Sunday 4 March 2012

ရိုက်ခတ်လာသော အတွေးစများ

နွဲ့နွဲ့နှောင်းနှောင်းနဲ့ သွားလာနေတဲ့ မိန်းမလျာတို့ ၊ နတ်ကတော်တို့ကိုမြင်တိုင်း ကျုပ်ကတော့ တစ်ချိန်က နေစိုးကို သတိရမိပါရဲ့ ။ အဲ့ဒီလိုပဲ နေစိုးအစ်ကို ကျုပ်ရဲ့ သူငယ်ချင်းကြီး ဘမိုးကိုလည်း မမေ့ခဲ့ပါဘူး ။ဖြစ်ပုံက ဒီလို ။


          ♥♥♥♥♥♥♥♥♥♥♥♥♥♥





ရွာထဲမှာ ဘမိုးဟေ့ ဆိုလိုက်တာနဲ့ နေရာတော်တော်များများမှာတော့ ပွဲပြီးမီးသေပဲ.။ သူကြီးနဲ့ ရွာဦးဆရာတော်က လွဲရင် ဘမိုးကြောက်တာ တစ်ယောက်မှ မရှိဘူး ၊ လူမိုက်လားဆိုတော့လည်း မိုက်တော့ မိုက်တယ် ၊ ဒါပေမယ့် အလကားနေရင်း သူများကို ပြဿနာ လိုက်ရှာတတ်တဲ့ အစားထဲလည်း မပါဘူး ၊ သူကောင်းနေချိန်တော့ ခေါင်းပေါ်တတ်နင်းသွားသွား ဆိုတဲ့ လူစားမျိုး ၊အဲ...မမူးရင်ပေါ့လေ ။ မူးလာရင်တော့ ဟဲဟဲ ..သိတယ်မို့လား .၊ ဘမိုးလေ.. ။


                               ♥♥♥♥♥♥♥♥♥

ခုတလော ဘမိုးတယောက်  ဝေဒနာတစ်ခုရဲ့ နှိပ်စက်ဒဏ်ကို တော်တော်ကြီး ခံနေရတယ် ၊ တွေးလေလေ တနုံ့နုံ့ ခံစားရလေဆိုပဲ ။
ဒီကိစ္စက ဒီတိုင်း လက်လွှတ်ထားလို့လည်း ရမှာ မဟုတ်တော့ဘူး ဆိုတာ သူသိနေတယ် ၊တခြား ဟုတ်ရိုးလားဗျ၊ ဘမိုးညီ နေစိုး ကိစ္စပေါ့ ၊ဘယ်နှယ့်ဗျာ အစ်ကိုတစ်ယောက်လုံးက ရွာထဲမှာ လူမိုက်ဖြစ်နေပြီး ဒီညီကျမှ နွဲ့တိနွဲ့နှောင်းနဲ့ ဖြစ်နေတာ ၊ ဒါကို ဘမိုး အရှက်ဆုံးပဲ ..၊ ရွာထဲမှာက အဲ့လို နွဲ့တိနွဲ့နှောင်းဆို ကြိုက်တာမဟုတ်ဘူး ၊ ဘုရားပွဲ ကျောင်းပွဲရှိလို့  ဇာတ်ပါလာရင်တောင် မင်းသားကို မင်းသမီးလို သိပ်မနွဲ့ပါနဲ့ ဆိုပြီး စာချုပ်နဲ့ ငှားတဲ့ရွာ ၊ နတ်ပွဲတွေကရင်လည်း နတ်ကတော်က မိန်းမစစ်စစ် ဖြစ်ရင်တော်ရဲ့ ၊ မိန်းမလျာ ဆိုရင်တော့ တကယ် နတ်ဝင်ရင် ၀င်ရော့ပဲ ၊ မ၀င်လို့ကတော့ အပြန်ခရီး သူ့ကို ပို့ဖို့ စီးတော်ယာဉ်သာ ရှာထားတော့ ဆိုတဲ့ရွာ ၊ တစ်ခါကများဆို နတ်ကတော် လုပ်တဲ့ မိန်းမလျာက နတ်လည်း မပူး ၊ ကရင်းနဲ့ ချောတဲ့ ကာလသားတွေဆိုရင် မျက်စိလေးမှိတ် မှိတ်ပျ ၊ အရက်တွေတိုက် ၊ ကြက်ကြော်ကျွေးနဲ့ လုပ်နေတာ ၊
ဘေးက တကယ့် တကယ်သောက်တဲ့ အရက်သမားတွေက မကြည်တော့ ဆွဲထုတ်ရော ၊ အဲ့ဒီမှာ ပြဿနာတွေ ဖြစ်ပြီး သူကြီးအိမ်အထိ ရောက်သွားတယ် .၊သူကြီးအိမ် ရောက်သွားလို့ ငြိမ်သွားတယ်များ မှတ်နေလား ၊
နတ်ကတော် လုပ်တဲ့သူက မကျေနပ်လို့ သူကြီးကို ပတ်ချွဲ နပ်ချွဲနဲ့တိုင်တယ် ၊ဒီတော့ ရွာသားတွေက ဘာပြောမှတ်လဲ ..၊ “ သူကြီး ဟောဒီကောင်ကို ခုချက်ချင်း ရွာထဲကနေ မောင်းထုတ်ရင် ထုတ် ၊ မထုတ်ရင် နတ်စင် အကုန်ဖျက်ပစ်မယ်.” ဆိုပြီး ဖြစ်ကုန်ရော..၊ အဲ့ဒီမှာ သူကြီးလည်း မနေနိုင်တော့ဘူး  ၊ နတ်ကတော်လောင်းလျာကို အမြန်ဆုံးနည်းနဲ့ ပြန်ပို့လိုက်ရတယ် ၊

                             ♥♥♥♥♥♥♥♥

အဲ့သလို အဲ့သလို ရွာကိုမှ ဘမိုးညီ နေစိုးက နွဲ့တိနွဲ့နှောင်း မိန်းမလျာလို ဖြစ်နေတာ ၊ ဘမိုးမပြောနဲ့ ဘမိုးသူငယ်ချင်းဖြစ်တဲ့ ကျုပ်တောင် သူ့ညီကို မြင်ရင် ဖနောင့်နဲ့ ပြေးပေါက်ချင်စိတ်ကို မနည်းထိန်းနေရတာ ၊
ဒီနေ့တော့ ဘမိုးနဲ့ ကျုပ် သူတို့အိမ်မှာ အရက်သောက်ကြတယ် ၊ မူးတော့မမူးသေးပါဘူး ၊အဲ မမူးသေးဘူးဆိုတာ ကျုပ်ကိုကျုပ် ပြောတာ ၊ဘမိုးကတော့ ရေချိန်ကိုက်လုလု ဖြစ်နေပြီ..၊
သောက်တာက ဘမိုးတို့ အိမ်က နွားခြံတဲလေးထဲမှာ သောက်နေတာ ၊အဲ့ဒီအချိန်မှာပဲ ကျုပ်တို့နှစ်ယောက်ရဲ့
မြင်ကွင်းထဲကို နေစိုးဝင်လာတယ် ၊ ကျုပ်တို့ဆီ လာတာတော့ မဟုတ်ပါဘူး ၊ အောင်မယ် လျှောက်လာပုံက နွဲ့နွဲ့နှောင်းနှောင်း နဲ့ အနားက နွားကန် (နွားနှင်တံ ) နဲ့ ပစ်လိုက်ရ မတော်ပဲ ရှိဦးမယ် ၊ဘမိုးကတော့ လျှောက်လာနေတဲ့ သူ့ညီကို မျက်ထောင့်နီကြီးနဲ့ သေချာကြည့်နေတယ် ၊ ဘာမှတော့ မပြောသေးဘူး ၊    အဲ....နေစိုးလည်း မလှမ်းမကမ်း ရောက်လာရော ဘမိုးကလှမ်းခေါ်လိုက်တယ် ။
“ ဟေ့ကောင် နေစိုး ”
“ ခင်ဗျာ ”
ကြည့်ပါဦး ၊ နေစိုးထူးပုံ ၊ သူ့ကိုယ်သူ ယောက်ျားမင်းသမီး မယ်အောင်ဗလများ မှတ်နေလား မသိဘူး ၊ခင်ဗျာ ထူးတာကိုက မြာသံနဲ့ ညုတုတု ၊ဘမိုးက အနားရှိတဲ့ နွားကန်နဲ့ လှမ်းပစ်ပါရော ၊

“ ဟေ့ကောင် မင်းယောက်ျား မဟုတ်ဘူးလား ၊ ဘာ လာညုနေတာလဲ ၊ယောက်ျားလို ထူးစမ်းပါ ၊ နေစိုးလို့ ခေါ်ရင် ဘာတုန်းဆိုပြီး ယောက်ျားလို ထူးစမ်း ၊ နေစိုး ”

နေစိုး ရှိန်သွားပုံရတယ် ၊ ဘမိုး ခေါ်သံ အဆုံးမှာ “ ဘာတုန်း ” နဲ့ထလုပ်တယ် ။

“ ဟေ့ကောင် နွဲ့သေးတယ် ၊ ယောက်ျားလို မာန်ပါပါ အသံမာမာနဲ့ ပြန်ထူး ”
အဲ့လိုပြောပြီး ဘမိုးက “ နေစိုး ” လို့ထပ်ခေါ် ၊ နေစိုးက “ ဘာတုန်း ” နဲ့ပြန်ထူးနဲ့ ဆယ်ခွန်းလောက်နေတော့
နေစိုး အသံက မာပြီး ၊ ယောက်ျားဟန်တွေ ပါလာတယ် ၊ ဒီတော့မှ ဘမိုးကြီးလည်း သဘောတွေ တွေ့သွားတယ် ၊ သူ့ညီ ယောက်ျားလို ကျားကျားလျားလျား ဖြစ်လာပြီပေါ့ ၊ ဘမိုးငြိမ်သွားတော့မှ နေစိုးကလည်း အိမ်ထဲဝင်သွားတော့တယ် ၊ ဘမိုးကတော့ လက်ကျန်လေးဖြတ်ပြီး ကျုပ်ကို အသာနေဖို့ တိုးတိုးပြောပြီး အိမ်ထဲလိုက်ဝင်သွားတယ် ။ ခဏနေတော့ ဆူဆူညံညံ အသံတွေကြားလို့ ကျုပ်လည်း အိမ်ထဲဝင်ကြည့်တော့ နေစိုးလက်ထဲမှာ အမွှေးပွ အင်္ကျီတစ်ထည်ကို ကိုင်ထားတယ် ၊ ဘမိုးကတော့ နေစိုးကို ဒေါသတကြီးနဲ့ ကြည့်ပြီးပြောတယ် ။

“ အဲ့ဒီ ရုပ်ရှင်ထဲမှာ စိုးမြတ်သူဇာ ၀တ်တဲ့ အင်္ကျီက မင်းနဲ့ ဘာဆိုင်လို့လဲ ၊ ဟမ်..ဟေ့ကောင့် ယောက်ျားလိုနေပါလို့ ငါပြောထားတယ်နော် ပေးစမ်း အဲ့ဒီအင်္ကျီ ”

ပြောပြောဆိုဆိုပဲ ဘမိုးက အင်္ကျီကို မီးနဲ့ ရှို့ပစ်တာ ၊နေစိုးကတော့ အစ်ကိုကိုလည်း ပြန်ပြောရဲတဲ့ သတ္တိ မရှိတော့ မျက်နှာငယ်လေးနဲ့ ကြည့်နေလေရဲ့..၊ ခဏနေတော့ ဘမိုးက နေစိုး အ၀တ်အစားတွေ ထားတဲ့ ဗီရိုကြီးဆီကို လက်ညှိုးထိုးပြပြီး
“ နေစိုး ဟိုဗူးလေး ယူခဲ့စမ်းပါ ” လို့ဆိုတယ် ၊ နေစိုးကလည်း ဘမိုးညွှန်ပြတဲ့ ဗူးလေး ယူလာတယ် ၊ ဗူးလေးက
လေးထောင့် ပြားပြားလေးဗျ ၊  အနားရောက်လာတော့ ဘမိုးက မေးတယ် ။

“ ဟေ့ကောင် နေစိုး အဲ့ဒါ ဘာဗူးလဲ  ”
နေစိုးက ဗူးလေးကို တယုတယနဲ့ ကိုပြီး ပြောရှာတယ် ။
“ ဟို.....ဟို.....မင်းသမီး ကြော်ငြာတဲ့ မိတ်ကပ်ဗူးပါ ”
“ အဲ့ဒီ မိတ်ကပ်ဗူးနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ ၊ ပေးစမ်း အဲ့ဒီဗူးကို ”
ပြောပြော ဆိုဆိုပဲ ဘမိုးက မိတ်ကပ်ဗူးကို အောက်ချပြီး ဖနောင့်နဲ့ ထပေါက်ပါလေရော..၊ကျုပ်မှာလည်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ် ၊ နောက်ပြီး မကြာဘူး ၊ ဘမိုးက သိုးမွှေးညှပ်တဲ့ ကတ်ကြေးကြီး ယူလာပြီး ဆံပင်ခပ်ရှည်ရှည်ကို ပွယောင်းယောင်း ဖြစ်အောင် လုပ်ထားတဲ့ နေစိုးရဲ့ ဆံပင်တွေကို ညှပ်ပါလေရော ..၊ ဒီတစ်ခါတော့ နေစိုး အတင်းရုန်းပြေးတယ် ၊ ဘမိုးက  အတင်းလိုက်ညှပ် ၊နေစိုးက ထွက်ပြေးနဲ့ ဆူညံပြီး ကမ္ဘာပျက်တဲ့ အတိုင်းကို ဖြစ်နေတာ ၊ အဲ့ဒီမှာ ဘယ်ကဘယ်လိုပေါ်လာတယ် မသိဘူး ၊
ဘမိုးအဖေကြီးရယ်လေ ၊ အိမ်ဝကနေ ပေါ်လာပြီး ......

“ တော်ကြပါတော့ကွာ ငါ့မှာလည်း ဒီသားလေး နှစ်ယောက်မို့ပဲ ၊ ဒီ့ထက်သာ ပိုများလာရင် ငါတော့ မင်းတို့လုပ်တာနဲ့ပဲ မင်းအမေနောက် တန်းလိုက်ရတော့မယ့် ပုံ ဖြစ်နေပြီ ”
ဆိုပြီး  ငိုသံကြီးနဲ့ ပြောလိုက်တော့မှ ဘမိုးက နေစိုးနောက်ကို ဆက်မလိုက်တော့တာ..၊။။။။။။။

                               ♥♥♥♥♥♥♥♥

နောက်တစ်နေ့မှာတာ့ နေစိုးခေါင်းမှာ  ဆံပင်တွေ မရှိတော့ဘူး ၊ ဘမိုး မူးမူးနဲ့ ညှပ်တာ သွေးတောင် ထွက်တယ်ဆိုပဲ ၊ ဒါကြောင့်ပဲ ရှိသမျှ ဆံပင်တွေကို ကတုံး တုံးပစ်လိုက်တာတဲ့..။ သွားတာလာတာလည်း
ကျားကျားလျားလျား ဖြစ်လာလို့ ဘမိုးကတော့ နေစိုးကိုကြည့်ပြီး ပြုံးပြုံးနေလေရဲ့..၊
အဲ.....နေစိုးကတော့ အဲ့ဒီနေ့က စပြီး ဘမိုးကို စကားမပြောတော့တာ ကျုပ်ရွာကနေ ထွက်တော့တဲ့ အထိပဲ ဆိုပါတော့ ။


         xxxxxxxxxxxxxxxxxxxxxxxxxxx


ကြာတော့လည်း ကြာခဲ့ပါပြီ ။ဒါပေမယ့် ကျုပ်ကတော့ ကျုပ်ပတ်ဝန်းကျင်မှာ နတ်ကတော်တို့ ၊ မိန်းမလျာတို့ကို တွေ့ရတိုင်း သူတို့ညီအစ်ကိုနှစ်ယောက်ကို သတိရမိနေဆဲ၊ တွေးမိနေဆဲပဲ  ။သူတို့တွေရဲ မိသားစုဝင်တွေထဲမှာ ဘမိုးတစ်ယောက်များ ရှိခဲ့ရင် ဘယ်လိုများ လုပ်လေမလဲ ဆိုတဲ့ အတွေးနဲ့ပေါ့လေ ။





ကြိုးစားပါဦးမည် ။။။။။။။  ဆန္ဒမွန်ဖြင့်......

                                                                    လွမ်းနောင်

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။