Sunday 11 March 2012

ရင်ခွင်ဦးက စောင့်လို့ကြိုနေမယ်


ဘ၀မှာ စောင့်မျှော်ခြင်းဆိုတာ ရှိပါစေ မမမေ ။ အဲ့ဒီလိုပဲ ကွန်းထောက်နားခိုရာ သံသရာဘုံတကွေ့မှာ ပြန်လည်ဆုံတွေ့ခြင်းဆိုတာလည်း ရှိပါစေ မမမေ ။စွန့်ခွါထွက်သွားသော သူတစ်ယောက်အား တမ်းတလွမ်းဆွတ်စောင့်မျှော်နေရခြင်းသည် အဓိပ္ပါယ် မရှိသော လုပ်ရပ်လို့ ဘယ်သူတွေ ဘယ်လိုပင် ဆိုကြစမ်းပါစေ ၊ ကျွန်တော်ကတော့ ချစ်တဲ့ မမမေကို  ကျွန်တော့် အသက်ခန္ဓာမြဲသရွေ့  တမ်းတလွမ်းဆွတ်စောင့်မျှော်နေမှာပါ ။ အခုဆိုရင် နွေကိုတောင် ရောက်လာပြီ မမမေ ။ တစ်ချိန်က မမမေ သိပ်ချစ်ပါတယ် ဆိုတဲ့ နွေဦးလေ ။  ဟောဟို နွေကဗ္ဗလာ လေဟာနယ်ထဲမှာ ရွက်ဝါတွေကတော့ ဝေ့ဝေ့၀ဲဝဲ နဲ့ ရွက်ကြွေပွဲကို နွှဲနေကြပြီ မမမေ ။ ချစ်တဲ့ မမမေရဲ့ ရင်ထဲမှာလည်း ရွက်ဝါကိုခြွေပြီး ရွက်သစ်ကို ဝေစေတဲ့ ပင်အိုလို  နှောင်းမြည့်သွားလေတဲ့ အဖြစ်အပျက် အားလုံးကို  ကန့်လန်ကာ ချပြီး စိတ်သစ်လူသစ်နဲ့ မောင့်ရင်ခွင်ကို ပြန်လာမယ် ဆိုလျှင်ဖြင့်................။






                                                            ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥



 “ ဗွမ်း ”

အားကုန်ပစ်လွှတ်လိုက်သော ခဲလုံးနှင့် တိတ်ဆိတ်ငြိမ်သက်နေသော အင်းလျားကန်ပြင် နှုတ်ဆက်ပွေ့ဖက်လိုက်သံက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သယောင် ရှိ၏ ။သို့တိုင်အောင် လေးယောက်သား ဆွံ့အ သူများအလား  နှုတ်ဆိတ်နေဆဲပင် ။အတန်ကြာမှ တိတ်ဆိတ်မှုကို သည်းမခံနိုင်သည့်အလား ခင်မေခက စကားဆိုသည် ။


“ နင် ဘာဆက်လုပ်မှာလဲ လင်းအောင် ”

ခင်မေခရဲ့ အမေးကို ကျွန်တော် ပြန်မဖြေမိ ။ ဖြေစရာ အဖြေစကားလည်း ကျွန်တော့်ဆီမှာ အဆင်သင့် ရှိမနေပါ ။ အမှန်ကိုဆိုရလျှင် ကျွန်တော် ဘာဆက်လုပ်မှာလဲဆိုသော မေးခွန်းရဲ့ အဖြေကို ကျွန်တော်ကိုယ်တိုင်လည်း သိချင်နေပါသည် ။ကျွန်တော် ဘာဆက်လုပ်ရမှာလဲ ။ မသိ......... မသိပါ ။။ စဉ်းစားရင်းမှ ခေါင်းတွေသာ ရီဝေနောက်ကျိလာသည် ။ရေရာတိကျသော အဖြေကိုကား မရ။


“ သူ မင်းကို အဆက်ဖြတ်သွားတယ်ဆိုတာ သေချာတယ် လင်းအောင် ”


ရဲသူရဲ့ စကားက အရှိုက်ကို ပင့်ထိုးလိုက်သည့်နှယ် ။ လက်မခံချင်သော အမှန်တရားတစ်ခု ။စိတ်ထဲမှာ မွန်းကျပ်ပိတ်လှောင်နေသည် ။ မမမေ ဒီလို လုပ်လိမ့်မည်ဟု ထင်မထားခဲ့ရိုး အမှန် ။ ငယ်စဉ်ကတည်းက တစ်ရပ်ကွက်တည်းနေပြီး တစ်ကျောင်းတည်း တတ်လာသူတွေမို့ မမမေရဲ့ အချစ်ကို ကျွန်တော် သံသယ မရှိခဲ့ပါ ။  ရဲသူတို့ ခင်မေခတို့ လင်းသက်နွယ်တို့လည်း ကျွန်တော့်လိုပင် တွက်ဆထားခဲ့ဟန်တူသည် ။ အခုတော့ ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့လေပြီ ။ တက္ကသိုလ်ရောက်ပြီး မကြာခင်မှာပင် မမမေတစ်ယောက် ကျွန်တော့်ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်လာတာကို သတိထားမိသည် ။ သို့သော်  ကိုယ်တိုင်ကအေးအေးဆေးဆေး နေတတ်သူမို့ ကျွန်တော်အနေနဲ့ မမမေကို ဘာအပြစ်မှ မဆိုခဲ့ပါ ။ ငယ်ချစ်တွေ ဖြစ်သည့်အတွက်လည်း မမမေအပေါ် ကျွန်တော် ယုံကြည်ခဲ့သည် ။ခုတော့...... ယုံကြည်မှုကိုမှ အလွဲသုံးစားလုပ်ရက်လေပြီ ။



မမမေတစ်ယောက် တက္ကသိုလ်နယ်မြေမှာ တခြားတစ်ယောက်နဲ့ တွဲနေလေပြီ တဲ့ ။ ဒီသတင်းကို အရင်ကတည်းက ရိပ်ရိပ်ကြားမိသော်လည်း မယုံကြည်မိ ။ ခုတော့ မယုံလို့မရ ။ လာပြောသူတွေက ကျွန်တော်နှင့် မမမေတို့ရဲ့ သူငယ်ချင်း အရင်းတွေ ။ ငယ်ပေါင်းတွေ ။ပိတ်လှောင်နေသော စိတ်ကို တင်းဆယ်မရတော့သည့် အဆုံး ကျွန်တော် ထိုင်ရာမှ ထရပ်လိုက်သည် ။ ထို့နောက် အားလုံးကို နှုတ်ဆက်ကာ ထိုနေရာမှ အမြန်ဆုံး ပြေးထွက်ခဲ့တော့သည် ။


“ လင်းအောင်..ဟဲ့..လင်းအောင် ”


နောက်ပါးမှ လင်းသက်နွယ်ရဲ့ ခေါ်သံသဲ့သဲ့ကို ကြားမိသော်လည်း ကျွန်တော် ပြည်လှည့်မကြည့်မိတော့ ။ခုအချိန်မှာ ကျွန်တော့်အတွက် အလိုအပ်ဆုံးက တိတ်ဆိတ်ငြိမ်သက်မှု ရှိသော နားခိုဖွယ် နေရာလေး တစ်ခုသာ .......။  နားခိုဖွယ် နေရာလေးတစ်ခုသာ ပါလေ ။။


                                                            ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥       

               

သူငယ်ချင်းတွေရဲ့ ဖေးမမှုနဲ့ ကျွန်တော့်စိတ်ကို ကျွန်တော် အကောင်းဆုံးဖြစ်အောင် ထိန်းကျောင်းရင်း တက္ကသိုလ်နယ်မြေမှာ ကျွန်တော် ဆက်လက်ရပ်တည်နိုင်ခဲ့သည် ။ငယ်ချစ်ပေမို့ မမမေအပေါ် ချစ်တဲ့စိတ်ကိုကား မေ့ဖျောက်လို့ မရခဲ့ပါ ။ သို့ပေမယ့် ဝေဒနာကို ဖြေသာစရာဖြစ်အောင် ကျွန်တော် နေတတ်ခဲ့သည် ။ အထူးသဖြင့် ထိုဝေဒနာများကို ထွက်ပေါက်တစ်ခု အဖြစ် လွှတ်ထုတ်ပေးသည် ။
အခြားမဟုတ် ။ ကျွန်တော့် ခံစားရသော ဝေဒနာများကို စာပေအဖြစ် ကူးပြောင်းခြင်းပင် ဖြစ်ပါသည် ။ ကျောင်းစာတစ်ဖက် ရှိသော်လည်း ကျွန်တော် စာရေးခြင်းကို  အပျက်မခံပါ ။ တတ်နိုင်သလောက် ကြိုးစားသည် ။ ရင်ထဲမှာ ခံစားမှု ကြီးလာလေလေ  ကဗျာများကို ကြိုးစားပြီး ရေးလာလေလေ ဖြစ်ခဲ့သည် ။


ဒုတိယနှစ် အရောက်မှာတော့  မဂ္ဂဇင်းများမှာ ကျွန်တော့်ကဗျာ တော်တော်များများ ဖော်ပြခံရလာသည် ။ မမမေတစ်ယောက်ကတော့ဖြင့် တက္ကသိုလ်နယ်မြေမှာ ရင်ခွင်များစွာ ပြောင်းကာ ခိုဝင်နေဆဲပင် ။ကျွန်တော့်အနေနဲ့ကတော့ ချစ်နေဆဲ ဖြစ်သော်လည်း မမမေကို ရှောင်သည်။ရင်ဆိုင်တွေ့လာရင်လည်း မမြင်ဟန်ပြုသည် ။ ကျွန်တော်နှင့်တွေ့တိုင်း မမမေရဲ့ နံဘေးမှာ  ယောက်ျားလေးတစ်ယောက်တော့   အမြဲလိုလို ရှိနေတတ်သည် ။ထိုသို့သော အခါမျိုးတွင် ကျွန်တော့်ရင်မှာ အဆမတန် နာကျင်ရသည် ။ မြတ်နိုးတန်ဖိုးထားကာ ချစ်ရသော သူတစ်ယောက် ရင်ခွင်တစ်ခုပြီး တစ်ခု ပြောင်းကာ ခိုဝင်နေခြင်းကို အဘယ်သို့သော ခံယူချက်ဖြင့် ကျွန်တော့်မှာ ကြည်နူးစွာ ကြည့်နေနိုင်ပါမည်နည်း ။

ကံဇာတ်ဆရာသည် ထူးခြားဆန်းကြယ်စွာ လူသားတွေကို ပြုမူခြယ်လှယ်တတ်သည့် သဘောရှိသည့်အလျောက် မမမေအား ကျွန်တော် မေ့ဖျောက်နိုင်ရန် အကြောင်းဖန်လာသည် ။ ကျွန်တော့်ရဲ့ ကျွေးကျေးဇူးရှင် ဖခင်ကြီး ကျန်းမာရေး ယိုယွင်းပြီး အိပ်ရာထဲ လဲခဲ့ခြင်းဖြစ်သည် ။ ဒုတိယနှစ် စာမေးပွဲကိုတော့ ပြီးဆုံးအောင်ထိ ကျွန်တော် ကြိုးစားခဲ့သည် ။ အဲ့ဒီနောက်မှာတော့ အိမ်ရဲ့ စားဝတ်နေရေး ပြေလည်စေရန်နှင့် ကျွန်တော့်ထက် ငယ်ရွယ်သော ညီငယ်နှင့် ညီမငယ်တို့ရဲ့ ကျောင်းစရိတ်တို့ကို ငဲ့ညှာသော အနေဖြင့်  ကျွန်တော် ကျောင်းထွက်ခဲ့သည် ။

မိသားစု စားဝတ်နေရေးအတွက် ကျွန်တော် အလုပ်လုပ်ရတော့သည် ။ ရဲသူရဲ့ အကူအညီနဲ့ ရုံးတစ်ခုမှာ အလုပ်ရခဲ့သည် ။ အမေကတော့ သူ့ရဲ့ ဈေးဆိုင်လေးထဲမှာပင် ။ဆိုးတော့ မဆိုးပါ ။ ကျွန်တော့်လစာနှင့် အမေ့ ဈေးဆိုင်မှ ရသောဝင်ငွေက မိသားစု စားဝတ်နေရေးနှင့် အဖေ့ဆေးဖိုးကို ကျားကန် ဖြေရှင်းထားနိုင်ခဲ့သည် ။သို့သော်ငြား အဖေသည် သားသမီးတို့ရဲ့ ပြုစုမှုကို ကြာကြာ မခံလိုက်ရပဲ ဆုံးပါးသွားခဲ့သည် ။အလုပ်တစ်ဖက်နှင့်မို့ ရဲသူတို့ လင်းသက်နွယ်တို့ ခင်မေခတို့နှင့် ကျွန်တော် သိပ်မတွေ့ဖြစ် ။ သို့သော် တွေ့သည့် အခါတိုင်းမှာပင် မမမေရဲ့ ရင်ခွင်ပြောင်းဇာတ်လမ်းများက ကြားရစမြဲပင် ။ကြာသော် ကျွန်တော် အနေကျုံ့လာသည် ။ ရဲသူတို့ကိုပင် တွေ့ရမှာ ကြောက်လာသည် ။ မကြားလို.။ မြတ်နိုးတန်ဖိုးထားသော မိန်းမသားတစ်ယောက်ရဲ့ မကောင်းသတင်းကို ကျွန်တော် မကြားလိုပါ ။

ငယ်ပေါင်းတွေမို့ ကျွန်တော့် အဖြစ်ကို ရဲသူတို့ ရိပ်မိပုံရသည်။ နောက်ပိုင်းကာလများတွင် မမမေအကြောင်း သိပ်မပြောတော့ ။ ကျွန်တော်ရေးသော ကဗျာများ အကြောင်းနှင့်  ကျောင်းပြီးသွားရင် ဘာလုပ်မယ် ဆိုသော သူတို့အရေးများကိုသာ ပြောဖြစ်သည် ။ တကယ့် တကယ်ကျောင်းပြီးသော အချိန်တွင်တော့ ခင်မေခနှင့် လင်းသက်နွယ်က သူတို့ အဖေရဲ့ ကုမ္မဏီများမှာပင် အလုပ်ဝင်လုပ်ကြသည် ။ ရဲသူကတော့ သူဝါသနာပါသော စက်ပစ္စည်းများကို လေ့လာသည် ။ အလုပ်တွေကိုယ်စီ ဖြစ်လာပြီမို့ ကျွန်တော်တို့တွေ သိပ်မတွေ့ဖြစ်ကြတော့ ။ ဒီကြားထဲ မမမေတို့ မိသားစု ကျွန်တော်တို့ ရပ်ကွက်ကလေးမှ မြို့ထဲကို ပြောင်းသွားကြသည် ။

ကျွန်တော်ကိုယ်တိုင်လည်း အလုပ်တစ်ဖက်နှင့် ဖြစ်သည့်တိုင် စာရေးခြင်းကို အပျက်မခံခဲ့ ။ ကဗျာမှ ၀တ္ထုတိုလိုင်းဘက် ပြောင်းဝင်ခဲ့သည်။ အမေ့ရဲ့ ဈေးဆိုင်လေးကလည်း ရောင်းအားကောင်းလှသည်မို့ ကျွန်တော်တို့ မိသားစု အတော်ပင် ချောင်ချောင်လည်လည် ဖြစ်ခဲ့ကြသည် ။မပူမပင်ရသည့်အပြင်  တောင့်တင်းသည့် အခြေပင် ဖြစ်လာသည် ။

“ သား.......သားအသက်မငယ်တော့ဘူးနော် အိမ်ထောင်ပြုသင့်ပြီ ”

အမေရဲ့ စကားက အနီးကပ် ဗုံးတစ်လုံး ပစ်ပေါက်ခွဲလိုက်သည့်နှယ်ပင် ။ ကျွန်တော်မေ့ထားသော အရေးအရာတစ်ခု ။ ယခု အချိန်ထိ  ကျွန်တော့်ရင်ထဲမှာ မမမေ ရှိနေသေးသည် ။မမမေမှ လွဲပြီး တခြားမိန်းကလေးတစ်ယောက် ကျွန်တော့်ရင်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိခဲ့ ။ မမမေ ဘာတွေဘယ်လိုဖြစ်ပြီး ဘယ်လိုပင် ပြောင်းလဲပါစေ ကျွန်တော့်အချစ်က မပြောင်းလဲ ။ ချစ်ခြင်းကို အခြားသူတွေတော့ ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုလေမလဲ မသိ ။ ကျွန်တော်ကတော့ သူကောင်းသည် ဆိုးသည်က တကဏ္ဍ။ ချစ်တာက တကဏ္ဍ ။ ဒီလိုပင် ကျွန်တော်ထင်သည် ။ ကျွန်တော် ထင်ခဲ့ပါသည် ။

                                                         ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥    
  
ဘ၀မှာ စောင့်မျှော်ခြင်းဆိုတာ ရှိပါစေ မမမေ ။ အဲ့ဒီလိုပဲ ကွန်းထောက်နားခိုရာ သံသရာဘုံတကွေ့မှာ ပြန်လည်ဆုံတွေ့ခြင်းဆိုတာလည်း ရှိပါစေ မမမေ ။စွန့်ခွါထွက်သွားသော သူတစ်ယောက်အား တမ်းတလွမ်းဆွတ်စောင့်မျှော်နေရခြင်းသည် အဓိပ္ပါယ် မရှိသော လုပ်ရပ်လို့ ဘယ်သူတွေ ဘယ်လိုပင် ဆိုကြစမ်းပါစေ ၊ ကျွန်တော်ကတော့ ချစ်တဲ့ မမမေကို  ကျွန်တော့် အသက်ခန္ဓာမြဲသရွေ့  တမ်းတလွမ်းဆွတ်စောင့်မျှော်နေမှာပါ ။ အခုဆိုရင် နွေကိုတောင် ရောက်လာပြီ မမမေ ။ တစ်ချိန်က မမမေ သိပ်ချစ်ပါတယ် ဆိုတဲ့ နွေဦးလေ ။  ဟောဟို နွေကဗ္ဗလာ လေဟာနယ်ထဲမှာ ရွက်ဝါတွေကတော့ ဝေ့ဝေ့၀ဲဝဲ နဲ့ ရွက်ကြွေပွဲကို နွှဲနေကြပြီ မမမေ ။ ချစ်တဲ့ မမမေရဲ့ ရင်ထဲမှာလည်း ရွက်ဝါကိုခြွေပြီး ရွက်သစ်ကို ဝေစေတဲ့ ပင်အိုလို  နှောင်းမြည့်သွားလေတဲ့ အဖြစ်အပျက် အားလုံးကို  ကန့်လန်ကာ ချပြီး စိတ်သစ်လူသစ်နဲ့ မောင့်ရင်ခွင်ကို ပြန်လာမယ် ဆိုလျှင်ဖြင့်................

 “ လင်းအောင်ရေ...........လင်းအောင်...အန်တီ လင်းအောင်ရှိလား ”

အလုပ်နားရက်ပေမို့ တစ်ယောက်တည်း တွေးနေခိုက် အပြင်ဘက်မှ ဆူဆူညံညံ အသံများနှင့် အတူ ရဲသူ ခင်မေခနှင့် လင်းသက်နွယ်တို့ ရောက်လာသည် ။

“ ဟေ့ကောင်တွေ ဘယ်ကနေ မျက်စိလည်လာတာလဲ  ”

“ မျက်စိလည်လာတာ မဟုတ်ဘူး ။ မင်းဆီကို တမင်လာတာ ပြောစရာရှိတယ် . လက်ဖက်ရည်ဆိုင်သွားရအောင်ကွာ ”

ပြောပြောဆိုဆိုပင် ရဲသူဦးဆောင်ပြီး ကျွန်တော်တို့ အဖွဲ့ လက်ဖက်ရည်ဆိုင်ဆီ ချီတတ်လာခဲ့ကြသည် ။

 “ ဒါနဲ့ ပြောစရာ ရှိတယ်ဆို ”

လက်ဖက်ရည်ဆိုင် ရောက်ရောက်ခြင်းပင် သိလိုစိတ်ကို မအောင့်အည်းနိုင်ပဲ ကျွန်တော် မေးလိုက်မိသည် ။

“ ငါမနေ့က နင့်မမမေနဲ့ တွေ့ခဲ့တယ် ”

လင်းသက်နွယ်က စကားကို ဆက်မပြောပဲ ကျွန်တော့်ကို ကြည့်သည် ။ထို့နောက်မှ ဖြည်းဖြည်းချင်း ပြောသည် ။

“ သူနင့်ဆီကို ပြန်လာချင်ပုံပဲ ။ သူ့ပါးစပ်က ဖွင့်မပြောပေမယ့် သူ့စကားတွေက နင့်ဆီပြန်လာချင်နေတယ်ဆိုတာ ပေါ်လွင်နေတယ် ။ နောက်ပြီး မိန်းမသားခြင်းမို့ သူ့စိတ်ခံစားချက်ကို ငါသိနေသလိုပဲ ”

လင်းသက်နွယ် စကားရွေးပြောတာကို သတိထားလိုက်မိသည် ။ သိနေတယ်ဟု မပြော ။ သိနေသလိုပဲ ဟုသာ သူပြောသည် ။ ကျွန်တော် ဘာစကားမှ ပြန်မဆိုမိ ။ ရင်ထဲမှာ ခံစားချက်တို့က ဒွေးရောယှက်တင် ဖြစ်နေသည် ။ မမမေ တကယ်ပဲ ကျွန်တော့်ဆီ ပြန်လာပါ့မလား ။ မသေချာပါ ။ ပြန်လာခံလျှင်ရော ကျွန်တော်က အပြုံးနဲ့ နွေးထွေးစွာ စောင့်ကြိုနိုင်ပါဦးမည်လော.......။

“ နင်ဘာဆက်လုပ်မလဲ လင်းအောင် ”

ခင်မေခရဲ့ မေးသံ အဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရင်း အသင့်ပါလာသော ဘောပင်နှင့် စာရွက်လွတ်တစ်ရွက်ပေါ် ကဗျာတစ်ပုဒ် ကောက်ရေးလိုက်မိသည် ။ ထို့နောက် ခင်မေခ လက်ထဲ ထည့်လိုက်ရင်းမှ....

“ ဒီစာလေးကို သူ့လက်ထဲ ထည့်ပေးလိုက်ပါ  ”

ခင်မေခက စာကို ယူပြီး အသံထွက်ကာ ဖတ်သည်...........။

             မချစ်ခဲ့ဖူး ၊ အချစ်ဦးမို့
သက်မှူး သခင် ၊ သိစေချင် ။။
နွေရင်ပူနွမ်း ၊ အလွမ်းငွေ့တိုက်
လမိုက်သန်းခေါင် ၊ အမှောင်ညချမ်း
အသဲနွမ်းစေ ၊  နွေကဗ္ဗလာ
လေဟာနယ်က ၊ ရွက်ဝါကိုခြွေ
ပင်အိုပေသို့ ၊ လွန်လေသမျှ
ခ၀ါချ၍ ၊ သက်မျှချစ်ကြင်
ပြန်ခဲ့လျှင်ဖြင့်.....
ရင်ခွင်ဦးက ကြိုနေမယ် ။


ရင်ခွင်ဦးက ကြိုနေပါမယ် မမမေရေ...................................။

ကြိုးစားပါဦးမည်........။      
       ဆန္ဒမွန်ဖြင့်...............လွမ်းနောင်.......။


                             

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။