ကျုပ်ရဲ့ ပတ်ဝန်းကျင်မှာ မြွေပွေးတို့ ၊အနာကြီးရောဂါတို့ ၊ ဒါမှမဟုတ် တယောသံနွဲ့နွဲ့လေးတို့
တွေ့ရ ကြားရတိုင်း ..ကျုပ်ကတော့ တစ်ချိန်က ကျုပ်ရဲ့ အချစ်ဆုံး သူငယ်ချင်း ငတင့်ကြီးကို
ပြေးမြင်နေမိတော့တာပါပဲ….။ကြာတော့လည်း ကြာခဲ့ပါပြီ…၊ ဒါပေမယ့် အဖြစ်အပျက်တွေက
ပြန်စဉ်းစားလိုက်တိုင်း ကွက်ကွက်ကွင်းကွင်း ရှင်းလင်း ပြက်သားနေဆဲပါပဲ……။။
************************************
သူ့အရပ်က ခပ်ပုပု ၊ မရိတ် မသင်တာ ကြာပြီဖြစ်တဲ့ ပါးသိုင်းမွှေးတွေက
သူ့မျက်နှာကို အကျည်းတန်စေတယ်လို့ ကျုပ်ထင်တယ်..၊ နောက်ပြီး ရှည်လွန်းတဲ့
သူ့ဆံပင်တွေကလည်း
အကျည်းတန်နေတဲ့ မျက်နှာတစ်ခုလုံးကို ဖုံးအုပ်နေတယ်..၊ ပုဆိုးတိုတို ၊ ဖာရာ ချုပ်ရာဗရပွ အင်္ကျီ
သူ့ပုံစံက မသိရင် အရူးတစ်ယောက်လိုလို ဘာလိုလို..၊ ပြောရဦးမယ်….သူက မင်းသားဗျ..၊
ဟာဗျာ ။ နေတိုးတို့ ပြေတီဦးတို့လို မင်းသားတော့ဘယ်ဟုတ်မလဲဗျ ။ သူ့ရုပ်နဲ့ ဒီလိုမင်းသားလုပ်လို့ ဖြစ်မှမဖြစ်တာ ။
အဲ ..။ လူကြမ်းမင်းသားလည်း ဟုတ်ဘူးဗျ ။ ကြားဖူးတယ်မို့လား ။စကားပုံလေးလေ ။
သောက်သောက်စားစား လူမင်းသားဆိုတာလေ ။ သူက အဲ့လိုမင်းသားဗျ ။သူ့ကို
ကျုပ်တို့ကတော့ ငတင့်လို့ ခေါ်ကြတယ်..၊ အဲ့…..ကျုပ်ကလည်း သူ့လိုပဲ
မင်းသားဆိုတော့ ဘာပဲပြောပြော ဒီဇာတ်လမ်းက
မင်းသားနှစ်လက် ဆိုတာလိုပေါ့ဗျာ…၊ ငတင့်နဲ့ ကျုပ်က ငယ်ပေါင်းတွေဗျ…၊
ဒီကောင်က ငယ်ငယ်လေးတည်းက ဆင်းရဲတယ်..၊ ဒါကြောင့်ပဲ လေးတန်းအောင်ပြီး
သူ့ကို သူ့အမေက ကျောင်းထုတ်ခဲ့တာပေါ့…..၊ နောက်တော့ ဒီကောင် လယ်ထဲမှာပဲ
ကြီးရတော့တာပါပဲ..၊
ခုတော့ သူ့အမေလည်း မရှိတော့ဘုး..၊ သူ့အဖေကတော့ ဒီကောင် ငယ်ငယ်လေးတည်းက ဆုံးသွားတာဗျ၊
အမေသေကတည်းက တေပေလာတာ ခုချိန်ထိပဲ…၊ သူ့မှာ ပိုင်ဆိုင်တာဆိုလို့ တယောအိုလေး တစ်လက်ရယ် ၊ တန်းလျား နှစ်ချပ်သာ ရှိပြီး
အိမ်မရှိတဲ့ ခပ်ကျဉ်းကျဉ်း အိမ်ဝိုင်းလေး တစ်ခုပဲ ရှိတော့တာ..။
တစ်ခါတလေတော့လည်း မူးလာပြီး သူ့အိမ်ဝိုင်းလေးထဲမှာ ကျုပ်တို့နှစ်ယောက် အတူတူ အိပ်ဖြစ်တယ်..၊
ဆိုးတော့ ဆိုးဘူးဗျ..။ ကျုပ် ကိုယ်ချင်း မစာလို့ ပြောတာ မဟုတ်ဘူး..၊
အိမ်မရှိတဲ့ အရသာကလည်း တစ်မျိုးကောင်းလေးဗျ..၊ အိပ်ရင် ကြယ်ရောင် လရောင် အားလုံးကို
မြင်နေရတယ် ၊ အဆုံး အစမရှိတဲ့ ကောင်းကင်ကြီးကိုကြည့်ပြီး ကြယ်လေးတွေ ရေတွက်ရင်း
အိပ်ရတာ တစ်မျိုး ကဗျာဆန်သား.၊ ပြောရဦးမယ် ဒီကောင်က လူကသာ ပေတေပြီး ကြမ်းသလိုလို
ရှိတာ ၊ စိတ်ကတော့ နုရှာသား ၊ နောက်ပြီး အနုပညာ မာနလည်း ရှိတယ်လို့ ပြောရမယ်ဗျ..၊
အော်……မေ့လို့..သူ တယော ထိုးတတ်တာ ခင်ဗျားကို မပြောရသေးဘူး….၊ ဒီကောင်
တယောထိုးကတော့ တော်တော် တော်တယ်ဗျ…၊ လသာညတွေမှာဆို အရက်နည်းနည်းပဲ
သောက်ပြီး တန်းလျာပေါ် ထိုင်ပြီး
သူ တယောထိုးရင် ကျုပ်ဖြင့် ငိုချင်စိတ်တောင် ပေါက်ပေါက်လာတယ်…၊ ဒါပေမယ့်
ပိုက်ဆံပေးပြီးတော့ ထိုးခိုင်းတာတို့ ဘာတို့တော့
သွားမလုပ်လေနဲ့ဗျို့..ထပြီးပေါက်ကွဲတော့တာပဲ…၊ သူ စိတ်ပါရင် ဘယ်နေရာနေနေ
လိုက်ပြီး ဆိုတီးပေးပေမယ့် သူစိတ်မပါရင် သိကြားမင်း လာခိုင်းတောင်
မလုပ်ဘူး..
ဆိုတဲ့ ကောင်ဗျ….၊ နောက်ပြီး သူ အမြဲပြောတဲ့ စကားတစ်ခွန်း ရှိသေးတယ်…၊
“ ဂီတကို ဖျော်ဖြေမှုသက်သက်အတွက် ခံစားကြသူတွေ..ကို မုန်းတယ်..၊ အဲ့ဒီထက် ဂီတကို ခုတုံး
လုပ်ပြီး စီးပွါးရေး လုပ်တာကို ပိုမုန်းတယ် ..” တဲ့…….။
သူပြောတဲ့ စကား ကျုပ် သေချာတော့ နားမလည်လှပါဘူး..၊ ဒီကောင်က အဲ့လိုပဲ….တစ်ခါ တစ်ခါ
စကားအဆန်းတွေ ပြောတတ်တယ်ဗျ..၊ သြော်…..မိုးရွာတဲ့ အခါလား…..၊ မခက်ပါဘူးဗျာ….၊
ဒီကောင်က မိုးရွာတဲ့ညဆို ရွာမြောက်ဘက်က ကျောင်းပျက်ကြီးထဲသွားပြီး ဘုရားလိုဏ်ခေါင်းထဲ
အိပ်တော့တာပဲ……..။
***********************************
“ နုနုဝင်း နေမကောင်း ဖြစ်နေတယ် ..” တဲ့…..။
သတင်းက တစ်ရွာလုံး ပျံ့နေပြီ..၊ မှန်တာ မမှန်တာတော့ ဘယ်သူမှ အသေချာ မပြောနိုင်ကြသေးဘူး..၊
နုနုဝင်းဆိုတာက ရွာလူကြီး သမီးဗျ.. ၊ လှတာကတော့ တော်တော့ကို လှတဲ့ မိန်းကလေး…၊
ရွာက ကွမ်းတောင်ကိုင်လေးပေါ့ဗျာ…၊ ရွာထဲက ကာလသားတွေကလည်း သူ့ကို စိတ်မ၀င်စားတဲ့သူ
မရှိသလောက်ပဲ…၊ ကာလသားတွေဆိုမှတော့.. ကျုပ်နဲ့ ငတင့်လည်း ပါတာပေါ့ဗျ..၊
ခု တစ်ရွာလုံးရဲ့ အချစ်တော်လေး နေမကောင်းတာဆိုတော့ “ ဘာဖြစ်လို့လဲ..” ဆိုတဲ့ စိုးရိမ်စိတ်တွေ
ကိုယ်စီနဲ့ ဖြစ်နေကြတယ်…။ စောစောပိုင်းကတည်း သိပ်နေမကောင်းဘူး လိုလို အသံတွေ ထွက်နေတာ.၊
ကျုပ်တို့လည်း စိုးရိမ်စိတ်နဲ့ သူကြီး အိမ်ဘက် လှမ်းလာခဲ့တယ်..၊ တစ်ရွာလုံး အချစ်တော် ဖြစ်တာရော
သူကြီးသမီး ဖြစ်တာရောကြောင့် ထင်တယ်..၊လူမမာ မေးတဲ့သူတွေ တော်တော်များသားဗျ..၊
ကျုပ်တို့လည်း နုနုဝင်းကို ၀င်ကြည့်တော့ ကောင်မလေး အခြေအနေက တော်တော်ဆိုးနေပုံပဲဗျ..၊
အနားမှာက ဆေးဆရာကြီး ဘကြီးဖိုးအောင်နဲ့ နုနုဝင်း အဖေ သူကြီး ကိုဖိုးအေးပဲ..ရှိတယ်…၊
သူကြီးကတော် မခင်သန်းကတော့ လာမေးတဲ့ သူတွေကြား အလုပ်များနေလေရဲ့…၊
“ ကိုဖိုးအောင် သမီးလေးရဲ့ အခြေအနေ ဘယ်လိုရှိလဲ..”
“ မစိုးရိမ်ပါနဲ့ ဘာမှ မဖြစ်ပါဘူး…”
သူကြီးရဲ့ အမေးကို ဖြေတဲ့ ဘကြီးဖိုးအောင်ရဲ့ အဖြေကို ကြားလိုက်ရတော့မှ ရွာသူ ရွာသားတွေလည်း
သက်ပြင်း ကိုယ်စီချနိုင်တော့တယ်..။ဟုတ်တယ်လေ ။ နုနုဝင်းရဲ့အခြေအနေက သူပြောသလောက် မကဘူးဆိုတော့ ကျုပ်သိတာပေါ့။
သိဆို ကျုပ်ကလည်း တိုင်းရင်းဆေးကို မတောက်တခေါက်တော့ လေ့လာဖူးတာကိုးဗျ ။
ဒါနဲ့ ကျုပ်လည်း ငတင့်ကို ခေါ်ပြီး ရွာလူကြီးနဲ့ ဘကြီးဖိုးအောင် သွားတဲ့ဘက်
လိုက်သွားတယ် ။
“ နုနုဝင်း ဖြစ်နေတာ အနာကြီးရောဂါဗျ ၊ ရွာသူ ရွာသားတွေကိုလည်း
ကိုဖိုးအေးတို့က သိစေချင်မှာ မဟုတ်ဘူး.. ။ ကြာကြာလည်း
ဖုံးထားလို့ရမှာမဟုတ်ဘူးဗျ ”
ကြားလိုက်ရတဲ့ စကားက ကျုပ်အထင်ကို ထောက်ခံပေးလိုက်တာပဲ ။ကျုပ်နဲ့ ငတင့်လည်း ဘကြီးဖိုးအောင်တို့နောက်ကနေ ချောင်းနားထောင်တယ် ။
နည်းနည်းအလှမ်းဝေးတော့ အကုန်တော့ မကြားရဘူးဗျ ။ ရွာလူကြီးကို ပြောတဲ့ ဘကြီးဖိုးအောင်ရဲ့
စကားထဲမှာ ဆေးဆိုတာလည်းပါတယ် ။ မြွေပွေးဆိုတာလည်း ပါတယ် ။ နောက်တော့
သူတို့ထွက်သွားတယ်ဗျ ။ ကျုပ်နဲ့ ငတင့်လည်း အိမ်ကိုပြန်လာခဲ့တယ် ။ လူကသာ
အိမ်ပြန်တာ စိတ်ကတော့ ဘကြီးဖိုးအောင်ပြောတဲ့ စကားအစ အနတွေကို
ဆက်စပ်ကြည့်မိတယ် ။
နောက်မှ ကျုပ်ခေါင်းထဲ ပေါ်လာတာက အနာကြီး ရောဂါသည်တွေ အတွက် ဆေးမြီးတို
တစ်ခုကို သတိရမိတယ် ။ ဟုတ်တယ်ဗျ ။ မြွေပွေးဆိုတာ အနာကြီးရောဂါသည်တွေအတွက်
အတော်ကောင်းတဲ့ ဆေးလို့ ကြားဖူးတယ်ဗျ ။ မြွေပွေးကို ဟင်းချက်ပြီး အငွေ့ခံ
၊ အသားစားရင် ပျောက်တယ်လို့ ကြားဖူးတယ် ။ဘကြီးဖိုးအောင် ဒါကိုပဲ
ဆိုလိုတာလို့ ကျုပ်ထင်တယ် ။
ငတင့်ကို ဒီအကြောင်းပြောပြတော့ ငတင့်က တွေတွေကြီး စဉ်းစားနေတယ် ။
အဲ့ဒီနေ့က အရက်သောက်ဖို့ သွားခေါ်တော့ ကြားသားမိုးကြိုးဗျာ ။
မသောက်တော့ဘုးတဲ့ဗျ ။
ကျုပ်အရက်သောက်ခေါ်တိုင်း ဒီကောင် တစ်ခါမှ ငြင်းဖူးတာ မဟုတ်ဘူး ။ ခုမသောက်တော့ဘူး
ဆိုတော့ ကျုပ်ဖြင့် နောက်နေတာလားလို့ကို ထင်မိတယ် ။ ဒါပေမယ့် တကယ်ဗျ ။
ဒီကောင် အရက်ဝိုင်းကို လုံးဝ မလာဘူး ။ သူမလာတော့ ကျုပ်လည်း
တစ်ယောက်တည်းဆိုတော့
သောက်ရတာ ပျင်းလာတယ်ဗျ ။ ဒါနဲ့ ကျုပ်လည်း နည်းနည်းပဲသောက်ပြီး ငတင့်အိမ်ဘက်
လှမ်းခဲ့လိုက်တယ် ။ ဒီကောင် ခွက်ပုန်းများကစ်နေမလားဆိုပြီး ကျုပ်လည်း အမှောင်ကို ကွယ်ပြီး
ချောင်းတော့.. လားလား…..။ ဆရာသမားက တန်လျားကြီးပေါ် ထိုင်နေတယ်ဗျ ။ သူ့ပုံစံကြည့်ရတာ
တစ်ခုခုကိုတွေးနေတယ်လို့ ကျုပ်ထင်မိတယ် ။ ကျုပ်လည်း အသာပဲ လှမ်းဝင်လိုက်တယ်
နောက်ပြီး တန်းလျားပေါ် မှောက်ပြီး အိပ်လိုက်တာ ပျော်သွားတယ် ။
အိပ်လို့ကောင်းနေဆဲမှာပဲ တစုံတစ်ယောက်က ကျုပ်ကို လှုပ်နှိုးလိုက်သလို ခံစားရတယ် ။
အိပ်မက်လိုလိုပဲ ။
“ စိုးကြီး စိုးကြီး
အိပ်မက်မဟုတ်တာ သေချာသွားပြီ ။ကျုပ်မျက်လုံးဖွင့်ကြည့်တော့ ငတင့် ။
“ စိုးကြီး လာကွာ ငါနဲ့လိုက်ခဲ့ ။ရော့ ဓားတစ်ချောင်းလည်း ယူခဲ့ ”
ကျုပ်ကို အတင်းနှိုးပြီး ပြောရင်း သူကိုယ်တိုင်လည်း ဓားတစ်ချောင်း ၊ ပုဆိုးကွင်း တစ်ထည်၊
လွယ်အိတ်တစ်လုံးနဲ့ ရှေ့ကနေထွက်သွားတယ် ။ ကျုပ်လည်း ရောယောင်ပြီး လိုက်လာတယ်။
ပတ်ဝန်းကျင်ကို ကြည့်တော့ ရောင်နီသန်းလု သန်းချင် ။
“ ငတင့် ဘယ်ကိုလဲကွ ၊ စောစောစီးစီး ”
ငတင့်က “ အသာနေ ” ဆိုသည့်သဘောဖြင့် လက်ဟန်ပြသည် ။
ကျုပ်လည်း ဘာမသိ ညာမသိနဲ့ လိုက်လာရတာပေါ့ ။ ရွာအပြင်ဘက်ရောက်မှ ပြောတယ် ။
မြွေပွေး လိုက်ဖမ်းမလို့တဲ့ ။သူ့ရည်ရွယ်ချက်ကို ကျုပ်သဘောပေါက်သွားတယ် ။
နောက်ပြီး ငတင့်ကိုလည်း ကျုပ် အံ့သြတယ်ဗျာ..၊ ဒီကောင်က မြွေဆို..ကျိုင်းမြွေတောင် ကိုင်ရဲတဲ့ကောင်
မဟုတ်ဘူးဗျ…၊ ကျုပ်ဆိုတဲ့ကောင်ကလည်း ကျန်တာတွေသာ မကြောက်တာ ။ မြွေကိုတော့ နည်းနည်းလန့်တယ်ဗျ ။
ဒါပေမယ့် နုနုဝင်း အတွက်ဆိုတဲ့ စိတ်ကလေးနဲ့ပဲ ငတင့်နဲ့ ကျုပ် မြွေပွေးရှာ ထွက်ခဲ့တယ် ။
ခက်တော့ခက်တယ်ဗျ ။ မတွေ့ချင်တဲ့ အခါဆို တွေ့ပေမယ့် တွေ့ချင်လို့ရှာတဲ့သူအတွက်ကျ
ရှာလေ ဝေးလေ ဆိုတာလိုပဲ ။ တစ်မနက်လုံး ရှာခဲ့တာ မြွေနဲ့ တူတာဆိုလို့ ကင်းလိပ်ရှောတောင်
မတွေ့ဘူး ။ ဒါနဲ့ နေ့လည် မွန်းလွဲလောက်မှာတော့ ဗိုက်ကလည်း ဆာလာတာမို့ ကျုပ်တို့နှစ်ယောက် အိမ်ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်တယ် ။
“ ဟာ ငတင့် ကြည့်စမ်း ဟိုဟာ ဘာကြီးလဲ ”
“ ဟာ ….အဲ့ဒါ မြွေပွေးက မြွေပွေး ”
ပြောပြောဆိုဆို ငတင့်က မြွေပွေးဆီ ပြေးသွားပြီး လက်ထဲက ဓားအနှောင့်နှင့် ခေါင်းကို အသားကုန်
ထုရိုက်ချလိုက်တယ်..၊
မြွေရဲ့ ဗိုက်ကြီးက ဖောင်းကားနေတာဗျ…၊ ။ မသိရင် ဖွတ်ကြီးလိုလို ဘာလိုလို..၊
ငတင့်က မြွေသေကြီးကို ကောက်ပြီး လွယ်အိတ်ထဲ ထည့်လာတယ် ။
ကျုပ်ကတော့ နည်းနည်း လန့်တာမို့ ကိုင်ကို မကိုင်ဘူး ။ ဒီကောင့်ကို ဒီတစ်ခါ
ကျုပ် တကယ် ချီးကျူးတယ်ဗျာ..၊ ဟုတ်တယ်လေ…အချစ်အတွက် ဒီကောင် တော်တော်
သတ္တိကောင်းတဲ့ကောင်..၊
တောက ရွာနဲ့ နည်းနည်းဝေးတာမို့ ကျုပ်တို့လည်း သုတ်ခြေတင်ခဲ့တယ် ။ ဗိုက်ကလည်း ဆာနေပြီလေ ။
“ တောက် ဘယ်က ပုရွက်ဆိတ်က ပါလာတာလဲဟ ။ ကိုက်လိုက်တာ ”
ငတင့်က တစ်လမ်းလုံး တောက်တခေါက်ခေါက် ။ မြွေဖမ်းတုန်းက ပါလာသလားမသိ ။
တလမ်းလုံး ပုရွတ်ဆိတ်ကိုက်တယ်ပဲ ဆဲနေတယ်…၊
ရွာပြန်ရောက်တော့ ဘကြီးဖိုးအောင် အိမ်ကို သွားပြီး တိတ်တိတ်လေးပဲ ဘကြီးဖိုးအောင်ကို
ခေါ်ရတယ် ။ နောက် အကျိုးအကြောင်းပြောပြရတယ် ။
“အေးကွာ ။ ငါလည်း တခြားသူတွေလည်း မသိစေချင်တော့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ ။
ခုလို မင်းတို့က ဖမ်းလာတယ်ဆိုတော့ အဆင်ပြေတာပါ့ကွာ။ ဘယ်မလဲ မင်းတို့ဖမ်းလာတဲ့ မြွေပွေး ”
ဘကြီးအောင်စကားဆုံးတော့ ငတင့်က သူ့လွယ်အိပ်ထဲက မြွေပွေးကို ထုတ်တယ် ။
“ဟင် ”
ကျုပ်တို့ဖမ်းလာတာက မြွေမကြီး ဖြစ်နေတယ်..။ မြွေရဲ့ သဘ၀အတိုင်း
သူ့ဗိုက်ကြီးက ကွဲထွက်ပြီး အထဲက မြွေပွေး အပေါက်လေးတွေ……။ ကျုပ်လန့်ပြီး
နောက်ကို ဆုတ်လိုက်တယ် ။ မြွေပွေးအပေါက်လေးတွေ ရွစိထိုးနေတာပဲ ။
တစ်ကောင် ၊ နှစ်ကောင် ၊ သုံးကောင်…..၊ အိုးးးးးးးးးအကောင်တော်တော်များတယ် ။
ခန့်မှန်းခြေ ငါးဆယ်ပတ်ဝန်းကျင်လောက်ရှိမယ် ။ ကျုပ်ဖြင့် ကြက်သီးတွေ
ထလိုက်တာဗျာ ။မတတ်နိုင်ဘူး ။ ထွက်လာတဲ့ အကောင်ပေါက်စလေးတွေကို ကျုပ်တို့
ဝိုင်းရိုက်ကြတယ် ။
“ ငတင့် ငတင့်
မြွေပွေးပေါက်လေးတွေ ကုန်သလောက်ရှိချိန်မှာ ငတင့် ဗုန်းကနဲ လဲကျသွားတယ် ။
ကျုပ်တို့လည်း ငတင့်ကို အဲ့ဒီကျမှ သတိထားမိတယ် ။ ငတင့် တကိုယ်လုံး ပြာနှမ်းနှမ်း ဖြစ်နေတယ် ။
“ ဘကြီး ဖိုးအောင် ကျုပ် လမ်းမှာ မြွေပွေးပေါက်လေးတွေ ကိုက်ခံရတယ် ။ အစက
ပုရွတ်ဆိတ် ကိုက်တာ ထင်တာ ။ ကျုပ်မရတော့ဘူး ။ နုနုဝင်းသာ ပျောက်ကင်းအောင်
ကုပေးပါ ”
ပြောရင်းပဲ ငတင့် ဇတ်ကျိုးကျသွားတယ် ။
“ငတင့် ……ငတင့်………ငတင့်……. ”
ကျုပ် အော်ခေါ်ပေမယ့် ငတင့်ကတော့ မကြားနိုင်တော့ဘူး ။ ဘကြီးဖိုးအောင်ကတော့
အသက်မဲ့နေတဲ့ ငတင့်ရဲ့ အလောင်းကို တွေတွေကြီး ကြည့်နေတယ် …..။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ခုတော့ နုနုဝင်း ရောဂါကင်းရှင်းနေပါပြီ ။
တစ်ရွာလုံးကလည်း နုနုဝင်း နေကောင်းသွားလို့ ပျော်နေကြတယ် ။ ငတင့်သေတာကို
အကြောင်းမသိတဲ့သူတွေကတော့ မြွေသားစားချင်တာ သေသွားတာ နည်းသေးတယ်လို့
ပြောနေကြတယ်။ ကျုပ်ရယ် ၊ရွာလူကြီးရယ် ၊ဘကြီးဖိုးအောင်ရယ်ကတော့
ဒီစကားတွေကိုကြားရတိုင်း တမလွန်က ငတင့်အတွက် ၀မ်းနည်းမိပါရဲ့………….။
“ ဘဘ ထမင်းစားကြရအောင်.. တဲ့ ”
ကျုပ်မြေး အငယ်ကောင်ရဲ့ ခေါ်သံကြောင့် ကျုပ် အတွေးပျက်သွားတယ်..၊ ထမင်းဝိုင်းမှာတော့ ကျုပ်ရဲ့ မိန်းမ
မနှင်းမြက စောင့်နေလေရဲ့......။ တကယ်တော့ သူကြီးက သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးရဲ့ အသက်ကို
ကယ်တဲ့သူထဲက တစ်ယောက်ဆိုပြီး ကျုပ်ကို နုနုဝင်းနဲ့ ပေးစားဖို့ဗျ..။ ဒါပေမယ့် ကျုပ်သိတယ်လေ...။
ငတင့်က နုနုဝင်းအတွက် သေသွားတာ မဟုတ်လား....။ ကျုပ်က နုနုဝင်းကို ယူလိုက်ရင်....ငတင့်အပေါ်
ကျုပ် သစ္စာဖောက်ရာ ကျမှာပေါ့.........။ ဒါကြောင့်ပဲ..... အိမ်ကမိဘတွေ ပေးစားချင်နေတဲ့ နှင်းမြနဲ့ အမြန်ဆုံး
ကျုပ် လက်ထပ်ခဲ့တာပေါ့.........။ ဒါဟာ သေဆုံးသူ ငတင့် အပေါ်ထားတဲ့ ကျုပ်ရဲ့ သစ္စာတရားပဲလေ..။
@@@@@@@@@@@@@@@@@@@
ကျုပ်ရဲ့ ပတ်ဝန်းကျင်မှာ မြွေပွေးတို့ ၊အနာကြီးရောဂါတို့ ၊ ဒါမှမဟုတ် တယောသံနွဲ့နွဲ့လေးတို့
တွေ့ရ ကြားရတိုင်း ..ကျုပ်ကတော့ တစ်ချိန်က ကျုပ်ရဲ့ အချစ်ဆုံး သူငယ်ချင်း ငတင့်ကြီးကို
ပြေးမြင်နေမိတော့တာပါပဲ….။ကြာတော့လည်း ကြာခဲ့ပါပြီ…၊ ဒါပေမယ့် အဖြစ်အပျက်တွေက
ပြန်စဉ်းစားလိုက်တိုင်း ကွက်ကွက်ကွင်းကွင်း ရှင်းလင်း ပြက်သားနေဆဲပါပဲ……။။
ကြိုးစားပါဦးမည်….ဆန္ဒမွန်ဖြင့်……။
လွမ်းနောင်……..။
အချစ်အတွက်ဆိုတော့ မြွေလဲမကြောက်တော့ဘူး
ReplyDeleteပင်လယ်ကိုတောင်ကူးပါမယ်ဆိုမှ
မြွေက အေးဆေးပေါ့နော်...
ခံစားဖတ်ခဲ့ပါတယ်ရှင်။