကွပ်ခြင်းရှိနေတာတောင် ရုန်းထွက်နေကြတာ ။ ဒါပေမယ့် ကျွန်တော် သူ့ကို ဖွင့်မပြောခဲ့ဘူးဗျ ။ ဘာလို့လဲ ဟုတ်လား ။ အွန်လိုင်းမှာပြောရင် ပေါ့တယ်ထင်မှာစိုးလို့ ကျွန်တော် မျိုသိပ်ထားတာဗျ ။လူချင်းတွေ့ရင်တော့ ဖွင့်ပြောမယ်ဆိုတဲ့ စိတ်နဲ့ပေါ့လေ ။

                                                        ♥♥♥♥♥♥♥♥♥♥♥♥♥

မထင်မှတ်တာတွေ ဖြစ်လာတတ်တဲ့ လောကဓမ္မတာသဘောလား မသိပါဘူးဗျာ ။ ကျွန်တော်သူ့ကို မထင်မှတ်စွာနဲ့ပဲ အွန်လိုင်းမှာ ဖွင့်ပြောဖြစ်ခဲ့တယ်ဗျ ။ ချစ်လို့ပြောတာ မှန်ပေမယ့်  ပြောပြီးမှ ကျွန်တော်တော့ မှားသွားပြီလားလို့တောင်  တွေးမိတယ် ။ ဒါပေမယ့် ကျွန်တော် သူ့ကို လေးလေးနက်နက် တန်ဖိုးထားပြီး ပြောခဲ့တာဗျ ။အေးဗျာ .။ ဒီအချိန်တုန်းက ကျုပ်အသက်အရွယ်ကို စာတွေထဲကလို ကဗျာဆန်ဆန်ပြောရရင် ကိုယ်ပိုင်ကမ္ဘာဦး ဆန်းစ အချိန်ပေါ့ဗျာ ။ ဒါပေမယ့် ကျွန်တော့်ဘ၀က ဆန်းရုံပဲ ဆန်းလိုက်ရတာပါ ။ ပြီးပြည့်စုံတဲ့ ကိုယ်ပိုင်ကမ္ဘာဦးဆိုတာမျိုး မရှိပဲ တစ်ခါတည်း ဆုပ်ချိန် ရောက်သွားခဲ့တာဗျ ။ ဖြစ်ပုံက ဒီလိုဗျ ..။

                                                               ♥♥♥♥♥♥♥♥♥♥♥♥♥

သူ့ကို ကျွန်တော်ဖွင့်ပြောပြီးတဲ့ မကြာခင်အချိန်မှာပဲ သူနဲ့တွေဖို့ အကြောင်းဖန်လာတယ်ဗျ ။ဖန်လာတယ်ဆိုတာက ကျွန်တော် မြန်မာပြည် အလည်ပြန်ခဲ့လို့လေ.။ အော် ..မေ့နေလိုက်တာ ။ ဒီတုန်းက ကျွန်တော်က မလေးမှာနေတယ်ဆိုတာ ခင်ဗျားကို ပြောမှ မပြောရသေးတာ ။ အေးဗျာ .. ခင်ဗျားသိတဲ့အတိုင်းပဲ .။ “ မလေးပြန် ” လို့ဆိုလိုက်ရင် ယောင်္ကျားပဲ ဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် တော်တော်များများက နှာခေါင်းရှုံ့ချင်ကြတယ်ဗျ ။ ဘာဖြစ်ရမှာလဲဗျာ ။ ခင်ဗျား မလေးနေ မြန်မာတွေအကြောင်း နည်းနည်းမှ မကြားမိဘူးလား ။တကယ်တော့ ဒါတွေက ချဲ့ကားပြောတာတွေလည်း “ ပါ ” ပါတယ်ဗျာ ။မလေးမှာနေတဲ့ မြန်မာမိန်းကလေးတွေ ၊ ယောက်ျားလေးတွေ ပျက်စီးတယ် ၊ ဘာညာဆိုတာ မှန်သင့်သလောက် မှန်ပါတယ်ဗျာ ။ဒါပေမယ့် လူဆိုတဲ့ သတ္တ၀ါတွေက မကောင်းတာကိုသာ မြင်တတ်တာဗျ ကောင်းတာကျတော့ တယ်မြင်တတ်တာမဟုတ်ဘူး။။
                           
                                                ♥♥♥♥♥♥♥♥♥♥♥♥♥

ဖတ်ဖူးတဲ့စာအုပ်ထဲကလို ပြောရရင် ကမ္မဋ္ဌာန်းကျောင်းသွားလို့ ငြိမ်းအေးသွားတဲ့ ၉၉၉ယောက်ကိုကျတော့ ဘယ်သူမှ မမြင်ဘူး။ ခပ်ရူးရူးတစ်ယောက် သူ့စိတ်သက်သာရာ ရလိုရငြား  ကမ္မဋ္ဌာန်းကျောင်းလာတာ ၊ မတည်ငြိမ်ပဲ ရူးသွားတာကိုကျတော့ ကမ္မဋ္ဌာန်းကျောင်းသွားလို့ ရူးသွားတာဆိုပြီး နာမည်ကြီးသလိုပေါ့ဗျာ ။တကယ်တော့ ခမျာများဘ၀က ဆိုးပါတယ်ဗျာ။  မိဘဆွေမျိုးတွေ ၊ ကိုယ့်ပြည် ကိုယ့်တိုင်းနဲ့ ဝေးပြီး ရုန်းကန်နေရရှာတာ ။  ခက်တော့ ခက်သားဗျာ ။လူအမျိုးမျိုး စိတ်အထွေထွေပဲလေ ။ သူတို့ပြောသလို လူမျိုးတွေလည်း မရှိတာတော့ ဘယ်ဟုတ်မလဲဗျ ။ ရှိတာပေါ့ ။ ခက်တာက သူခိုးက လူပြန်ဟစ်သလို အဲ့လိုကောင်တွေကပဲ မလေးရောက် မြန်မာတွေ မကောင်းဘူး ခေါင်းစဉ်တပ်တာဗျ ။ခု ပိုဆိုးပုံများလေ.. ကျွန်တော်ဖြင့် ရင်နာလို့ မဆုံးဘူး ။ရုပ်ရှင်တွေ ၊ ဗွီဒီယိုတွေထဲမှာ ဗိလိန်တော်တော်များများဆိုရင် “ မလေးပြန် ” ခေါင်းစဉ်တပ်လိုက်တာပဲ ။အေးဗျာ...ပြောရင်းနဲ့ စကားလမ်းကြောင်းတောင် လွဲသွားပြီး ခင်ဗျားသိချင်တာက သူနဲ့ကျွန်တော့်အကြောင်းမှလား...။

                                                          ♥♥♥♥♥♥♥♥♥♥♥♥♥

အေးဗျ ။သူနဲ့ ကျွန်တော် တွေ့အပြီးမှာလား ။ ဇာတ်မျောကြီးပါပဲဗျာ ။ သူ့ဆီက ချစ်တယ်လည်း မပြော ၊ မချစ်ဘူးလည်း မငြင်း ၊ ဒါပေမယ့် ကျွန်တော် သိနေတယ်ဗျ ။ သူကျွန်တော့်ကို ချစ်ခဲ့ဖူးတယ်ဆိုတာ ။ ဆိုလိုတာက ခုအချိန်မှာတော့ သူ့စိတ်ထဲ ကျွန်တော် ရှိချင်မှ ရှိမယ် ။ ဒါပေမယ့် တစ်ချိန်က သူ့ရင်ထဲမှာ ကျွန်တော်ရှိခဲ့ဖူးတယ်ဆိုတာကိုတော့ ကျွန်တော်သိနေတယ်ဗျ ။ထားပါတော့ဗျာ ။ အဲ့ဒီလို ဇာတ်မျောကြီးနဲ့ပဲ ခရီးဆက်ခဲ့ရာကနေ ကျွန်တော် ဘ၀င်မကျစရာ တစ်ခုကြုံလာတယ်ဗျ ။ ဘာဖြစ်ရမှာလဲဗျာ ..။သူက ရုပ်ရှင် မင်းသမီး ဖြစ်ချင်တာလေ ..။အေးဗျာ....သူ့ရည်ရွယ်ချက်နဲ့ သူကတော့ သူအောင်မြင်မှု ရခဲ့ပါတယ် ။ ခုဆိုရင် နေရာတိုင်းမှာ အင်တာနက်စာမျက်နှာတွေမှာ သူ့ပုံတွေ သူ့အကြောင်းတွေက လူတိုင်းနှုတ်ဖျား ရေပန်းစားစရာ အကြောင်းတစ်ခု ဖြစ်နေပြီလေ ..။ ခင်ဗျားလည်း ဒါတွေကိုတော့ သိပြီး ဖြစ်မှာပါ ။ ဒါပေမယ့် ခင်ဗျား မသိတာက မအောင်မြင်ခင် ဘာတွေ ဘယ်လိုခံစားရလဲ ဆိုတာပဲ ။ အဆိုတော်ကြီး တွံတေးသိန်းတန် သီချင်းထဲကလို ပြောရရင်တော့ “ မျှော်လင့်တဲ့ အကယ်ဒမီ..xxxxxxx တကယ်ပီပီ မရခင်က ဓနဂုဏ် ယန္တရား ကြားမှာ ချားရဟက်လို ချာချာလည် ”   ပေါ့ဗျာ ။။ ထားပါတော့ဗျာ..။ ဒါတွေကိုတော့ ကျွန်တော် မပြောပါရစေနဲ့ဗျာ..။ တော်ကြာနေ မစားရတဲ့အမဲ သဲနဲ့ပက်တယ် ထင်ခံနေရပါဦးမယ် ။

                                               ♥♥♥♥♥♥♥♥♥♥♥♥♥

အခုလား..။ ခု သူနဲ့ ကျွန်တော် တော်တော်လေး စိမ်းသွားပါပြီ ။ အလွှာတွေက ခြားသွားပြီလေဗျာ..။  ဒါပေမယ့် လုံးဝ မတွေ့မပြောကြတာမျိုးတော့လည်း မဟုတ်ပြန်ဘူးဗျ.. ။အခု ကျွန်တော်နေတဲ့ နေရာကိုလည်း သူပဲ ပို့ပေးတာဗျ.။ ဘယ်နေရာလဲ ဟုတ်လား...။ မသိချင်စမ်းပါနဲ့ဗျာ.. ခင်ဗျားအတွက် အကျိုးရှိမှာလည်း မဟုတ်ပါဘူး.။ ကျွန်တော်က တိုင်းခြားမှာလည်း နေဖူးတယ် ။ ရွာလယ်ကွင်းပြင်က သစ်ပင်ရိပ်မှာလည်း အိပ်ဖူးပါရဲ့ ..။ ဘုရားစူးရစေ့ ...။ ကျွန်တော် နေခဲ့ဖုးတဲ့ နေရာတော်တော်များများမှာ ဒီနေရာလောက် စိတ်ပျက်စရာကောင်းတာ မရှိဖူးပါဘူးဗျာ ..။ မနက်လင်းလာတာနဲ့ လောင်းကုဒ်ဖားဖားကြီး ၀တ်ထားပြီး မျက်မှန်ကားကားနဲ့ လူကြီးကရောက်လာပြီး ကျွန်တော့်ကို မေးခွန်းတွေ အမြဲမေးတယ် ။  ကျွန်တော် ပြန်ဖြေသမျှကို သူ့နောက်က  အမျိုးသမီး သန့်သန့် တစ်ယောက်က စာရွက်ပေါ်မှာ လိုက်ခြစ်မှတ်နေတာဗျ...။ ဘာတွေလဲ မသိပါဘူးဗျာ..။ နောက်ပြီး ကျွန်တော့်ကိုလည်း နေ့တိုင်း ဆေးတွေ လာလာတိုက်တယ်ဗျ...။ပထမတော့ ကျွန်တော်လည်း သူတို့မေးသမျှ ဖြေပြီး သူတို့တိုက်တဲ့ ဆေးတွေ သောက်ပါတယ် ။နောက်တော့ ကျွန်တော် စိတ်ပျက်လာတာနဲ့ သူတို့မေးရင်လည်း ဖြေချင်သလို  ဖြေတယ်.။  ဆေးတွေ တိုက်ရင်လည်း သူတို့ရှေ့မှာ သောက်သလိုလိုနဲ့ သူတို့ကွယ်ရင် အမှိုက်တောင်းထဲ  လွှင့်ပစ်လိုက်တာပဲ......။

                                            ♥♥♥♥♥♥♥♥♥♥♥♥♥

အေးဗျာ...။ သူတို့က ကျုပ်ကို အမြဲတမ်း ပိတ်လှောင်ထားချင်တာဗျ ။ ဒီလို အခန်းကြီးထဲမှာ ဘယ်သူ အမြဲနေနိုင်မှာလဲဗျာ ။ ခင်ဗျား ကိုယ်ချင်းစာကြည့်ပေါ့ ..။ ပြောရရင် လူတွေမှာ ကိုယ်ချင်းစာစိတ်တွေ သိပ်နည်းနေပြီဗျ ။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ကျားချောင်းချောင်းပြီး  လစ်ရင်လစ်သလို အမဲဖျက် လှည့်စားဖို့ပဲ ကြံစည်နေတာ ။ မှန်တာပြောရရင် ကျွန်တော် လူတွေကို တော်တော်လည်း စိတ်ကုန်နေပါပြီဗျာ..။ စိတ်ဓာတ်တွေက ချွတ်ချော်ယိမ်းယိုင်မှုတွေ များလာပြီလေဗျာ ။ “အ၀ိဥာဏက” တွေနောက်ကို “၀ိဥာဏ ” တွေက ကောက်ကောက်လိုက်နေတယ် ။ ပြီးတော့..... အဲ့ဒီ လိုက်နေတဲ့လမ်းမှာ ဘာတွေတွေ့မလဲ...။  ဘာတွေရှိမလဲ။ တွေ့သမျှ တိုးတိုက်သွားဖို့ ၀န်မလေးဘူး ။ဆိုလိုတာက သူတို့လိုချင်တာတွေ အတွက် အမှန်ကို မမြင်နိုင်တော့တာပေါ့ဗျာ ။ ထားပါတော့ဗျာ.. .။ တဖြည်းဖြည်း အကြောင်းအရာတွေက အံချော်လာပြီ ။။ ဒါတွေကိုပြောရင် ခင်ဗျားလည်း ပျင်းပါလိမ့်မယ်....။

                                        ♥♥♥♥♥♥♥♥♥♥♥♥♥

ခင်ဗျားဗျာ...။ ကလေးကလား ။ကြံကြံဖန် မေးလည်း မေးတတ်ပါ့ ။ မချစ်ပဲနေမလားဗျ ။ ကျွန်တော်ပြောပြီးပြီပဲ ။ ကျွန်တော် သူ့ကိုချစ်တာက  ပေါ့ပျက်ပျက်မဟုတ်ပါဘူးဆို ..။ ကျွန်တော့်ခံယူချက်ကိုက ကိုယ်တကယ်ချစ်ပြီး အိမ်ထောင်ဖက် အဖြစ် ရည်ရွယ်တဲ့သူမှသာ ချစ်တယ် ဖွင့်ပြောချင်တာဗျ ။  ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့ဗျာ..။ ခုချိန်မှာ ကျွန်တော်ချစ်တယ်ဆိုတာက ခင်ဗျားသိထားတဲ့ နာမည်ကြီး ရုပ်ရှင်မင်းသမီး “ မြနှင်းဆီ ” တော့ မဟုတ်ဘူးဗျ..။ ကျွန်တော်ချစ်တာက  တစ်ချိန်က အေးဆေးတည်ငြိမ်တဲ့ “ ထား ” ကိုပဲ ချစ်တာ ။ကျွန်တော်ဆိုလိုတာကို ခင်ဗျား သဘောပေါက်တယ်မဟုတ်လား...။ ခင်ဗျားပုံစံ ကြည့်ရတာ ကျွန်တော်ပြောတာတွေ မယုံသလိုပဲ.....။ အေးပါလေ....ကျွန်တော်ကလည်း ယုံပါစေ ဆိုပြီး ပြောနေတာမှ မဟုတ်တာ ။ ခင်ဗျား စိတ်ဝင်စားတယ်ဆိုလို့သာ ပြောပြတာပါ ။ ခင်ဗျားဘာသာ ယုံချင်ယုံ မယုံချင်လည်း ပုံပြင်မှတ်ပေါ့ဗျာ ။။

                                      ♥♥♥♥♥♥♥♥♥♥♥♥♥
ခင်ဗျားနဲ့ စကားကောင်းနေလိုက်တာ ။ နေတောင် စောင်းလာပြီ...။ ခုလောက်ဆို အခန်းထဲမှာ ကျွန်တော့်ကို မတွေ့လို့ သူတို့လိုက်ရှာရော့မယ်......။ ပြန်ဦးမှ ဖြစ်မယ်ဗျ...။ တော်နေ ကျွန်တော့်ကို ဒီမှာတွေ့သွားရင် နောက်နေ့တွေ ထွက်မရပဲ ဖြစ်နေဦးမယ်။ အဲ့ဒီလိုသာ ဖြစ်ခဲ့ရင်  ခင်ဗျားနဲ့ ကျွန်တော်လည်း ခုလို စကားပြောခွင့် ရှိတော့မှာ မဟုတ်ဘူးဗျ ။  ဟော.......... ပြောရင်းဆိုရင်း ဟိုးးးးးမှာ တွေ့လား...။ အဲ့ဒီအုပ်စု ကျွန်တော့်ကို လိုက်ရှာနေတာဗျ ။။ ကဲ ကဲ...ကျွန်တော်  သွားတော့မယ်ဗျာ ။  ဟာဗျာ......ခင်ဗျား ဒါလေးတောင် မသိဘူးလား........။ အဲ့ဒါ စိတ်ကျန်းမာရေး ဆေးရုံက ဆရာ ၊ ဆရာမတွေနဲ့ အစောင့်လူကြီးတွေဗျ..။ ခင်ဗျားပြောနေတာနဲ့...ကျွန်တော့်ကိုတောင် မြင်သွားပြီလား မသိဘူး....။ ကဲ.....သွားပြီဗျာ...။



ကြိုးစားပါဦးမည်.....။ ဆန္ဒမွန်ဖြင့်.....လွမ်းနောင် ။













No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။