Friday, 18 November 2011
တန်ဆောင်ညရဲ့ မောဧကရီ ( အပိုင်း ၂ )
( ၂ )
“ ဘ၀ငွေကြယ်စင် ”
ခွန်နောင်တို့ မောင်နှမသုံးယောက်နှင့် ကျွန်တော် ၊ မမနွယ်တို့မှာ တန်ဆောင်တိုင် ပွဲတော် တစ်လျှောက်လုံးပင် အတူတူလည်ဖြစ်ကြသည်..။ ထိုအတော အတွင်းတွင် မမနွယ်နှင့် ကျွန်တော်မှာလည်း
ရင်းရင်းနှီးနှီး ဖြစ်သွားသည်..။ သူတို့အတွက်တော့ ဘယ်လိုနေလဲမသိ..။ ကျွန်တော့်အတွက်မူ ထိုရက်များသည်. အပျော်ဆုံးရက်တွေ ဖြစ်ခဲ့သည်..။ တန်ဆောင်တိုင် ပွဲပြီူးသော်လည်း ကျွန်တော့်မှာ မပြန်နိုင်ပဲ ဖြစ်နေသည်.။ ခွန်နောင်တို့ကတော့ “ ပျော်သလောက်သာ နေ ” ဟု ပြောရှာသည်..။
သည်သို့ဆိုလျှင် တသက်လုံးပင် တောင်ကြီးမှာ နေရတော့မည့်ကိန်း..။ ဟုတ်သည်လေ...ခုအခါမှာ တောင်ကြီးက သာမာန်ထက်ပိုပြီး ကျွန်တော့်အတွက် ပျော်ရွှင်မှုကို ပေးနိုင်သည့်နေရာလေ..။ တောင်ကြီးမှာ ကျွန်တော်ချစ်သော ငွေနှင်းတွေ ရှိသည်..။ ပွင့်ဦးစ ချယ်ရီတို့ ရှိသည်..။နောက်ဆံတင်းရအောင်လည်း ကျွန်တော့်မှာ
ဆွေမျိုးသားချင်းဆိုလို့  ဦးလေးတစ်ယောက်သာ ရှိသည်..။ထို့ထက်မူ တောင်ကြီးမှာ ကျွန်တော်ချစ်သော ငွေလမင်း ရှိသည်..။ ရင်ထဲကလမင်း..။
မမနွယ့် မျက်နှာလေးက အတွေးဝယ် ထင်ဟပ်လာပြန်သည်..။ ချိုရှရှ ငွေဆည်းလည်းသံလေးကို ကြားယောင်မိပြန်သည်..။
“ ဟူးးးးးးးးးးးးး ”
“ ဟကောင်ကြီး ဘာတွေတွေးပြီး သက်ပြင်းတွေချနေတာလဲ ၊ ကျန်ခဲ့သူကို လွမ်းနေလို့လား ”
အနားမှာရောက်လာရင်း ပြောလိုက်သော ခွန်နောင့် စကားကြောင့် ကျွန်တော် အသာပင် ပြုံးမိသည်..။
“ လွမ်းစရာမှ မရှိတာကွ ဘာကိုလွမ်းရမလဲ ”
“ ဟေးဟေး...ဒါဆို သက်ပြင်းတွေ ဘာတွေ ချမနေနဲ့ ၊ လာ အပြင်သွားရအောင် ”
ဘယ်သွားမှာလဲဟု မမေးတော့ ။ ခွန်နောင် ဆိုင်ကယ်ထုတ်လာသည်နှင့် နောက်က အသာပင် ခွထိုင်လိုက်သည်.။ ခြံနှင့် ခပ်လှမ်းလှမ်းရောက်မှ ခွန်နောင်က ပြောသည်..။
“ ဒီနေ့ ဘုရားဖြူကို သွားမလို့ကွ ၊ အဲ့ဒီမှာ တသီးထီ ရတယ် ၊ မင်းလည်း စာရေးဖို့ ကဗျာရေးဖို့ ကုန်ကြမ်းလေး
ဘာလေး ရချင်ရမှာပေါ့ကွာ ”
“ ဘာလဲကွ တသီးထီက ”
“ ဟေးဟေးး တသီးထီဆိုတာ ပအိုဝ်းတိုင်းရင်း ရိုးရာဆေးဖက်ဝင် အရည်တစ်မျိုးပဲကွ ၊ ခေါင်ရည်လိုမျိုးဆိုပါတော့၊
သောက်ရတာတော့ အင်မတန်ကောင်းတယ် မောင်ရေ ”
ဘုရားဖြူရွာ (တစ်ချို့ကလည်း ရပ်ကွက်ဟုခေါ်သည် ) ရောက်တော့ ခွန်နောင်ပြောသည့် တသီးထီ ဆိုင်ကို သွားသည်..။
“ သောက်ကြည့် ဟကောင်ရေ ဆေးဖက်ဝင်တယ်ကွ ”
ကျွန်တော့်ရှေ့ကို ခွက်ထိုးပေးရင်း ခွန်နောင်က ဆိုသည်..။ တသီးထီ နံ့ ခပ်စူးစူးက နှာခေါင်းဝနှင့်
မိတ်ဆက်သွားသည်..။ အစကတော့ ငြင်းမည်ကြံသေးသည်..။ နောက်တော့မှ ခွန်နောင့်အကြောင်း သိသဖြင့် ခွက်ကို လှမ်းယူလိုက်ရသည်..။ ဒီကောင်က သူကျွေးတာပေးတာဆို စားမှ ၊ ယူမှ ကြိုက်သည်..။ အဲ...... ဘေးဖြစ်လောက်အောင်ထိတော့ ဒီကောင် မလုပ်တတ် ..။
လက်ထဲမှ ခွက်ကို နည်းနည်းမော့ကြည့်သည်..။ အနည်းငယ် ချဉ်သော အရသာနဲ့အတူ တသီးထီက
လည်ချောင်းမှ ဗိုက်ထဲကို လျှောဆင်းသွားသည်..။ ဆိုးတော့မဆိုး..။ သောက်ရတာ တစ်မျိုးလေး..။
“ဟေ့ကောင် လွမ်းကြီး ၊ ဘယ်နှယ်လဲ သောက်လို့ကောင်းလား ”
“အေး ဆိုးပါဘူးကွ.၊ ဒါပေမယ့် ဒီတစ်ခွက်ပဲနော် ၊ ငါနောက်ထပ် မသောက်တော့ဘုး ”
“ အေးပါကွာ ၊ မင်းအကြောင်း ငါသိပါတယ်..၊ မင်းသောက်ချင်ပါတယ် ဆိုရင်တောင် ငါက ထပ်မတိုက်ပါဘူး..၊ ဒီကောင်က များလွန်းရင်လည်း ၀မ်းလျှောတတ်တယ်ကွ ၊ ငါတို့က သောက်နေကျမို့သာ နည်းနည်းခံနိုင်ရည်ရှိတာ ”
ညနေစောင်းမှ ကျွန်တော် ပြန်လာခဲ့သည်..။ လမ်းတွင် ခွန်နောင်က ၀င်စရာ ရှိသေးသည် ဆိုပြီး ကျွန်တော့်ကို
ဆိုင်ကယ်နှင့် ပြန်ခိုင်းကာ သူကနေရစ်သည်.။အိမ်ရောက်တော့ အိမ်မှာ ဘယ်သူမှ ပြန်မရောက်သေး..။
ဒေါ်ကြီးနန်းတစ်ယောက်သာ ရှိသဖြင့် ဟိုတစ်ရက်က ခွန်နောင် ငှားလာသည် ဆိုသော တယောလေးကိုယူကာ
ချယ်ရီပင်ကြီးအောက် ထွက်လာခဲ့သည်..။ ပွင့်ဖူးဝေစ သင်းရှရှ ချယ်ရီနံ့က နှာခေါင်းဝကို ကလူ၏သို့ .၊ မြူ၏သို့..။ ညနေဆည်းရီ၏ အလှတရားက အေးအေးမြမြနှင့် အသက်ဝင်လှသည်..။
မို့အစ်နီရဲနေသော နေလုံးကြီးက တောင်စွယ်ထက်တွင် မေးတင်လုလု ၊နီညိုတစ်ဖြာ ပြာတာတစ်လှည့် ၀ါခဲ့တစ်ဖုံ တိမ်ရောင်စုံတို့ကား ဆည်းဆာရီဝယ် သဘာဝပန်းချီကားတစ်ချပ်နှယ် .. အလှကြွယ်လွန်းလှသည်.။ လှပလွန်းသော ဆည်းဆာရီကိုကြည့်ပြီး ကိုစောငြိမ်းရဲ့ “ ဆည်းဆာ ” သီချင်းကို တယောနဲ့တီးရင်း တိုးတိုးညည်းနေမိသည်..။
တယောသံ အဆုံးတွင်မူ.....
“ ဟေးးးးးးးး ကဗျာဆရာကြီး ဒီမှာ လာပြီး လွမ်းနေတာလား ”
အသံက ချိုရှရှလေး.။ လှည့်ကြည့်လိုက်တော့ မမနွယ် ။ ဆံပင်ကို တပတ်လျှိုထုံးပြီး ပခုံးမှကျော်ကာ ရှေ့ကိုချထားသည်.။သန့်စင်သမျှ အေးချမ်းသော မျက်ဝန်းတို့ကမူ ကျွန်တော့်ကို တည့်တည့်ကြည့်နေသည်.။
“ မမနွယ် ဘယ်က လှည့်လာတာလဲ ”
“ အွန် .. ဒီအိမ်က မမနွယ် ၀င်နေထွက်နေကျလေ..၊ ဘာလဲ မလာရဘူးလား ”
ပြုံးစူစူနဲ့ ပြောလိုက်သော မမနွယ် စကားကြောင့် ကျွန်တော့်မှာ ပြုံးမိပြန်သည်..။ စိတ်ထဲမှာတော့ “ လာရပါတယ် မမနွယ်ရယ်.. ၊ အမြဲကို လာနေစေချင်တာပါ ” ဟု ပြောနေမိသည်..။
“ မမနွယ် စတော်ဘယ်ရီသီးတွေ လာပို့တာ ၊ အိမ်ထဲရောက်ခဲ့ပြီးပြီ .၊ ဒေါ်ကြီးနန်းဆီ ပေးထားခဲ့တယ်.၊ တယောသံကြားလို့ ဒီဘက်ထွက်လာတာ ”
“ အော် ”
“ ဒါနဲ့ မောင်လွမ်းဝေက တောင်ကြီးကို အလည်သက်သက်ပဲလား ၊ အလုပ်ကိစ္စ နဲ့လာတာလား ”
အနားမှာဝင်ထိုင်ရင်း မမနွယ်က မေးသည်.။ ချယ်ရီပန်းတို့သည် သင်းနေပါသည်.။ ထို့ထက်မူ မမနွယ်ရဲ့ ကိုယ်သင်းနံ့လေးက ပျံ့ပျံ့သင်း၍ ဆောင်းတွင်းညနေ ပွင့်ဖူးဝေစ ပျပျထွေးထွေး ချယ်ရီတို့ထက် ပို၍ မွှေးနေသည် ....။
“ အစကတော့ အလည်သက်သက်ပဲမမနွယ် ၊ ခု ဒီမှာ စီးပွါးရေးလေး ဘာလေးလုပ်ရင် ကောင်းမလား စဉ်းစားနေတာ ”
“ အော် မောင်လွမ်းဝေ ဘာနဲ့ ကျောင်းပြီးတာလဲ ၊ မိဘတွေကရော ဘာအလုပ်တွေ လုပ်ကြလဲ ”
“ ကျွန်တော် ဆယ်တန်းအောင်ပြီးကတည်းက ကျောင်းထွက်တာပါ ၊ မိဘတွေက မရှိကြတော့ပါဘူး ၊ ရန်ကုန်မှာ ဦးလေးတစ်ယောက်နဲ့ အတူနေတာပါ.. ”
“ အော် ..စိတ်မကောင်းစရာတွေ မေးနေမိတယ် ”
“ ရပါတယ် မမနွယ် ၊ ကျွန်တော် နေသားကျနေပါပြီ..”
နှစ်ဦးသား စကားမဆိုမိတော့..။ ဆည်းဆာကတော့ လှမြဲပင်..။အအေးဓာတ်က ပိုကဲလာသည်.။ ပတ်ဝန်းကျင်တွင် နှင်းမြူတို့က ဆိုင်းနေပြီ..။ လပြည့်ကျော်ရက်မို့ လ ကတော့ ထွက်မလာသေး..။ ငှက်တချို့ကား အိပ်တန်းပြန်လေပြီ..။ တိတ်ဆိတ်မှုကို သည်းမခံနိုင်သည့်အလား “ ၀ူး ” ကနဲ ဆိုင်ကယ်သံ တစ်ချက်က ပျံ့လာသည်..။
“ ဒါနဲ့ မောင်လွမ်းဝေ စာတွေ ၊ ကဗျာတွေ ရေးဖြစ်သေးလား ”
“ ၀တ္ထုတိုတွေတော့ ရေးဖြစ်ပါတယ်..၊ ကဗျာတွေကတော့ မရေးဖြစ်ဘူး ၊ ခုတလော ကဗျာရေးရာမှာ ကျွန်တော့်အတွက် ကာရံတွေ ပျောက်နေတယ် ၊ ရေးလိုက်တိုင်း တစ်စုံတစ်ခုက ကျွန်တော့်ကို လာနှောက်နေတယ် ..”
“ တစ်စုံတစ်ခု ! ..မင်း မမနွယ်ကို ပဟေဠိ ၀ှက်နေတာလား ”
ကျွန်တော် မမနွယ်ကို နွမ်းလျစွာပင် ပြန်ပြုံးပြလိုက်သည်..။
“ အဲ့ဒီ တစ်စုံတစ်ခုဟာ ဘာလဲဆိုတာ ခုချိန်မှာ ကျွန်တော် မသိသေးဘူး..၊ သိလည်း မသိချင်သေးဘူး ”
မမနွယ် ကျွန်တော့်ကို ပြုံးပြုံးလေးဖြင့် ကြည့်သည်..။ ပြီးသော် တိုးတိုးလေး ရယ်သည်..။
“ မမနွယ် ဘာလို့ ရယ်တာလဲ ”
“ ဘာမှ မဟုတ်ပါဘူး ၊ မောင်လွမ်းဝေ ပြောတာ သဘောကျလို့ပါ ..၊ မောင်လွမ်းဝေကို တစ်နေ့နေ့ကျမှ မမနွယ်တို့အိမ် ခေါ်ရဦးမယ်.၊ မင်းကို ပြစရာ ရှိတယ် ”
“ ပြစရာ ရှိတယ်... ဘာများလဲ မသိဘူး ”
“ ပဟေဠိ ..... အဲ့ဒီနေ့ကျ သိမှာပေါ့ ”
ကျွန်တော် ဘာမှ ဆက်မပြောတော့..။ ထိုစဉ်မှာပင် ဆိုင်ကယ်သံနှင့်အတူ ခွန်နောင် ပြန်ရောက်လာသည်..။ခွန်နောင် ရောက်ပြီး မရှေးမနှောင်းမှာပင် ..အစ်မခမ်းဖြူနဲ့ ခွန်မောင်းပေးတို့လည်း ရောက်လာသည်..။
“ မမခမ်းဖြူ နွယ်ပြန်တော့မယ်.. ၊ စတော်ဘယ်ရီသီးတွေ လာပို့တာ ..။ မောင်လွမ်းဝေနဲ့တွေ့လို့ စကားကောင်းနေတာ ”
“ အေးအေး.. ဆိုင်ကယ်ကို ဂရုစိုက် စီးနော် ”
အစ်မခမ်းဖြူက မမနွယ်ကို နှုတ်ဆက်အပြီး ကျွန်တော့်ကို အဓိပ္ပါယ် ပါသော အကြည့်နှင့် ကြည့်ကာ
“ မောင်လွမ်းဝေ တောင်ကြီးမှာ အခြေချမလို့လား ” ဟု ခပ်ပြုံးပြုံးနှင့် မေးသည်..။ ခွန်နောင်ကတော့ ကျွန်တော့်ကို စပ်ဖြီးဖြီးကြည့်နေသည်..။ ခွန်းမောင်းပေးကတော့ ......
“ ဟေးဟေးးးးးးး တောင်ကြီးမှာ အခြေချရင် အဆင်ပြေတာပေါ့ကွာ ၊ ငါတို့လည်း တယောသံလေး အမြဲနားထောင်ရတာပေါ့ ”
“ အစ်ကိုကလည်း သူက တီးရင်းတီးပြ အစ်ကို့ကို ဆိုတီးပြပါ့မလား .. တခြားသူကို ဆိုတီးပြမှာပေါ့ .. ”
ခွန်နောင့် စကားကြောင့် အားလုံး ၀ိုင်းရယ်ကြသည်..။ကျွန်တော်ပါ ရောယောင်ပြီး ရယ်လိုက်မိသည်...။ရယ်လိုက်စဉ်မူ
လန်းလန်းပျရွှင် ကျွန်တော့်ရင်ဝယ် တွယ်ငင်ပတ်ရစ် သံယောဇဉ်နွယ်တို့ ရစ်လေပြီဟု သတိပြုမိလေသည်.....။
သတိပြုခဲ့မိပါလေသည်..........။
ဆန္ဒမွန်ဖြင့်........လွမ်းနောင်...။
Labels:
ဝတ္ထုရှည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။