Thursday, 10 November 2011
တန်ဆောင်ညရဲ့ မောဧကရီ ( အပိုင်း ၁ )
ရောက်လာပြန်ပါပြီ....။ ဒီရာသီနဲ့ ဒီအချိန်.....။ ရှောင်လွှဲလို့မရတော့လည်း ခက်သည်..။ အတိတ်တစ္ဆေကကျွန်တော့်ကို ချောက်လှန့်နေဆဲ........။ မေ့ပျောက်သင့်ပြီ ဖြစ်ပေမယ့် ဒီအချိန်ရောက်ရင် စိတ်တို့က ကဆုန်စိုင်းသည့် မြင်းရိုင်းနှယ်...။ ချုပ်ထိန်းလို့မရ .။ အကွပ်မဲ့ကြမ်းပမာ .၊ ပရမ်းပတာ ဆန်လွန်းသည်....။ကျွန်တော့်ကိုယ် ကျွန်တော် ရင့်ကျက်ပြီ ဟု ထင်သမျှ ဒီအချိန်ကျရင်တော့ သဲထဲရေသွန် အထင်တို့ မှောက်မှားကုန်၏ .....။ တန်ဆောင်မုန်း.....၊ တန်ဆောင်တိုင်.....။ရွှန်းဖိတ်လွန်းတဲ့ လမင်း ၊ ငွေနှင်းကတော့
မှုန်မှုန်ကျနေသည်..။ ဟိုတုန်းက..........အင်း.......ဟိုစဉ်တုန်းက...ဒီအချိန် ဒီရာသီပင်ဖြစ်သည်........။
.xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ ဟေ့ကောင် လွမ်းကြီး ထတော့ ”
အသံနဲ့အတူ လူကို လှုပ်နှိုးလိုက်တာမို့ ကျွန်တော် နိုးလာသည်..။ နာရီကို ကြည့်လိုက်တော့ ၈နာရီ ထိုးတော့မည်.။ခရီးပန်းလာတာရော ဒေသရဲ့ အအေးဓာတ်ကြောင့်ရောမို့ထင်သည်..။ ညက တော်တော်လေး
အိပ်ကောင်းသည်....။
“ ဟေ့ကောင် ငေးမနေနဲ့ မျက်နှာသစ်တော့ မနက်စာစားရအောင် ၊ ငါထမင်းစားခန်းကနေ စောင့်နေမယ် ”
ပြောပြောဆိုဆို ခွန်နောင်က ထွက်သွားသည်.။ ကျွန်တော်လည်း မျက်နှာသုပ်ပ၀ါ ၊ သွားတိုက်ဆေး သွားတိုက်တံတို့ ယူပြီး မျက်နှာသစ်ရန် ထွက်လာခဲ့သည်...။
“ အားးးးးးး”
ဆောင်းဦးဝင်စ တောင်ကြီးမနက်ခင်းရဲ့ ညှင်းလေက လူကို တို့ထိကျီစယ်သည်.။ နှင်းမြူနှင်းပွင့်တို့က ပတ်ဝန်းကျင် တစ်ခုလုံးကို သင်တိုင်းကြီးသဖွယ် ကာထားသည်.။ အိမ်ရဲ့ မျက်စောင်းထိုးမှ ချယ်ရီပင်ကြီးက နှင်းပွင့်တွေကြားတွင် အားမာန်ကိုတင်း ငွေနှင်းရဲ့ အအေးဒဏ်ကို အာခံရင်း နေထွက်အရုဏ်ကို မျှော်နေပုံ..။
စည်းရိုးဘေးနှင့် အိမ်ဘေးမှ စွယ်တော်ပင်ပျိုတို့ကား အေးရှာ၍ ထင်သည်..။ တစ်လွှာနှင့် တစ်လွှာ ရင်ချင်းအပ်၍
အအေးဓာတ်ကို အံတုနေသယောင်..။ ပင်ပျိုတို့ထက်တွင်ကား ..ငှက်ပျိုတစ်သင်း ဆိုသီချင်းနှင့် မနက်ခင်းတေးကို သံချိုဆိုတေး အိုအေ့အေး ကျူးရင့်နေသည်....။ ကွယ် ......ဖြစ်သေးပါဘူး..မျက်နှာသစ်ပါမှ..။
သွားတိုက် မျက်နှာသစ်ပြီး ထမင်းစားခန်းဘက်ကို ကူးလာခဲ့သည်.။ မနေ့ကမှ ရောက်တာဆိုပေမယ့် ခွန်နောင်တို့ အိမ်က ကျွန်တော့်အတွက် သူစိမ်းဆန်မနေပါ..။ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ ခွန်နောင်က
သဘောကောင်းသလို ခုမှတွေ့သည့် သူရဲ့အစ်မ ဒေါက်တာခမ်းဖြူနဲ့ ခွန်နောင့်ရဲ့အမွှာအစ်ကိုဖြစ်သူ ခွန်မောင်းပေးကလည်း
ဖော်ရွေပွင့်လင်းသည်..။ ထမင်းစားခန်းရောက်တော့ ခွန်နောင် စောင့်နေတာ တွေ့ရသည်.။ ကျွန်တော့်ကိုမြင်တော့ ......
“ လွမ်းကြီး လာကွာ အစ်မက ဆေးရုံသွားပြီ..၊ အစ်ကိုကလည်း ပွဲရုံသွားပြီ ၊ မင်းနဲ့ငါပဲ ကျန်တော့တယ်..။
လာ တို့ဟူးနွေး စားလှည့်.....”
ခွန်နောင်နဲ့ နှစ်ယောက်သမား မနက်စာအဖြစ် တို့ဟူးနွေး လွေးသည်..။ စားလို့တော့ ကောင်းလှသည်..။
စားပြီးတော့ ခွန်နောင်က
“ ဒီနေ့ နေ့လည်ပိုင်း တို့တွေ လျှောက်လည်ကြမယ်..၊ ညနေနဲ့ ညပိုင်းတော့ တန်ဆောင်တိုင်ပွဲခင်းဘက်
လျှောက်မယ်လေ ”
ထိုနေ့က တစ်နေ့လည်လုံး လျှောက်လည်ကြသည်..။ ညနေပိုင်းမှ ပြန်ရောက်သည်..။ အိမ်ရောက်တော့ ဒေါက်တာခမ်းဖြူတော့ မရောက်သေး ..။ ခွန်းမောင်းပေးတော့ ရောက်နေလေပြီ..။ရေမိုးချိုးပြီးသည်နှင့်
ခွန်မောင်းပေးက
“ လာဟေ့ ထမင်းစားရအောင် ၊ လွမ်းဝေကို ဒေါ်ကြီးနန်းလက်ရာ ရှယ်ကျွေးမယ် ၊ အစ်မကတော့ ဟိုဘက်လမ်းထဲနေရစ်တယ်..။ နည်းနည်းနောက်ကျမယ်ပြောတယ်..။ စားနှင့်တဲ့..”
ဒေါက်တာခမ်းဖြူကို မစောင့်တော့ပဲ သုံးယောက်သား ညစာ စားလိုက်သည်..။ စားပြီးတော့ ခွန်နောင်က ကျွန်တော့်ကို ချယ်ရီပင်ကြီးအောက် ခေါ်လာသည်..။ ခွန်းမောင်းပေးက ခဏဆိုပြီး ပျောက်သွားသည်..။
အတန်ကြာမှ လက်ထဲမှာ တယောတစ်လုံးကို ပိုက်ပြီး ပြန်ပေါ်လာသည်..။
“ ဟေးးးးးးလွမ်းဝေ မင်းတယောထိုးကောင်းတာ ခွန်နောင် အမြဲပြောတယ် ၊ ဒီညတော့ မင်းရဲ့ တယောသံ နားထောင်ချင်လို့ တမင်ကို တယောငှားလာတာ..၊ တန်ဆောင်တိုင်ပွဲကိုတော့ အစ်မလာမှ သွားလည်မယ် ၊
လောလောဆယ် ထမင်းလုံးစီရင်း မင်းရဲ့တယောသံလေး နားထောင်မယ်ကွာ ဖြစ်တယ်မို့လား ”
ကျွန်တော့်ဆီကို တယောထိုးပေးရင်း ခွန်မောင်းပေးအပြောကြောင့် ခဏတော့ ကြောင်သွားသည်..။ အတန်ကြာမှ ပြုံးပြပြီး “ ဘာကြောင့် မဖြစ်ရမှာလဲ ခွန်ကြီးရယ် ” လို့ ပြန်ပြောရင်း တယောဆီ လက်လှမ်းလိုက်သည်.။။။
အသံကို အရင်စမ်းပြီး စိတ်ကြိုက် ညှိသည်..။ လဆန်း၈ရက်ရဲ့ လကွေးက သာနေသည်..။ ကြယ်စင်တို့ကလည်း
ကောင်းကင်ထက်မှာ လင်းလက်တောက်ပနေသည်..။ “ သဘင်ရွှေရည် ၀င်းလဲ့စည်ခိုက် ” ဒီစကားလေးက ရင်ထဲမှာ ပေါ်လာသည်..။ ကောင်းကင်မှာ သဘင်ရွှေရည် ၀င်းလဲ့စည်နေသည်..။ ဒီအချိန်လေးမှာ တယောထိုးရမည်..။ ငွေးနှင်းကမှုန်မှုန်..အဟင်းးး......ကဗျာတော့ အဆန်သား..။
တစ်ယောက်တည်း တွေးပြီး ပြုံးလိုက်ရင်း..
“ သီချင်းကြီး တစ်ပုဒ် တီးပြမယ် နားထောင်ကြည့်.. ”
ခွန်နောင်နဲ့ ခွန်းမောင်းပေးက ကျွန်တော့်ဘေးတွင် ထိုင်ရင်း တယောသံကို ကြိုလင့်နေသည်..။
တယောသံက နွဲ့နွဲ့လေး ထွက်ပေါ်လာသည်..။ လက်တို့က ဂီတရေအလျဉ်ရဲ့ ခေါ်ဆောင်ရာကို စီးမျော လိုက်ပါနေသည်..။ အတွေးထဲမှာလဲ ဘာမှမရှိ..။ ဆောင်းနှင်းရယ် ကိုယ်ရယ်..တယောသံ သွဲ့သွဲ့ နွဲ့နွဲ့လေးရယ်... ဒါပဲ ရှိသည်...။။။။။။။။တီးရင်းမှ သီချင်းကိုလည်း ဆိုမိသည်.......။
ဆောင်းနတ်မယ်လျ xxxxx မြောက်ဆီကသာ xxxကင်းစလေဦး xx မြူးကာ ကကာ xx ခြုံလွှာငွေနှင်းပွင့်ကို လွှင့်ကာလွင့်ကာခြွေလို့ xx တစ်ကိုယ်ရေပင်ပန်း... မောင့်ကိုပက်ဖျန်း xx
အကျီစယ် ကြမ်းလှတယ်...အကျွမ်းမ၀င်ခင်မို့ ..xxx ဆောင်းဘုရင်မလေးရဲ့ ထွေးပိုက်တဲ့ ရင်ခွင်အလယ်ဝယ်.. တုန်ကာနွမ်း...xxx ပန်းလျလျ ခက်ပြီနော်ကွယ်...xxx အသက်ရှူမှားအောင်..
ကစားကာ မြှူတယ်...xxx ပျော်နိုင်ပဲ..xxx စက်လည်းဆောင်ကြာလယ် ..xx ဆောင်းဦးပျိုမြစ်...
မူရာစုံကြွယ်..xx အချစ်စမ်းတာလား ..သနားစေချင်ပါတယ်...xxx....။
မျှော်ကာမှန်းဆ .......ချမ်းမြမြ တုန်ပြီနော်ကွယ်...xxx ဆောင်းနတ်မယ် ရင်ခွင်မှသာ ..xxx ကယ်တင်လာစေချင်ပါတယ်..xxx ဖော်ကွာဝေးလေသူမယ် ..xxx ကူညီမယ့်ဆွေ မမြင်ချေသေးတော့တယ်..xxxxxxxxxxxx
ဖူးစာပိုင် နတ်များရယ်...xx ပစ်ထားကာ သွေဖီရှောင်ဖယ် ..xxx ဘယ်မာန်ငြိုလေတယ်..xxx ငြိုးရက်တော် မူနိုင်ပါပေ့တယ်..xxxxxxx ခွါပြာညိုသင်းတဲ့..xxx ဒီဆောင်းတွင်းရဲ့ နှင်းလျမပျယ်ခင်ဝယ်...xxx ရွှေရင်အုံငွေ့ကို ..ကြုံတွေ့ဖွယ်....အချစ်ကံ ..ဖန်ခဲတယ်.....xxx..။
စာဆိုရှင်ကတော့ မြင်တတ်သည်....။ ဆောင်းနတ်မယ်ရဲ့ ကျီစယ်တို့ထိမှုကို လှပစွာ စပ်ဆိုသွားသည်..။
သီချင်းညည်းပြီး...တယောသံချည်းပဲ ထပ်ကျော့သည်........။ တယောသံ ဆုံးသွားသည်နှင့် လက်ခုပ်သံများ
ပေါ်လာသည်..။။။လက်ခုပ်သံက နှစ်ယောက်တည်း တီးသော အသံမဟုတ်...။ ကြည့်လိုက်တော့ ခွန်နောင် ခွန်းမောင်းပေးတို့အပြင် ဒေါက်တာခမ်းဖြူ..၊ ဒေါက်တာခမ်းဖြူရဲ့ နောက်တွင်တော့.....
လှသည်..။ အရပ်က မပုလွန်း မရှည်လွန်း..၊ မျက်သားတို့က အပြာဘက်လု၍ မျက်လုံးတို့က နက်သည်.။
ရှည်လျားနက်မှောင်သော ဆံနွယ်တို့က ကျောလယ်လောက်ထိရှိပြီး အဖျားတို့က ကော့ပျံနေသည်..။
အသားက အ၀ါဘက်ယိမ်းသည်...။ဟိုသင်း..တင့်စိုရွှေသား၊ ရွှေစင်လားကွဲ့၊ ရွှေစင်မှဲ့ဖြင့် ၊ယဉ်ခဲ့တပြန် ၊
ယဉ်တဟန်ကို ၊ ယှဉ်ရန်နှိုင်းကြည့် ၊ ဘက်မရှိပြီ... ဆိုသော အလှမျိုး....။အသက်ကတော့ နှစ်ဆယ့်ငါးနှစ် ပတ်ဝန်းကျင်လောက်ပင်...။
အတွေးထဲမှာ ငယ်စဉ်က သင်ခဲ့ဖုးတဲ့ ပါဠိလေးကို တစ်ခုကို သွားသတိရသည်..။
သရဒံ ဥတု ကာလာနံ ၊ ဘရိယာနံ ရူပ၀တီ ၊ တဲ့..။
အနက်ကတော့ ကာလာနံ ၊ ကာလတို့တွင် ။ သရဒံဥတု ၊ တန်ဆောင်မုန်းလ သရဒဥတုသည် ။ ပဓာနံ ၊မြတ်၏။
ဘရိယာနံ ၊ မယားတို့တွင် ၊ ရူပ၀တီ ၊အဆင်းလှသော မိန်းမသည် ။ ပဓာနံ ၊ မြတ်၏ ။
ဟု ဆိုသည်..။ ထို့အတူပင် လမင်းမှ ကင်းသောညသည် မတင့်တယ်ဟုလည်း ဆိုသည်..။ ခုတော့ လမင်းလည်းရှိတော့ ညကတင့်တယ်သည်..။ ညကတင့်တယ်သလို လကလည်း တန်ဆောင်မုန်းလ.၊ သရဒဥတု ၊
မယား.....။ မယားမဟုတ်သော်လည်း ...ရှေ့မှာ မြင်ရသည့် အမျိုးသမီးသည် အလွန်လှသည်..။
တင့်တယ်သောည..။ ကောင်းမြတ်သောလ..။ ထိုသို့လျှင်... ဆောင်းရဲ့ညရေး လကွေးကွေးအောက် ရွှေရေးရုပ်သွင် နတ်တို့ဆင်သည့်...အလှရဲ့ဘုရင် အယဉ်ရဲ့ထိပ်ထား ရွှေသားနူးညံ့ ၀င်းဖန့်ဖန့်ကို သင်းပျံ့လေချို ချယ်ရီနှင့် စွယ်တော်ပင်ပျိုတို့ကြားတွင် တန်ဆောင်ညရဲ့ မောဧကရီအဖြစ် ကျွန်တော် တွေ့ခဲ့ရပါသည်......။ အော်....တွေ့ခဲ့ရပါသည်.....။
“ လွမ်းဝေရေ ဒါ အစ်မတို့ဆေးရုံက ဒေါက်တာ နန်းနွယ်တဲ့ ၊ နန်းနွယ် ဒါ မနေ့ကပဲ မန္တလေးကနေ ရောက်လာတဲ့ မောင်လေးခွန်နောင့် သူငယ်ချင်း ကဗျာဆရာ ကိုလွမ်းဝေ တဲ့...”
ဒေါက်တာခမ်းဖြူ၏ မိတ်ဆက်ပေးသံ အဆုံး ဒေါက်တာနန်းနွယ်၏ မျက်လုံးလေးက ပြူးကျယ်ဝိုင်းစက်သွားသည်.။ နှုတ်ခမ်းလေးက ခပ်ဟဟလေး ဖြစ်သွားသည်..။ အတန်ကြာမှ.......
“ မမေ့ဖွယ်တည့် ၊ သက်လှယ်မောင့်ချစ်
ကျွမ်းငယ်စစ်ကို ၊ လှစ်ဟချစ်ခွန်း
မဆိုတမ်းနိုင် ၊ ယိုယွင်းအခြေ
မခိုင်လေသောကြောင့်. ”
ကျွန်တော် အံသြရပြန်သည်..။ ဒေါက်တာနန်းနွယ်၏ အသံလေးက ချိုရှရှနဲ့ တမျိုးလေး နားထောင်လို့ကောင်းသည်..။ သို့ပေမယ့် ကျွန်တော် အံ့သြတာက အသံကြောင့်မဟုတ်..။ သူမ ရွတ်ပြလိုက်သော ကဗျာကြောင့်ဖြစ်သည်..။ ဒီကဗျာလေးက မဂ္ဂဇင်း တစ်ခုမှာ ဖော်ပြပြီး ဖြစ်သော ကျွန်တော့် ကိုယ်တိုင်ရေး ကဗျာလေးဖြစ်သည်..။ ကိုယ်ရေးသော ကဗျာလေးကို ခုလို ရွတ်ဆိုပြတော့လည်း
ရင်ထဲမှာ ကြည်နူးရပြန်သည်..။
“ မောင်လွမ်းဝေက ကဗျာရေးကောင်းသလို အဆိုအတီးလည်း ပိုင်သားပဲ..”
ကျွန်တော် အသာပင် ပြန်လည်ပြုံးပြလိုက်သည်...။ ဘာမှတော့ ပြန်မပြောမိ..။
“ ကဲကဲ လူစုံရင် တန်ဆောင်တိုင်ပွဲ လျှောက်လည်ကြမယ်ဟေ့..”
ပြောပြောဆိုဆို ခွန်နောင်က ထိုင်ရာမှ ထလိုက်သည်မို့ ကျွန်တော်နှင့် ခွန်မောင်းပေးလည်း အသာထလိုက်သည်.။ ခွန်မောင်းပေးက တယောကို လှမ်းယူရင်း အိမ်ထဲအရင်ဝင်သွားသည်..။ ကျွန်တော်အပါအ၀င် အစ်မခမ်းဖြူ ၊ ခွန်နောင်နှင့် မမနွယ်တို့ သုံးယောက်လည်း လျှောက်လည်ရန်ထွက်လာခဲ့သည်..။ ပြန်တွေးကြည့်မှ ကိုယ့်ကိုယ်ကို ရယ်ချင်သည်..။ မမနွယ်..အဟင်းးးးးး
ဒီနာမည်က ဘယ်လိုက ဘယ်လို ပါးစပ်ဖျား ရောက်လာပါလိမ့်...။
ထိုနေ့က တန်ဆောင်တိုင်ပွဲလည်ရသည်မှာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါ..။
ပထမဆုံးအကြိမ် လည်ရသည်မို့ အထူးအဆန်းဖြစ်သလို...အနားမှာ ဒေါက်တာနန်းနွယ် ပါသောကြောင့်လည်း
တမျိုး ရွှင်လန်းရပြန်သည်..။ ခွန်နောင်ကတော့ ကျွန်တော့်ကို ရှင်းပြရင်း မြူးနေသည်..။
မီးပုံးပျံများမှာ ပြိုင်ပွဲဝင် မီးပုံးပျံများဖြစ်သည်မို့ အလွန်လှသည်..။ မီးပန်းများ ဖောက်တာကလည်း စနစ်ကျလှပလွန်းသည်..။
“ ဟကောင်ရေ.. အခန့်မသင့်လို့ မီးပုံးပျံ ပျက်ကျရင်တော့ လွတ်အောင်သာပြေးဟေ့..၊ တော်နေ တောင်ကြီးလာမှ ခွန်နောင်သူ့ကြောင့် တရေးမှောင့်တယ် ဖြစ်နေဦးမယ် ”
ခွန်နောင့်အပြောကြောင့် ရယ်ရပြန်သည်..။ ပြန်လာကြတော့ မမနွယ်ကို အရင်လိုက်ပို့ကြသည်..။ ဒီတော့မှ သိရသည်က မမနွယ် နေသည်မှာ ခွန်နောင်တို့နှင့် တစ်လမ်းကျော်မှာပင် ဖြစ်သည်ကိုပင်..။ အိမ်ပြန်ရောက်တော့ ကျွန်တော့် မျက်လုံးတွေက ကြောင်နေသည်.။ မမနွယ်ရဲ့ လှုပ်ရှားမှုတို့က မျက်ဝန်းရိပ်ဝယ်
တိတ်တိတ်လေးပေါ်လာလိုက် ပျောက်သွားလိုက်နှင့်..။ ခွန်နောင် အိပ်သွားသည့်တိုင် ကျွန်တော် အိပ်မပျော်သည်မို့ အပြင်ဖက် ထထွက်လာသည်..။ ချယ်ရီပင်ပျိုအောက်တွင် ထိုင်ရင်း အတွေးနယ်ချဲ့မိသည်..။ ကောင်းကင်မှာတော့ လမင်းနဲ့တိမ်မှုန် လေအဟုန်မှာ ရင်ခုန်မောလှိုက် လိုက်တမ်းပြေးတမ်း အချစ်စမ်းကစားနေသယောင်...။ ကျွန်တော့်အဖြစ်သည်ကရော .......။ ကျွန်တော့်အဖြစ်က ဆောင်းညရဲ့ တိမ်မှုန်ပမာ..။ရေရာမှုမရှိ..။ မျောလွင့်ချင်တိုင်း မျောလွင့်နေသည်..။ လမင်း..လမင်းကရော...
ဘုရား..ဘုရား.......။ ရင်ထဲမှာ လင်းနေသည်..။ နှင်းငွေ့တိမ်မှုန်တို့ကြားမှ လမင်းက ပေါ်လာသည်..။
ကျွန်တော့်ရင်ထဲမှာကော...။လမင်းပေါ်နေသည်...။ ရိပ်ရိပ်ကလေး.......ဘ၀လမင်း..။ကျွန်တော့်ဘ၀လမင်း...။
အော်......ကျွန်တော့်ဘ၀လမင်းက ရင်ထဲမှာ ရိပ်ရိပ်ပေါ်နေပါသည်....။
ဆက်လက်ဖော်ပြပါမည်....။
ဆန္ဒမွန်ဖြင့်........လွမ်းနောင်....။
Labels:
ဝတ္ထုရှည်
Subscribe to:
Post Comments (Atom)
မျှော်နေတယ်ဗျို့  .. :D
ReplyDeleteခင်မင်စွာဖြင့်
April