မြတ်စွာဘုရားရှင်က ရတနသုတ်တော်တွင် “ ဂိမှာနမာသေ ပထမသ္မိံ ဂိမှေ ၊
တထူပမံ ဓမ္မ၀ရံ အဒေသယိ ” ဟူ၍ လောကုတ္တရာ အကျိုးစီးပွါးကို ဖြစ်စေတတ်သော
နိဗ္ဗာန်ကို နွေလေးလတို့၏ အစ လှပသော တပေါင်းလတွင် ပွင့်သောအဖျားရှိသည့်
တောအုပ်ကဲ့သို့ အသရေရှိသော ဟူ၍ ခိုင်းနှိုင်းတော်မူခဲ့သည် ။
သာသည့်တပေါင်းလ
မိန်ရာသီ ။ စာဆိုတွေ တော်တော်များများကလည်း နွေတပေါင်းရဲ့ အလှကို အထူးထူး
ဖွဲ့ဆိုကြသည် ။ ပင်အိုရဲ့ ရွက်ဝါကြွေပုံကိုပင် “ လေခမြေသက် ဈာန်ဝိတတ်သို့
” ဟု စပ်ဆိုသည် ။ ဥသြငှက်ကလေးတွေ တွန်သံကျူးတာကိုလည်း ဖွဲ့ဆိုသည် ။ ဒီလို
နွေကို ရောက်ပြီဆိုလျှင်တော့ ကျွန်တော်ကတော့ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့
ဘ၀တွေကို အမှတ်ရနေမိသည် ။
ဒီလိုရာသီ
ဒီအချိန်ဆိုလျှင် ရွာမှာတော့ နွားနှင့် လှည်း ပြင်နေရော့မည် ။ “ အမေရေယဉ်
နတ်ပွဲ ” ဆိုတာက နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှ
ကိုးရက်နေ့အထိ ကျင်းပသည် ။ ရွာတွေ တော်တော်များများက နှစ်စဉ်နှစ်တိုင်း
လှည်းတန်းကြီးများ ထွက်လေ့ရှိကြသည် ။ တောင်သူလယ်လုပ် သူများမို့
ဦးကြီးတွေ အစ်ကိုတွေ ကတော့ ရောက်တာနဲ့ ထွန်သံ ၊ ထွန်ကိုင်း ၊
လှည်းဝင်ရိုး ၊ လှည်းဆံ ၊ အစရှိသည်များ ၀ယ်ဖို့ ထွက်တတ်ကြသည် ။
အဒေါ်တွေကတော့ ချက်စရာ ကုန်ခြောက်များ ၀ယ်ရန် ထွက်တတ်သည် ။ ကျွန်တော်တို့
ငယ်စဉ်ကတော့ ဘာရယ်မသိ ။ လှည်းစီးရတာ ပျော်လို့ လိုက်သည် ။ ပွဲတော်ကို
ရောက်လျှင်လည်း ရောက်ရောက်ချင်း လှည်းဦးချကာ “ အမေကြီး
ပွဲတော်ရောက်ပါပြီဗျို့ ” ဟု အော်ရတာက အရသာ တစ်မျိုးပင် ။
ဒါပေမယ့်
ပွဲလည်ခွင့်တော့ သိပ်မရှိ ။ ကလေးဆိုတော့ အမြဲလိုလို လှည့်စောင့်ရသည် ။
အထူးသဖြင့် ကျွန်တော်တို့ အိမ်က လှည်းမရှိတော့ သူများလှည်းတွေနဲ့သာ
လိုက်ရသည် ။ ဒီတော့ သူတို့က ခေါ်မှသာ အတူလိုက်ပြီး ပွဲခင်း လျှောက်လည်ရသည်
။ ဒီတုန်းကတော့ ဘာရယ်မသိ ။ ကလေးဆိုတော့လည်း လူချင်းမကွဲအောင်သာ
သတိထားရသည်။ အမေရေယဉ် နတ်ပွဲမှာ အထူးပေါများသည်က မန်းမရွေးပင် ။
ပေါများသည် ဆိုသော်လည်း ကျွန်တော်ကတော့ ကြည့်တာနဲ့ စားချင်စိတ်မရှိသဖြင့်
တစ်ခါမှ ၀ယ်မစားဖူးပါ ။ ပွဲတော်ရဲ့ ထုံးစံအတိုင်း အိုးပုတ် ၊
ဂျိုးရုပ်များ အပြင် ပစ်တိုင်းထောင် ရုပ်များလည်း ပေါလှပေသည် ။
နည်းနည်း
အရွယ်ရောက်လာတော့ ဦးလေးနှင့်အတူတူ ဘက်ကျလာတဲ့ ကျွန်တော်က လှည်းကို
ဦးလေးကို မမောင်းခိုင်းတော့ ။ ကျွန်တော်ကိုယ်တိုင် မောင်းသည်
။ကျွန်တော်တို့ ရွာကတော့ လပြည့်ကျော် ငါးရက်ညမှာ ထွက်လေ့ရှိသည် ။
ညဆယ်နာရီခန့် လကလေးအထွက်မှာမှ ဖြည်းဖြည်းနှင့် မှန်မှန်သာ ထွက်ကြလေ့ရှိသည်
။ ညပေမို့ လှည်းပြိုင်မောင်းတာ သိပ်မရှိ ။ လသာသာအောက်မှာ
လှည်းတန်းရှည်ကြီးက တစ်မျိုးလှပနေသည် ။ နွားတွေမှာ မြိုင်မြိုင်ဆိုင်ဆိုင်
ဆွဲထားသော ချူသံများက ညရဲ့ သဘာဝ တေးဂီတများသဖွယ် နားထောင်လို့ပင်
ကောင်းသေးတော့သည် ။
ပွဲတော်ကို
ရောက်ပြီ ဆိုပြန်လျှင်လည်း လှည်းချွတ်ပြီးတာနဲ့ ရွယ်တူ သူငယ်ချင်းများစုကာ
လျှောက်လည်သည် ။ရုပ်ရှင်ကြည့်သည် ။ သုံးကား တစ်ရာဟု ကြော်ငြာသည်များကို
ညနက်မှ မိုးလင်းအောင်ထိ ထိုင်ကြည့်ဖူးသည် ။နောက် အကြော်စားသည်
။ငယ်ငယ်တုန်းကလို လှည့်စောင့်တာ သိပ်မရှိ ။ စုထားတဲ့ ပိုက်ဆံလေးနဲ့
ဝယ်ချင်တာ လိုက်ရှာသည် ။ ထိုစဉ်က ကျွန်တော် အထူးလိုချင်သည်က
တံစဉ်ကောင်းကောင်း ဓားကောင်းကောင်းပင် ။ နွေရောက်ပြီ ဆိုတော့ ထန်းသီးတွေ
ပေါသည်မို့ ဓားကောင်းကောင်း ကိုင်ချင်သည် ။
တစ်ညလုံး
ဝယ်စရာရှိတာ ၀ယ်ကြ ခြမ်းကြပြီးလျှင်တော့ မနက် ဆယ်နာရီ ၊
ဆယ့်တစ်နာရီခန့်လောက်မှာ ပြန်တတ်သည် ။ ပြန်ရာမှာတော့ အလာတုန်းကလို
လှည်းသိပ်မများပါ ။တစ်ချို့ကလည်း ရေချိန်လွန်နေပြီး နတ်နန်းမှာ
ပျော်နေသဖြင့် မပြန်နိုင် ။ တစ်ချို့ကလည်း ၀ယ်စရာ မစုံသေးသဖြင့်
မပြန်နိုင်ကြခြင်းပင် ။ ဒါပေမယ့် ပွဲတော်ကနေ လွန်လာပြီဆိုတာနဲ့ ကိုယ့်ရွာ
လှည်းတန်းတင် မဟုတ်ပဲ တခြားရွာက လှည်းတန်းကြီးတွေပါ တွေ့ရသည် ။ ထို့အပြင်
ယနေ့မှ လာသော အခြားရွာမှ လှည်းတန်းတွေနှင့်ဆိုတော့ ကွင်းပြင်ကျယ်ကျယ်မှာ
လှည်းတွေက ဟိုမှ ဒီ ၊ ဒီမှ ဟို ၊ စုန်ဆန်လျှက်ပင် ။ အပြန်ခရီးမို့
ဝန်ပါသော်လည်း ကွင်းပြင်ကျယ်ကျယ် ရောက်လျှင်တော့ သူသူ ကိုယ်ကိုယ် မနေနိုင်
။ လှည်းပြိုင်မောင်းချင်တဲ့ ဇောလေးက ကြွလာသည် ။
“
ဟ....ဖေ့သား လုပ်ထားဟ ဟေးဟေးးးးးးးး ” ဟု သူရော ကိုယ်ရော အော်ကာ
လှည်းပြိုင်မောင်းကြသည် ။ နွေရာသီပေမို့ ဖုန်လှိုင်းတွေက တလိမ့်လိမ့်
။အဲ့ဒီ တလိမ့်လိမ့်ကြားမှာမှ သူသာနိုး ကိုယ်သာနိုး အပြိုင်မောင်းကြသည် ။
မှတ်မိပါသေးသည် ။တစ်ခါက ကျွန်တော်နှင့် လှည်းပြိုင်မောင်းသော ဦးကြီးပေါက်
လှည်းနံစောင့် ကျိုးထွက်သွားသဖြင့် လှည်းဘီးကြီးက တခြား ၊
လှည်းဘီးတစ်ဘက်တည်းရှိသော လှည်းကြီးက တခြား စင်ထွက်သွားသည် ။
တစ်ချို့ကတော့ ကိုယ့်လှည်းရှေ့ကရောက်စေရန် နွားကန် ( နွားနှင်တံ ) ထိပ်မှာ
သံချွန်တပ်ကြသည်။ ကျွန်တော်ကတော့ ကိုယ့်နွားတွေကို အဲ့လောက်တော့လည်း
မရက်စက်လိုပါ ။ ညကတည်းက ထွက်လာတာ နောက်နေ့ညနေလောက်မှ ကိုယ့်ရွာပြန်ရောက်တာ
ဆိုတော့ ကြားထဲမှာ နွားတွေကို အစာကျွေးရခဲသည် ။ ကျွန်တော်ကတော့
ပွဲတော်နီးလာလျှင် ကုက္ကိုသီးခြောက်တွေ ကောက်ပြီး စုထားလေ့ရှိသည်
။ပွဲတော်ရက်မှာ ကျွေးဖို့ရန် ဖြစ်သည် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ခေတ်ကြီးက
အရှိန်အဟုန်ပြင်းစွာ ဆက်လက်စီးဆင်းနေသည် ။ ခေတ်ရေစီးရဲ့
အရှိန်အဟုန်ကောင်းကောင်း စီးဆင်းမျောပါမှုများကြားမှာ ယခုအခါတော့ အရင်လို
မဟုတ်တော့ပြီ ။မနှစ်က ကျွန်တော်ပြန်တော့ ရွာကလူငယ်တွေက
ဆိုင်ကယ်ကိုယ်စီဖြင့် သွားကြသည် ။ အမျိုးသမီးတစ်ချို့က ရွာထဲက
ထော်လာဂျီကို အပြတ်ငှားသွားကြသည် ။ကြားလိုက်ရတဲ့ ဆိုင်ကယ်တိုက် သတင်းကလည်း
နားနှင့်ပင်မဆန့် ။ ကျွန်တော့်အလိုကတော့ ဒီလိုပွဲမျိုးမှာ
မမြန်ချင်လျှင်နေပါစေ ။ လသာသာမှာ လှည်းကလေးနဲ့ပဲ သဘာဝတေးဂီတကို
နားဆင်ချင်ပါသည် ။
ဘာပဲပြောပြော နွေဦးလေးလရဲ့ အစ
တပေါင်းလပြည့်ကျော်ရောက်တိုင်း ကျွန်တော်ကတော့ တစ်ချိန်က
လကွင်းပြင်ကျယ်ကျယ်ကြီးမှာ လှည်းပြိုင်မောင်းရတာလေးကို
လွမ်းမိပါသေးတော့သည် ......။
ကြိုးစားပါဦးမည် ။ ဆန္ဒမွန်ဖြင့်....။ လွမ်းနောင်
No comments:
Post a Comment
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။