“တောက် ဒါ တမင်ညစ်တာကွာ အ၀ါကဒ်လောက်ပဲ ပေးရမယ့်ဟာ ၊ ဒိုင် တမင်ညစ်တာကွ ”
မကျေမနပ်နှင့် ပွင့်အံထွက်လာသော စိုးမောင်ရဲ့ စကားသံကြောင့် တစ်ဝိုင်းလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်..။
ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေကလည်း ပွစိပွစိနဲ့ အသံတွေ ထွက်လာသည်.။. .။ စကားအားလုံးရဲ့ လားရာဇစ်မြစ်ကတော့ “ ဒိုင်ညစ်တယ် ” ဆိုသော စကားကိုသာ......။
ဘောလုံးပွဲသာ ပြီးသွားတယ် စကားသံလေးတွေကတော့ အတောမသတ်နိုင်သေး.။ အထူးသဖြင့် ကျွန်တော်တို့ဝိုင်း....။
“ ပြိုင်ပွဲ တစ်ခုမှာ ဒိုင်ဆိုတာ အလွန်အရေးကြီးတယ်ကွ.၊ သူ့ရဲ့ ဆုံးဖြတ်ချက် နည်းနည်းလေး လွဲချော်တိမ်းစောင်းတာနဲ့ ပြိုင်ပွဲဝင်တဲ့သူတွေအဖို့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပေါ်စေနိုင်တယ်.”
စိုးမောင်ရဲ့အဆိုကို အောင်ကျော်က
“ ဒါတော့ ဟုတ်တယ်ဟေ့..အထူးသဖြင့် ဒိုင်ဆိုတာ တရားသူကြီးနဲ့ ပမာတူတယ်..၊ စောစောက ဘောလုံးပွဲကိုပဲ
ကြည့်လေ ၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူ့ဆုံးဖြတ်ချက်က ပဓာန ဖြစ်နေတော့ ဘယ်သူမှ ဘာမှပြောလို့
မရတော့ဘူး”
အောင်ကျော်ရဲ့ စကားအဆုံးမှာ ကိုထွန်းညွန့်က ကျွန်တော့်ဘက် လှည့်၍
“ မိုးကြီး ငြိမ်လှချည်လား ”
ကျွန်တော် ကိုကြီးထွန်းကို အသာပြုံးပြပြီး
“ ဟုတ်တယ် ကိုကြီးထွန်း ၊ ကိုကြီးထွန်းတို့ ပြောနေတာတွေ ကြားရတော့ ကျွန်တော် ဒိုင်တစ်ယောက်ကို သွားသတိရလို့ပါ...၊ သိပ်အတုယူစရာ ကောင်းတဲ့ ဒိုင်တစ်ယောက်ပေါ့ဗျာ ”
“ သိပ်အတုယူစရာကောင်းတဲ့ ဒိုင် ”
သုံးယောက်သားက ကျွန်တော့်အဆုံးစကားလုံးကို သံယောင်လိုက် ရွတ်နေသည်..။ နောက် ပြိုင်တူလိုလိုပင်
ကျွန်တော့်ဘက် စူးစိုက်ကြည့်နေသည်.......။
ကျွန်တော် အသာပြုံးပြလိုက်ရင်း....... “ ဒီလိုဗျ ”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နွားညီနောင် ရွှေချုကုံးနဲ့ လူလုံးပြ ဟန်ရေးထည်..xxxxx ခြောက်စတောင် လှည်းယာဉ်ကြော့နဲ့ ပွဲဝင်တော့မယ်လေဗျ...xxxxxxxxxxxxxx
သီချင်းထဲက စာသားလေးအတိုင်းပင် လှည်းယာဉ်နှစ်စီးကား ပွဲဝင်တော့မည့်အသွင် .. ဟန်အပြည့် မာန်အပြည့် ...အသင့်ရှိနေလေပြီ......။ ကိုလူနောင် လှည်းနှစ်စီးကို မမှိတ်မသုန် ကြည့်နေမိသည်. .။ တစီးက “ ဇိမ်း ” ဟု
အလွယ်ခေါ်သော စိမ်းပြာရောင် နွားညီနောင်နှင့် ဆင်ထားသည်...။ လှည်းပေါ်တွင်တော့ နာမည်ကြီး နွားဂျော်ကီ ကိုတိုးမောင်က ခန့်ခန့်ကြီး ထိုင်နေသည်..။
နောက်တစ်စီး ...။ နောက်တစ်စီးတွင်တော့ ဆင်ထားသည်က နွားပြာဝါ ညီနောင်လေး...။အသွေးတူ အမွှေးတူ ..။ ချူတွေက အပြည့်အနှက် မြိုင်နေအောင် ဆင်ထားသည်..။ လှည်းပေါ်မှာတော့ ကိုလူနောင်တို့ ရွာမှ နာမည်ကြီး နွားဂျော်ကီ.. ၀င်းအောင်.......။
ကိုလူနောင် စိတ်ထဲ ဒွန်တွဲနေသည်.....။ တကယ်တော့ ဒီပွဲကို ကိုလူနောင် ဒိုင်အဖွဲ့တွင် ပါဝင်ဆောင်ရွက်ချင်စိတ် မရှိပါ....။..။
သို့သော် အားလုံးက ကိုယ့်ကိုပဲ ရွေးချယ်နေမှတော့ ဘာများတတ်နိုင်ပါဦးမည်နည်း..။ နွားနှစ်ရှဉ်းကား တာအလွှတ်ကို စောင့်နေသယောင်....။ ကိုလူနောင့် မျက်လုံးများက လှည်းလမ်းကြောင်းရဲ့ တဖက်ကို ရောက်သွားသည်...။ မျက်လုံးများ ..။ မိမိကို စူးစိုက်ကြည့်နေသော မျက်လုံးများကို တွေ့ရသည်...။ ထိုမျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်တို့ ပြည့်လျှမ်းနေသည် ဟု ကိုလူနောင် ထင်သည်...။ ပြိုင်ပွဲတစ်ခု ဖြစ်လာလျှင် လောင်းကစားက နောက်က ကပ်ပါလာသည်မှာ ဓလေ့တစ်ခုလိုဖြစ်နေသည်...။ ယခုလည်း ထိုမျက်လုံးပိုင်ရှင်များသည် ဒီနွားပြိုင်ပွဲမှာ အချီကြီး လောင်းထားသူများဖြစ်သည်..။ သူတို့လောင်းသည်က ၀င်းအောင်ဘက်က.....။ ကိုလူနောင်တို့ ရွာသားတွေဖြစ်သည်...။ ကိုလူနောင် မိမိတာဝန်ကျရာ ပန်းဝင်မည့် နေရာနားတွင် သွားစောင့်နေမိသည်....။ မျောက်လက် ဟု ခေါ်သော အဆုံးအဖြတ်ပေး ကြိုးတန်းလေးက ကိုလူနောင့်ကို ဆီးကြီးနေသည်...။
ပြိုင်ပွဲကား စလေပြီ........။ လှည်းနှစ်စီးကား ကိုယ့်လမ်းကြောင်းနှင့်ကိုယ် သွေမစောင်းပဲ အပြင်းမောင်းလာသည်..။ နွားဂျော်ကီများကလည်း နာမည်ကြီးတွေမို့ ကြိုးထိန်း ၊ သံထိုး အချက်ကျသည်.။
သူ့လမ်းကို ကျူးလို့လည်း မဖြစ်သလို သူ့နောက်ကျလို့လည်း မဖြစ်သည်မို့ နွားဂျော်ကီများအတွက်ကတော့
ဒီအချိန်မှာ စိတ်လှုပ်ရှားဆုံး အချိန်ဟု ပြောလျှင် မမှား ..။ ဘေးက ပရိတ်သတ်တွေကလည်း လက်ထဲမှ သံချွန်ဖြင့် မှီရာလမ်းထိုးကြသည်...။ တာတ၀က်လောက်ထိ လှည်းနှစ်စီးက အပြင်းနှင်နေဆဲ ဖြစ်သည်......။
အနိုင်အရှုံးကား ခန့်မှန်းလို့မရနိုင်သေး...။ လောင်းထားတဲ့ သူတွေကတော့ စိတ်လှုပ်ရှားပေလိမ့်မည်....။
ထို့ထက် မိမိစိတ်သည်လည်း ပိုလှုပ်ရှားနေသည်ဟု ကိုလူနောင် ထင်သည်..။
ကိုလူနောင် ကြိုးလေးကို သေချာကြည့်သည်...။ လှည်းနှစ်စီးက နီးသည်ထက် နီးလာလေပြီ......။
“ ဝေါ ” ကနဲ အသံနှင့်အတူ တိုးမောင် မောင်းသောလှည်းက မဆိုစလောက်လေး ဦးစွာ ကြိုးကို ဖြတ်ဝင်သွားသည်.. ။ ပရိတ်သတ်ကြီး၏ ညာသံတွေက ညံထွက်သွားသည်......။
နှစ်ဖက် ပရိတ်သက်များ ငြင်းခုန်နေလေပြီ..။ တိုးမောင် ပန်းတိုင်အရင်ဝင်သည်....။ ၀င်းအောင် ပန်းတိုင် အရင်ဝင်သည်...။ နောက်ဆုံးတော့ ငြင်းခုန်သူများက ကိုလူနောင့်ဘက် လှည့်လာသည်....။ ဟုတ်တော့လည်း
ဟုတ်ပါသည်..။ မိမိက အဆုံးအဖြတ်ပေးရမည့် ဒိုင်တစ်ဦးပေကိုး..။ ၀င်းအောင် ပရိတ်သတ်များက
ကိုလူနောင့်ကို မျှော်လင့်ကြီးစွာ ကြည့်နေသည်.။ တိုးမောင် ပရိတ်သတ်တွေကတော့ သူ့ဆီကအဖြေကို
စိတ်ဝင်စားစွာ စောင့်လျှက်.......။ ကိုလူနောင် ၀င်းအောင်ရဲ့ ပရိတ်သတ်များကို ကြည့်လိုက်သည်.။ ရှေ့ဆုံးမှာ
မြင်ရသည်က သူ့ယောက္ခမလောင်း ကိုအေးကို.....။ ခဏအတွင်းမှာပင် ကိုလူနောင့် စိတ်ထဲ တဟူးဟူးတိုက်ခတ်နေသော လေဟာပြင်တွင် ချထားသည့် စာအုပ်မှ စာရွက်များပမာ တဖျပ်ဖျပ် လူးနေသည်..။
သူနှင့် ချစ်သော ရီရီပြုံးတို့ အချစ်ရေးတွင် အခရာ ကျလှသော ရီရီပြုံး၏ ဖခင်ဖြစ်သူ ကိုအေးကိုက ဒီပွဲမှာ အချီကြီး လောင်းထားသည် ဆိုတာကို ကိုလူနောင် သိသည်..။အခန့်မသင့်လျှင် သူ့ဆုံးဖြတ်ချက်အတွက် သူ့နှလုံးသားကို ပေးဆပ်ရဖွယ် ရှိနေသည်..။ တခဏလေးအတွင်းမှာပင် ကိုလူနောင့် အတွေးဝယ် ပုံရိပ်တို့က
အမြန်စနစ်ဖြင့် တလှစ်လှစ်ပြေးနေသယောင်....။ ပြေးနေသော အတွေးစဉ်ဝယ် ဖတ်ဖူးသော စာလေးတစ်ခုက
ရင်ကို လာငြိသည်...။ ဆန္ဒဒေါသာ ၊ ဘယာမောဟ ၊ အပါယ်ကျသား....၊
ဒိုင်.....ဘာပဲပြောပြော မိမိက ဒီပွဲကို အဆုံးအဖြတ်ပေးရမည့် ဒိုင်....။ ဒိုင်တစ်ဦးအနေဖြင့် အဂတိ လိုက်စားလို့
မဖြစ်..။ သက်ပြင်း တစ်ချက် ရှိုက်လိုက်ရင်း “ တိုးမောင်က အရင် ပန်းဝင်ပါတယ် ” ဟု ပြောချလိုက်တော့သည်..။ မျက်လုံးများ.....။ မီးဝင်းဝင်း တောက်နေသယောင်.။ ကိုအေးကိုလည်းပါသည်.။
နောက်ကတော့ ကိုလူနောင်တို့ ရွာသားများ..။အမျိုးမကင်းသူတွေလည်းပါသည်...။ ထိုမျက်လုံးတွေသာ
နဂါးမျက်စောင်းပမာဆိုလျှင် ကိုလူနောင် သည်နေရာတွင် ကျွမ်းလောင်ပြာကျသွားနိုင်သည်.။။။။
အားလုံးရဲ့ အကြည့်တွေကို လွှဲဖယ်ရင်း ကိုလူနောင် ထွက်လာခဲ့တော့သည်.........။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ ဟာ .....ဒါဆို အဲ့ဒီလူ ရီရီပြုံးနဲ့ မရဘူးပေါ့...”
ကျွန်တော့်စကားအဆုံးတွင် စိုးမောင်က မေးသည်.။
“ ရတယ်......ဒါပေမယ့် ကိုအေးကို သဘောတူလို့ ရတာတော့မဟုတ်ဘူး..။ ရီရီပြုံးက အမှန်တရားကို မြတ်နိုးလို့ ကိုလူနောင်နဲ့ ခိုးရာလိုက်ပြေးတာ...”
“ သူ့ရွာသားတွေက ကိုလူနောင့်ကို ဘာမှ မပြောကြဘူးလား..”
“ ဘယ်နေမလဲကွာ ၊ ပြောရုံတင်မဟုတ်ဘူး .၊ နောက်ပိုင်း အသက်ကိုတောင် ထိပါးလာလို့ ကိုလူနောင်တို့
အဲ့ဒီကနေ ရန်ကုန်ကို ရွှေ့ပြေးသွားရပါရောလား..”
ကိုကြီးထွန်းက တွေးတွေးဆဆဖြင့် ၀င်မေးသည်.။
“ နေပါဦး ၊ ငါမရှင်းတာ မေးရဦးမယ်.....၊ မင်းက ဒီအကြောင်းတွေ ဘယ်လိုသိနေတာလဲ....၊ ကိုလူနောင်ဆိုတာ
ကရော ဘယ်သူလဲ........”
ကျွန်တော် သူငယ်ချင်းများကို အသာကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်...။
“ သိဆို အခု ဦးကြီးမောင် ဒေါ်ဒေါ်ရီလို့ မင်းတို့ခေါ်နေတဲ့ ငါ့အဖေနဲ့အမေဟာ ဟိုတုန်းက ကိုလူနောင်နဲ့
ရီရီပြုံး ဖြစ်နေလို့ပဲ..”
စကားဝိုင်းလေးကတော့ တိတ်ဆိတ်သွားသည်..။ သူတို့အနေနဲ့တော့မသိ......။ ကျွန်တော့်အနေနဲ့တော့
လောကကြီးမှာ “ အဂတိ ” လိုက်စားသော ဒိုင်များ၊ လုပ်ပွဲ ကစားသော ကစားပွဲများ ၊ မပြသင့်သော အနီကဒ်များကို တွေ့ရတိုင်း ကျွန်တော် အဖေရဲ့ ငယ်စဉ်က အဖြစ်အပျက်လေးကို သတိရနေဦးတော့မည်..........။
ဆန္ဒမွန်ဖြင့်.......။လွမ်းနောင်......။
မိုက်တယ်ဟ..နောက်တစ်ခါပြန်ကြည့်တော့လည်း
ReplyDelete