Thursday, 12 January 2012
ထမီ ကျွတ်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါများ
ပြာသိုလ်လဆန်းရောက်ကတည်းက တစ်ဖွဲ့လုံး ရင်ခုန်နေကြပြီ ၊ ရင်ခုန်ရမယ်လေ..၊ ပြာသိုလ် လပြည့်နေ့ဆိုတာက ကိုယ့်ဇာတိကျေးရွာရဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ “ ဗုဒ္ဓပူဇနိယ ပွဲနဲ့သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ” ရှိတာကိုး....။ ဒီတော့ ဘယ်နေရာရောက်ရောက် ကိုယ့်ဇာတိအစွဲကတော့ မပျောက်ဘူးပေါ့..။
ရွာကလူတွေကတော့ ဒီနှစ်ဘုရားပွဲ ဘယ်လိုလုပ်ကြမယ် မသိဘူး..၊ ဒီကလူတွေကတော့ အစီအစဉ်တွေ ဆွဲနေပြီ..၊ တစ်ယောက်ကို ပိုက်ဆံနည်းနည်းဆီစုပြီး ပြာသိုလ်လပြည့်နေ့မှာ ၀ိုင်းဝန်းချက်ပြုတ်ကာ
စက်ရုံက မြန်မာအလုပ်သမားတွေကို ကျွေးမယ် ၊ နေ့ခင်း အအေးတိုက်မယ် ၊ညကျရင် လက်ဖက်သုပ် ကျွေးမယ် ။ ဆိုပြီး အစီအစဉ်တွေဆွဲပြီး ကိုယ့် ဆိုင်ရာဆိုင်ရာလေးတွေကို တာဝန်ယူထားကြတယ် ၊ဒီလိုနဲ့ လခြမ်းလေးက ကွေးလာတဲ့ အချိန်မှာတော့ ကျွန်တော့်ခေါင်း နွေရာသီ ဖြစ်စရာ အကြောင်းက ဖန်လာတယ် ၊တခြား ဟုတ်ပါရိုးလား ၊ မလေးရှားမှာပဲ တခြားစက်ရုံမှာ ရောက်နေတဲ့ အစ်ကိုဝမ်းကွဲက သူ့ဆီကလူတွေကို “ တို့ရွာမှာ ဒီပွဲက သိပ်စည်တာ ၊ နောက်ပြီး တို့ငယ်ငယ်ကဆို ရွာကလူတွေ စုပြီး “အရပ်ဇာတ် ” ကကြတာ ” ဘာညာ ဆိုပြီး ကြွားထားတာ ။
ဒီတော့ သူနဲ့အတူနေတဲ့သူတွေက “ ဟုတ်လား ” ငါတို့မကြည့်ဖူးဘူး ၊ ကြည့်ချင်တယ် ဆိုပြီး အတင်းအကျပ်လုပ်တော့
ကျေးဇူးရှင်က “ ဖြစ်ပါတယ်ကွာ ” ဆိုပြီး တာဝန်ယူထားတယ် ၊ပြီးတော့မှ ကျွန်တော့်ကို ဖုန်းလှမ်းဆက်တယ် ၊ “ ဟေ့ကောင် တစ်ခန်းရပ်ဖြစ်ဖြစ် ပြဇာတ်အတိုလေး ဖြစ်ဖြစ် ရေးထားကွာ ” တို့တွေ စုပြီး ကကြမယ်တဲ့ ။
သူ့တစ်ယောက်တည်း အလိုဆိုရင်တော့ ဘာအရေးတုန်း ။ မသိလိုက် မသိဘာသာပဲ နေမှာပေါ့ ၊ ခက်တာက ကိုယ့်စက်ရုံမှာ အတူနေတဲ့ ရွာသားတွေကိုယ်တိုင်က “ လုပ်ရအောင်ကွာ ရေးကွာ ” ဆိုပြီး ဖြစ်နေတော့ ရှိသမျှ ဥာဏ်ကုန်ထုတ်ပြီး ပြဇာတ်အတို ကဖို့ ကြံဆရတော့တယ် ။ ကြံသာ ကြံရတာ ကျွန်တော်က အရပ်ဇာတ်ကို တူတူတန်တန် ကဖူးတာ မဟုတ်ဘူး ၊ ကိုးနှစ်သားတုန်းက သီချင်းတတ်ဆိုရင်း အော်ပရာထဲ ကလေးသရုပ်ဆောင် နှစ်ခန်း ၊ သုံးခန်း ပါဖူးတာပဲ ရှိတယ် ။ဒါပေမယ့် သူတို့အမြင်မှာကျတော့လည်း ကျွန်တော်က “ သဘင်ဇ ” ရှိတယ်ပေါ့လေ ၊
“ သဘင်ဇ ” ရှိတယ်ဆိုတာက ကျွန်တော်ကိုယ်တိုင်သာ တူတူတန်တန် မကဖူးတာ ၊ ကျွန်တော့်အဖေက ရွာအရပ်ပြဇာတ်မှာ ခေါင်းဆောင် ဒါရိုက်တာကိုးဗျ ၊ နောက်ပြီး ကျွန်တော့် ဦးလေးက ပင်တိုင် ပြဇာတ်ရေးသမားလေ ၊ ဒီတော့ သူတို့က ကျွန်တော့်လက်ကိုပဲ ဒီပြဇာတ်ကို ၀ကွပ် အပ်တာပေါ့ ။
ကျွန်တော့်မှာလည်း အလုပ်က တစ်ဖက်နဲ့ဆိုတော့ ပြဇာတ်နာမည်ကို ထူးထူးထွေထွေ မစဉ်စားအားပါဘူး ။
တစ်ခါက ဦးလေး ရေးခဲ့ဖူးတဲ့ “ ရောက်ရာ အရပ်က လှည့်ကြည့်ပါ ” ခေါင်းစဉ်ကိုပဲ ပေးပြီး ပြဇာတ်ရေးလိုက်တယ်။
စပ်မိလို့ ပြောရဦးမယ် ။ အဲ့ဒီ “ရောက်ရာ အရပ်က လှည့်ကြည့်ပါ ” ကမယ့်နှစ်က ကျွန်တော် ငယ်ငယ်ပဲ ရှိပါသေးတယ် ။ လူကြီးတွေ ပြောကြတာကတော့ အဲ့ဒီပြဇာတ်က တော်တော်ကောင်းတယ် ဆိုပဲ ။
ခက်တာက အဲ့ဒီနှစ်က မကဖြစ်ဘူးဗျ ၊ အသုဘ ကိစ္စတစ်ခုနဲ့ကြုံလို့ ပွဲဖျက်လိုက်ရတယ် ။ နောက်ကျတော့ အဲ့ဒီ ပြဇာတ်ရေးထားတဲ့ စာအုပ်က ပျောက်သွားတယ် ၊ဟိုလူက တရားခံလို ဒီလူက တရားခံလိုလိုပဲ ။ ( နှစ်အတော်ကြာတဲ့အခါမှာတော့ မန္တလေးနယ်ဘက်မှာ ထိုပြဇာတ်ကို နာမည်လွှဲပြီး ကသည်ကို တွေ့ရသည်ဟု ကြားပါသည် ။ )
ဒီတော့ ဦးလေးပြဇာတ်ကတော့ ဘယ်လိုနေမယ် မသိဘူး ။ ကျွန်တော်ကတော့ တောရွာက ကောင်လေးတစ်ယောက်နဲ့ မြို့ကကောင်မလေး တစ်ယောက်ကို အခြေခံပြီး အကောင်းဆုံးဖြစ်အောင် ပြဇာတ်တစ်ပုဒ်ရေးထားလိုက်တယ် ၊ ရေးပြီးတော့မှ သတိရမိတယ် ။ မင်းသမီး..၊ မင်းသမီးနေရာ ဘယ်လိုလုပ်ရပါ့ ၊ မြန်မာနိုင်ငံမှာလို မင်းသမီးက ငှားလို့ရတာလည်း မဟုတ်ဘူး..။ကိုယ့်စက်ရုံမှာလည်း အကူအညီတောင်းရအောင် မိန်းကလေးက မရှိ..။
အဲ့ဒါတစ်ခုနဲ့ တော်တော်ခေါင်းပူနေပြီ.။ နောက် အားလုံးကို စုခေါ်ပြီး..တိုင်ပင်ကြည့်တော့ အဖြေတစ်ခုထွက်လာတယ် ၊အဲ့ဒါကတော့ အခြားမဟုတ်ဘူး ။ ယောင်္ကျားလေးက မိန်းကလေးနေရာမှာ ၀င်သရုပ်ဆောင်ဖို့ ..၊ဒါနဲ့ ဘယ်သူ သရုပ်ဆောင်မှာလဲ ဆိုပြီး ရွေးကောက်ပွဲ လုပ်ကြရအောင် ဆိုကာရှိသေးတယ် ။ အားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့်ဆီကို ရောက်လာတယ်..၊ မျက်ခုံးလှုပ်ရသူက ကျွန်တော် ။ ကိုယ့်လူရင်းတွေထဲမှာ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဓာတ်ပုံပဲကြည့်ရင် မိန်းကလေးလို့ ထင်ခံရသူ ရှိနေတာကို ကျွန်တော့်ဘက် လှည့်လာသေးတယ်.။
နှုမ်းခမ်းမွှေးနဲ့ လမ်းလျှောက်ရင် ခေါင်းအောက်ငုံ့ပြီး အမြန်လျှောက်တတ်တဲ့ ကျွန်တော့်ကိုမှ မင်းသမီးနေရာ အဆိုပြုနေကြတယ်.။ပြောလိုက်သေးတယ် ။ အပျော်ပဲကွာ တဲ့..။ ( ဒင်းတို့ကို ဒီနေရာထားတော့ မလုပ်ဘူး။ )
ဖြစ်တော့ ဖြစ်ပါတယ် ။ မင်းသမီးဆိုပေမယ့် ကျွန်တော့် ဇာတ်လမ်းထဲက မင်းသမီးက သိပ်နွဲ့နွဲ့နှောင်းနှောင်းတော့ မဟုတ်ပါဘူး..။ ဒီတော့ ကိုယ့်ဇာတ် ကိုယ်နိုင်အောင် ကရမှာပေါ့.။ အသံကလည်း မခက်ဘူး..။ ကျွန်တော်က အသံတု ကြယ်တစ်လုံး ငိုရလောက်အောင် အသံတုပြောတတ်တယ်.။ မိန်းကလေးသံလည်း ဖြစ်တာပဲ....။
အဲ့ဒီလိုနဲ့ မင်းသမီးဝတ်ဖို့ အ၀တ်အစားအတွက် ဆိုင်ဖွင့်ထားတဲ့ အသိလင်မယားရဲ့ အကူအညီနဲ့ ၀ယ်လိုက်တယ် ။ နောက် လိုအပ်မယ့် ပစ္စည်းတွေဝယ်ပြီး ပြင်ဆင်ရတော့တယ်.။ ပြဇာတ်ကိုတော့ နှစ်ရက်လောက် ဇာတ်တိုက် ထားရတယ်.။ နောက်ပြီး နောက်ခံတီးလုံးတွေနေရာတွေ အတွက် လိုအပ်တဲ့ ပြင်ဆင်မှု. ၊ ယမ်းဖောက်ခွဲမှုတွေပါ ၊ အသေးစိတ် ကျွန်တော်ကပဲ ဦးဆောင်ပြီး စီမံရတယ်.။
ဒါတွေက သိပ်တော့မခက်ပါဘူး.။ ရွာမှာတုန်းက ဇာတ်ကတဲ့အခါတိုင်း ဇာတ်ခေါင်းဆောင်သား ကျွန်တော်က ဒါတွေကို ရင်းနှီးထားပြီးသား.။နောက်ပြီး နှုတ်ခမ်းမွှေးတွေ ရိတ်ပြီး မိတ်ကပ်နဲ့ ကိုယ့်ကိုယ်ကို နည်းနည်း ရုပ်ဖျတ်ရတယ်.။ ဒါလည်း ကျွန်တော့်အတွက် မခက်ပါဘူး....။ ဒီလိုနဲ့ ဇာတ်ကကြရော ဆိုပါတော့..။။။။။
ပထမဆုံး အခန်းမှာတင် ကျွန်တော်က လှုပ်ရှားနေရပြီ.။ တကယ်က ကိုယ့်ဇာတ်ဝင်ခန်း မဟုတ်ဘူး.။ မင်းသားရဲ့ ဇာတ်ဝင်ခန်း..၊ ဒါပေမယ့် တောတောင်ကို နောက်ခံထားပြီး ကျေးငှက်အသံတွေ လုပ်ရမှာဆိုတော့ ကျွန်တော်ကပဲ စပြီး ချိုးကူပေးရတယ်.။။ အဲ့ဒီလိုနဲ့ ကိုယ့်အလှည့်မှာ ၀င်ကလိုက် ၊ သူများအလှည့်မှာ ညွှန်ပြလိုက်နဲ့ ကျွန်တော် တော်တော်ပင်ပန်းနေပြီ.။ အလုပ်က ညဆိုင်းတွေ ဆင်းထားရတဲ့အတွက်ကြောင့်ရော
ပြဇာတ်အတွက် လုံးပမ်းနေရတာကြောင့်ရောဆိုတော့ ကျွန်တော် နားချင်နေပြီ..။ ဒါပေမယ့် နည်းနည်းမှကို မနားရဲဘူး..။ခေါင်းဆောင်နေရာက တာဝန်ယူထားတဲ့အတွက် သူများတွေ အ၀င်အထွက်မှန်ဖို့ နောက် အ၀တ်အစားမှန်ဖို့က အစ ဂရုစိုက်နေရတယ်.။
ဒီလိုနဲ့ တဖြည်းဖြည်း ပြဇာတ်ပြီးဖို့ နီးလာတယ် ။ နောက်ဆုံး အခန်းပဲ ကျန်တော့တာ.။။။ ဒီအခန်းက မင်းသမီး သေရမယ့် အခန်း ။ မင်းသားက ကြေကွဲပြီး ငိုချင်းနဲ့ အဆုံးသတ်မဲ့ အခန်း..။ လူတိုင်း လူတိုင်းကလည်း ကိုယ့် ကျရာနေရာလေးတွေကို တာဝန်ကျေပွန်အောင် သေချာလုပ်လာတာမို့ ဘာပြဿနာမှ မပေါ်ဘူး..။ အောက်ကနေ ကြည့်နေကြတဲ့ ပရိတ်သတ်ကလည်း ဘာဖြစ်မယ်ဆိုတာကို ရင်ခုန်နေပြီ.။ပြဇာတ်ထဲမှာ သူတို့မျောနေပြီ.။ ကျွန်တော်ကတော့ သူတို့တွေနဲ့ ဆန့်ကျင်စွာပဲ တော်တော်ဒေါင်းနေပြီ.။။။။။
ဒါပေမယ့် ကျွန်တော်အားတင်းထားတယ် ။ ရွှေမန်းတင်မောင်ပြောသလို စင်ပေါ်မှာပဲ ကရင်း သေချင်သေသွားပါစေဆိုတဲ့ စိတ်ထားပြီး ကျုပ်လည်း ကရတယ်...။ ခက်တာက စကားဆိုတာ လူကြားကောင်းအောင် ပြောဖို့ မခက်ပေမယ့် တကယ်တမ်း လိုက်လုပ်ဖို့ကြ ခက်တတ်တယ်.။
အဲ့ဒီသဘောပါပဲ ။ စိတ်ကို အားတင်းပြီး စင်ပေါ်တတ်လာရပေမယ့် လူက တော်တော် ယိုင်နဲ့နေပြီ.။ ကံကဆိုးချင်တော့ ဇာတ်ခုံအလယ်အရောက်မှာပဲ ၀တ်ထားတဲ့ ထမီက မခိုင်လို့ပဲ လျှောကျတာလား ၊ ကျွန်တော့် ပယောဂကြောင့်ပဲလား မသိတော့ဘူး....။ ကျွတ်ကျပါလေရော.....။ အတွင်းမှာ အားကစားဝတ်
ဘောင်းဘီတိုလေးနဲ့ ကျွန်တော် တော်တော်အကျပ်ရိုက်သွားတယ်....။ ဒီတော့မှ သတိတွေကလည်း ပြန်ဝင်လာတာကိုး....။ ကိုယ်က ယောင်္ကျားလေးဆိုပေမယ့် စင်ပေါ်မှာတော့ မင်းသမီးပဲလေ.။( တစ်ချို့ မသိသော သူများမှာ တကယ်မင်းသမီးဟု ထင်မှတ်ကြသည်.။)
မင်းသမီး ထမီကျွတ်ကျတယ်ဆိုမှတော့ ရှက်စရာပေါ့..။ကျွန်တော် ကိုယ်တိုင်လည်း ခဏတော့ မှင်တတ်သွားတယ်.။ ပရိတ်သတ်ကလည်း အံ့သြတဲ့ အမူအရာတွေနဲ့ပေါ့.။ တကယ်ပဲ ဇာတ်ဝင်ခန်းမှာ ထမီကျွတ်ခန်း ပါလို့လား ။ ဒါမှမဟုတ် မတော်လို့ပဲ ကျွတ်ကျလေသလားပေါ့.......။ စင်နောက်က ရွာသားတွေကလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ပြီ.။။။အဲ့ဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်လာတယ်.။ ဒါနဲ့ ကျွန်တော်လည်း အမြန်ပဲ ထမီကို အမြန်ကောက်ဝတ်ပြီး
“ အောင်မလေး ရှက်လိုက်တာ ၊ မောင်ကြီး မရှိတဲ့ အရပ်မှာ နေရာတာ နှမ အသည်းနှလုံးတွေ မီးလိုပူပြီး
လောင်ကျွမ်းရတဲ့အထဲ အခုလို အရှက်တကွဲ ဖြစ်စရာနဲ့ ကြုံလာရတယ်.”
အစချီပြီး အသက်နဲ့ လူလုပ်လာတာမို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ် ဘာညာဆိုပြီး ပြောရတယ် ။ နောက်က အတီးသမားကလည်း
သူငယ်ချင်း အရင်းဆိုတော့ အထာနားလည်ရှာတယ်.။ ကျွန်တော့် အပြောအဆိုကို သူက ပံ့ပိုးပေးရှာတယ်.။ အရှက်နဲ့ လူလုပ်တာမို့ အဆိပ်သောက် သေမယ် ဆိုပြီး မူရင်း ဇာတ်လမ်းကို ပြန်လှည့်လာတာမို့လည်း အောက်က ပရိတ်သတ်က ဇာတ်ဝင်ခန်းပဲ ထင်သွားရှာတယ်.။။။။ အဲ့ဒီလိုနဲ့ပဲ အဆို အဟဲတွေနဲ့ ပြောဆိုပြီး
ကျွန်တော်လည်း လက်ထဲကပုလင်းလေးကို အဆိပ်သောက်သလို မော့လိုက်ရင်း စင်ပေါ်မှာ ပစ်လဲချလိုက်တယ်.။
ဒီတော့မှ မင်းသားလုပ်သူကလည်း မှင်မပျက် ၀င်လာပြီး သူ့ကျရာနေရာက ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ရင်း ဇာတ်လမ်းကို အောင်မြင်စွာပဲ အဆုံးသတ်လိုက်ရတယ်.......။
ကန့်လန့်ကာ ချအပြီးမှာတော့ ကျွန်တော်လည်း ရှက်ရှက်နဲ့ စင်နောက်ကို ၀င်လိုက်တော့ ရွာသားတွေက ၀ိုင်းပြီး ချီးကျူးတဲ့သူက ချီးကျူး ၊ ဘယ်လိုဖြစ်တာလဲ ဘာညာဆိုပြီး မေးတဲ့သူက မေးကြတယ် ။ ကျွန်တော်ကတော့ သူတို့ အမေးတွေကို မဖြေနိုင်ပါဘူး.....။
လူ လန်းသွားအောင် ရေအေးအေးနဲ့ မျက်နှာသစ်ပစ် ၊ အ၀တ်အစားတွေ လဲ ၊ မင်းသမီးပုံစံဖျောက်ပြီးတော့ ..“ သိမ်းစရာရှိတာ သိမ်းကြတော့ကွာ ” လို့ပြောပြီး သူငယ်ချင်းနှစ်ယောက်နဲ့ အတူ အဆောင်ကို ပြန်ဖို့ ထွက်အလာမှာ ပရိတ်သတ်ထဲက ပြောလိုက်တဲ့. စကားတစ်ခွန်းကြောင့် ကျွန်တော် မျက်ခုံးတော်တော် လှုပ်သွားတယ်.။ ပြောလိုက်တာက
“ မင်းသမီးက လှတယ်ကွာ ။ ကိုယ်လုံးကိုယ်ပေါက်ကလည်း မဆိုးဘူး.။ အသံလည်း ကောင်းတယ် ၊
နောက်ဆုံးအခန်းမှာဆိုရင် ထမီကျွတ်ကျတဲ့ နေရာလေးမှာ သရုပ်ဆောင်သွားတာ ကောင်းချက်......။
ငါ့မှာသာ အိမ်ထောင် မရှိသေးရင် အဲ့ဒီမင်းသမီး ရအောင်ယူတယ်ကွာ ” ...တဲ့...........။
ကျွန်တော့်မှာ ခေါင်းပဲ မူးလာတာလိုလို ၊ အပေါ့ပဲ သွားချင်တာလိုလို ၊ အိပ်ပဲ အိပ်ချင်တာလိုလိုနဲ့ ထမီ ကျွတ်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါများ အဖြစ် စိတ်ထဲမှာ ရောဂါပေါင်းစုံက သောင်းကျန်းလာတယ်.။။။ ဘေးကသူငယ်ချင်း နှစ်ယောက်ကတော့ ကျွန်တော့်ကို စပ်ဖြီးဖြီးနဲ့ ကြည့်လို့......။
ကြိုးစားပါဦးမည်.......။
ဆန္ဒမွန်ဖြင့်......။ လွမ်းနောင်.။။။
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)
ထမီ ကျွတ်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါများ ဆိုလို့
ReplyDeleteအသည်းအသန်ပြေးလာဖတ်တာ...ပိာစ်ပိာစ်
ဒီရောက်တော့ထဘီကျွတ်တာကယောက်ျားကြီး..ပီားးးပီားး