Wednesday, 2 November 2011

ဒုတိယအကြိမ် မွေးဖွားခြင်း

“ ၀ုန်း ”
“ မလုပ်ဘူး..မလုပ်နိုင်ဘူး...ငါဘယ်တော့ ဒီလိုလုပ်မှာမဟုတ်ဘူး ”

ကျုပ်ရဲ့ ရင်ကို “ ၀ုန်း” ကနဲ လာမှန်တဲ့ အသံနဲ့အတူ နောက်က ကပ်ပါလာတဲ့ အသံတွေကိုပါ ကြားလိုက်ရတာမို့ ကျုပ် လန့်ပြီး နိုးသွားတယ် ။ အဲ.....နိုးတယ်.........။ ဒီစကား တယ်တော့ မမှန်လှဘူး...။ဘာလို့လဲဆိုတော့
ကျုပ်က အိပ်မှ မအိပ်တာ ဘယ်လိုလုပ် နိုးတယ် ဆိုတာ ရှိမှာလဲ....၊ဒီတော့ ကျုပ် သတိဝင်လာတယ်ပဲ ဆိုပါတော့.။
ကျုပ် ကမန်းကတန်း ကြည့်လိုက်တော့...ကျုပ်ကို သိပ်ချစ်တဲ့သူနှစ်ယောက် ..။ တစ်ယောက်ကတော့ ဒေါသတွေ
ထွက်နေတဲ့ မျက်နှာနဲ့ .မျက်ဝန်းမှာလည်း မျက်ရည်စတွေကို တွေ့နေရတယ် ၊ ကျန်တစ်ယောက်ကတော့
မျက်နှာက မှုန်မှုန်မှိုင်းမှိုင်း ။တူညီတဲ့ အချက်ကတော့ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာမှာ ကြေကွဲဆို့နင့်နေတဲ့
အရိပ်တွေ ဖြာထွက်နေတာပါပဲ.....။
 သူတို့ ဘာကို စိုးရိမ်နေတာလဲ...၊ ဘာ့အတွက်ကြောင့် ကြေကွဲ နေကြတာလဲ၊
ကျုပ်သိချင်လိုက်တာ.၊ လှမ်းမေးရအောင်ကလည်း ကျုပ်ပြောတဲ့ အသံကို သူတို့က နားမလည်မှာ စိုးသား..။ ဒါနဲ့ ကျုပ်လည်း အသာပဲ သူတို့နှစ်ယောက်ကို စောင့်ကြည့်နေလိုက်တယ် ၊ မျက်နှာ မှိုင်းနေတဲ့လူက ဒေါသထွက်နေတဲ့ လူကို ဖက်ပြီး
ဘာတွေပြောနေလဲ မသိဘူး ….၊ တိုးတိုး .တိုးတိုး နဲ့ ပြောနေတယ်…၊ ကျုပ် စူးစိုက်ပြီး
နားထောင်ကြည့်ပေမယ့် မကြားရဘူး.၊ခဏနေတော့ ဒေါသထွက်နေတဲ့ သူက သူ့ကိုဖက်ထားတဲ့ လက်တွေကို အတင်းတွန်းဖယ်ပြီး ထွက်ပြေးတယ်..၊ပါးစပ်ကလည်း
စကားလုံး တစ်ခုကို မရပ်မနား တရစပ် ရွတ်သွားတယ်….၊
“ မပေးဘူး ၊ အသက်သေချင် သေသွားပါစေ ကျုပ်ဘယ်တော့မှ မပေးဘူး ”
ကျုပ်ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်တဲ့ထိ ဒီစကားကို သူ့နှုတ်ဖျားကနေ မရပ်ဘူး……၊
မျက်နှာမှုန်မှုန်နဲ့လူကတော့ စိတ်မကောင်းတဲ့ပုံစံနဲ့ ခေါင်းကို ဘယ်ညာယမ်းနေတယ် ၊
နောက်တော့ ကျုပ်ဘက်ကို ၀မ်းနည်းတဲ့ မျက်နှာနဲ့ တစ်ချက်ကြည့်ပြီး လေးတွဲ့စွာပဲ
လာရာလမ်းကို ပြန်လှည့်သွားတယ်…


@@@@@@@@@@@@@@@@@@@@@@@@@@@@@

တကယ်တော့ ဒေါသနဲ့ ထွက်သွားတဲ့ ကောင်လေးရဲ့ နာမည်က မျိုးဆွေတဲ့. ၊
မွေးကတည်းက သူ့အမေနဲ့ ကျုပ်ဆီ ခဏခဏလာတယ် ၊ လေးငါးနှစ်သား ရောက်လာတော့
သူက ကျုပ်ရဲ့ ရင်ခွင်ပေါ် အဖော်တွေနဲ့ လာပျော်ပါးတတ်နေပြီ..၊ ကျုပ်ကိုတော့ သူတော်တော် ချစ်တယ်ဗျ..၊ သူ ကျုပ်ဆီ မလာတဲ့ရက်ဆိုတာ မရှိသလောက်ပဲ ၊ သူလာချိန်ကတော့ ညနေခင်း နေရီရီ အချိန်တွေပဲ ..၊ သူ လူပျိုပေါက်ဖြစ်စ အရွယ်ကဆို
သူ ကောင်မလေးတစ်ယောက်ကို သိပ် ချစ်တယ်ဆိုတဲ့အကြောင်း ကျုပ်ကို ခဏခဏလာပြောတယ် ၊ နောက်ပြီး အဲ့ဒီကောင်မလေး ဘယ်လောက်လှကြောင်း ၊ ချီးမွမ်းခန်းတွေလည်း အမြဲဖွင့်တယ်…၊နားထောင်သူကတော့ ကျုပ်ပေါ့…။သူ့အပြောနဲ့တင်
ကျုပ် အဲ့ဒီကောင်မလေးကို တွေ့ချင်လိုက်တာဗျာ..၊အဲ..တစ်နေ့တော့ ကျုပ်ဆန္ဒ ပြည့်ဝတယ်
လို့ပဲ ဆိုရမယ်..၊သူ အဲ့ဒီကောင်မလေးကို ခေါ်ပြီး ကျုပ်ဆီလာတယ်ဗျ..၊နောက် ကျုပ်ကို
သက်သေထားပြီး ချစ်သစ္စာတွေ ဆိုနေလိုက်ပုံများ ကျုပ်ဖြင့် ကြည့်ရင်းနဲ့ ကြည်နူးလိုက်တာဗျာ ၊နောက်လေးနှစ်လောက်နေတော့ ဒီကောင်မလေးနဲ့ပဲ အကြောင်းပါသွားရှာတယ်..၊ ပြောရဦးမယ်….ဟို မျက်နှာ မှုန်မှိုင်းနေတဲ့ လူကတော့ ဒီကောင်လေးရဲ့ အစ်ကိုဗျ ၊ အရင်းတော့ ဟုတ်မယ် မထင်ဘူး..၊ ၀မ်းကွဲပဲထင်တယ်..၊
သူက ကောင်လေးထက် အသက်လည်း တော်တော် ကြီးတယ် ..၊ ကောင်လေး မွေးပြီး ငါးနှစ်
လောက်နေတော့ သူကျုပ်တို့ကို ခွဲပြီး ထွက်သွားတယ်ဗျ..၊ တော်တော်တောင် ကြာပါပြီ..၊
ကြားထဲ တစ်ခေါက်နှစ်ခေါက်တော့ ပြန်လာသေးသဗျ..၊ ဒီတစ်ခေါက်လာတာကတော့
နည်းနည်း ထူးခြားတယ်လို့ ကျုပ်ထင်တယ်..၊သူရောက်လာပြီး မကြာခင်မှာပဲ ဒီကလူတွေ
တော်တော်များများ စိတ်မကောင်းတဲ့ပုံစံတွေ ၊ ဒေါသထွက်တဲ့ ပုံစံတွေ ခဏခဏဖြစ်တယ်..၊
သူ့ကြောင့်လားဆိုတော့လည်း မဟုတ်ဘူးဗျ..၊ သူတို့ အချင်းချင်းက သင့်မြတ်ရှာသား..၊
ဒါပေမယ့် ဘာကြောင့်လဲတော့ မသိဘူး ၊ ကျုပ်ဆီကို လာပြီး သူတို့ပြောတယ်..၊
“ မင်းကို တကယ် ဆုံးရှုံးရတော့မှာလား ၊မင်းကို တကယ် ဆုံးရှုံးရတော့မှာလား ” တဲ့…။
ဒီစကားတွေကိုပဲ လူတိုင်းပြောတယ်..ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူး .၊ ကျုပ်က ဘာမှ မှ မဖြစ်တာ ဘယ်လိုလုပ် ကျုပ်ကို ဆုံးရှုံးရမှာလဲ..၊ ဒီလူတွေ ရူးများနေတာလား မသိဘူး..၊
ကျုပ်က ၀ါရင့် သက်တော်ရှည်နေပြီ ၊ ဘယ်တော့မှ မသေနိုင်ဘူး..၊ ဒါကို ဒီလိုကြီး ခဏခဏ
လာပြောတယ် ဆိုတော့ ကျုပ်ဖြင့် ဒီလူတွေ ရူးနေတာ လို့ပဲ တွေးလိုက်တော့တာပဲ..။

@@@@@@@@@@@@@@@@@@@@@@@@@@

“ အားးးးးးးးးးးး”
ကျုပ် နာကျင်လွန်းလို့ အသံကုန်အော်လိုက်မိတယ်..၊ ကျုပ်ထင်တာတွေ လွဲမှားခဲ့ပြီလား ၊
ကျုပ်ရဲ့ အတွေးတွေ တစ်ဖက်စွန်းရောက်နေပြီလား..၊ဘယ်တော့မှ မသေနိုင်ဘူးလို့ ထင်ထား
တဲ့ ကျုပ် အခုတော့ နာလိုက်တာဗျာ..၊ လူတွေ..၊ အားးးးးး……..ဟုတ်တယ်….လူတွေ..၊
အများကြီးပဲ…၊ ကျုပ်ရှိနေတဲ့ နေရာမှာ လူတွေများတာ တယ်တော့ မဆန်းလှပါဘူး..၊
ဒါပေမယ့်.. ဒီတစ်ခါ များတာက ဆန်းတယ်လို့ ကျုပ်ခံစားမိတယ်..၊ခါတိုင်းလာသူတွေကတော့
ကျုပ်ကို သက်သေတည်ပြီး ချစ်သစ္စာ ပြုကြမယ်..၊ ကျုပ်ရဲ့ ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့
မဟာရှုခင်း အလှတရားတွေကို ခံစားကြမယ်..၊ ဒီလိုလူတွေက များတာ..၊
ခုဟာကတော့ မဟုတ်ဘူး…..လူတွေ…နောက်ပြီး………စက်ကြီးတွေရော ….၊ နောက်ပြီး အခုရောက်နေတဲ့ သူတွေက ခါတိုင်းလာနေကျ လူတွေ မဟုတ်ဘူး..၊ ခါတိုင်း လာနေကျ လူတွေက…သူတို့လောက် အ၀တ်အစား မတောက်ပြောင်ဘူး..၊ အစနေ့မှာပဲ သူတို့ ကျုပ်ရဲ့
ရင်ကို အနာတရ ဖြစ်အောင် လုပ်လိုက်ပြီ..၊ဟို….မျိုးဆွေတို့ဆို သူ့အဖေ ဘိုးဘွားလက်ထက်
ကတည်းက ဒီနားမှာ နေလာတာ..၊ကျုပ်ကို တစ်ခါမှ အနာတရ ဖြစ်အောင် မလုပ်ဖူးဘူး..၊
ခုတော့ဗျာ…..ဒီလူတွေက စစခြင်း ဆောက်နဲ့ထွင်း တော့တာပဲ..၊သူတို့ ဘာလုပ်နေတာလဲ..၊
ကျုပ်ဆီက ဘာလိုချင်တာလဲ..၊ ကျုပ်သေမှ သူတို့ ကျေနပ်မှာလား..၊ ဟာ……….
ကျုပ်ရိပ်မိပြီ…….ဟာဗျာ….ဒီလူတွေ တော်တော် ရက်စက်ပါလား..ကျုပ်…..ကျုပ်ရဲ့..ရိုးတွင်း
ခြင်ဆီတွေကို ပိတ်ဆို့ ဖြတ်တောက်ဖို့ ကြံစည်နေတာပါလား..၊ကျုပ်ရဲ့ သွေးကြောတွေကို
ပိတ်လှောင်နေတာပါလား…..၊ မလုပ်နဲ့………မလုပ်နဲ့…….“ မလုပ်ပါနဲ့…..”
ကျေးဇူးပြုပြီး ကျုပ်ကို ဒီလို မရက်စက်ပါနဲ့…ကျုပ်မသေချင်သေးဘူး..၊ ကျုပ်ဘ၀ နေ၀င်ချိန်ကို
ကျုပ်မရောက်ချင်သေးဘူး..၊ ကျုပ်ကို ရှင်သန်ခွင့်ပြုပါ….၊ ကျေးဇူးပြုပြီး ကျုပ်ကို ထာဝရ ရှင်သန်ခွင့်ပြုပါ..၊ ဘာ………အနိစ္စ သဘော ….ဟုတ်လား……၊ တရားနဲ့ ဖြေရမယ် ဟုတ်လား..၊ သွားစမ်းပါဗျာ….၊ ပျက်ချိန်တန် ပျက်တဲ့ သဘောတရားကို ကျုပ်က ခင်ဗျားတို့ထက် ကောင်းကောင်းကြီး သဘောပေါက်ပြီးသားပါဗျ..၊ခုဟာက ပျက်ချိန်မတန်ပဲနဲ့
ပျက်ရတော့မှာ ၊ ခံရမှာက ကျုပ်ဗျ..ကျုပ်..ခင်ဗျားမဟုတ်ဘူး..၊ ခင်ဗျားတို့ ကိုယ်ချင်းစာတရား
ကင်းမဲ့ပြီး ထင်ရာ လျှောက်မပြောနဲ့..၊ ဘုရားဟောစကားက ခင်ဗျားတို့ နှုတ်ဖျားမှာ.. လွယ်လွယ်နဲ့ လိုရာသုံးဖို့ မဟုတ်ဘူးဗျ…၊…….ဘာ……….
ဘယ်သူတွေ ဘာပြောပြော ခင်ဗျားက ဆက်လုပ်မှာပဲ …ဟုတ်လား..၊..ကောင်းပြီလေ…
လုပ်ပါ…….ဒါဆိုလည်း ခင်ဗျား ဆက်လုပ်ပါ….ဒါပေမယ့် ခင်ဗျားသိအောင် ကျုပ်တစ်ခုတော့
ပြောလိုက်မယ်….၊ ကျုပ်ကတော့ ကျုပ်မသေမချင်း လူတွေကို ကျေးဇူးပြုနေမှာ ၊ အလုပ်အကျွေးပြုနေဦးမှာပဲ…၊ ကျုပ်က ကျောက်တုံးကို တရားဟောတဲ့ အစားထဲ မပါတာမို့
ဒီထက်တော့ ခင်ဗျားကို ဘာမှ ပိုမပြောချင်တော့ပါဘူး…….၊ ခင်ဗျားရဲ့ တပ်မက်မှုတွေ ဘရိတ်
အုပ်နိုင်ပါစေလို့ပဲ…ကျုပ် တိတ်တိတ်လေး ဆုတောင်းနေတော့မယ်…….၊…


@@@@@@@@@@@@@@@@@@

“ အလို..စုရုံးစုရုံးနဲ့ ဘာတွေဖြစ်နေပါလိမ့် ”
ကျုပ်ရင်ခွင်အထက် ခပ်လှမ်းလှမ်း ကောင်းကင်က ငိုသံတွေ ကြားနေရတာမို့ ကျုပ်လှမ်းကြည့်တော့ ……လားလား……၊ အ၀တ်အစားတွေ တောက်တောက်ပြောင်ပြောင်နဲ့
အဖွဲ့ တစ်ဖွဲ့ဗျ..၊ တူညီတာ တစ်ခုကတော့ သူတို့ အားလုံးရဲ့ လက်ထဲမှာ ဘောပင်လိုလို ၊
ကလောင်တံလိုလိုလေးတွေ ကိုင်ထားလေရဲ့ ..၊ အဲ………ဟုတ်သေးဘူး…..နောက်ထပ် တူညီတာ ရှိသေးလေရဲ့ ……၊ အဲ့ဒါကတော့ သူတို့ အားလုံးရဲ့ မျက်နှာတွေက ပြိုတော့မယ့်
မိုးလိုပဲ ညို့နေတယ်..၊ ငိုတယ်…..ကျုပ် ကြည့်နေတုန်းမှာပဲ သူတို့တွေ ငိုတယ်ဗျ.၊

“ ဟာ……ဟေ့ …….ဟေ့…….မငိုကြနဲ့လေဗျာ….ဘာဖြစ်ကြတာလဲဗျ ”
ကျုပ်မေးတော့ သူတို့ နားလည်ကြသဗျ.. ၊ တစ်ဦးက ကျုပ်ကို ပြောတယ်.. ၊

“ မငိုလို့ ရမလားဗျ ၊ ကျုပ်ရေးခဲ့တဲ့ စစ်ကိုင်းတောင် သီချင်း ကျုပ် အခု ပြန်ဆိုကြည့်တာ
မရတော့ဘုးဗျ ၊ ပုညရှင် စေတီအပါး………စစ်ကိုင်းတောင် ..စစ်ကိုင်းတောင် အထက်နားဆီက အရှေ့တလွှား ရှုလိုက်ရင်လေ…..နောက်ပြီးတော့….နောက်ပြီးတော့
ဘာလဲဗျ….ကျုပ်မသိတော့ဘူး…၊ စစ်ကိုင်းတောင်ပေါ်ကနေ ကျုပ်ကြည့်ပြီးပြီ.. ၊
ဘာမှမတွေ့ဘူးဗျ..”

“ သြော်……လက်စသတ်တော့ ဆရာကြီး မြို့မငြိမ်းနဲ့ လာတွေ့နေတာကိုးဗျ..၊ ဒါနဲ့
ကျန်တဲ့ နှစ်ယောက်ကရော ဘာလို့ ငိုလဲဗျ..”

ကျုပ်အမေးဆုံးတော့ မျက်မှန်တပ်ထားတဲ့ တစ်ဦးက ပြောတယ်..၊

“ ကျုပ်နာမည်က ထူးအိမ်သင် ၊သူက ကိုခင်ဝမ်း ၊ ကျုပ်တို့ လူ့ဘ၀တုန်းက ဆိုခဲ့တဲ့ ခင်ဗျားနဲ့
ပတ်သတ်တဲ့ သီချင်း အခု ဘယ်လိုမှကို အစရှာမရလို့ဗျ..၊ အဲ့ဒါကြောင့် သိတဲ့သူ ရှိရင်
ကျုပ်တို့ကို လာပြောစမ်းပါဗျာ…ကျုပ်တို့တော့ ၀မ်းနည်းလို့ မဆုံးဘူး..”

အဲ….ခက်တော့ခက်နေပါပြီ….၊ သုံးဦးသား အကြိတ်အနည်ကို ၀မ်းနည်းခံခက်တဲ့ မျက်နှာတွေနဲ့ ငိုနေတာဗျ..၊ ငိုလို့ အားရလောက်တော့မှ မျက်ရည်တွေကို လက်ခုံနဲ့
သုတ်ပစ်ပြီး ထွက်သွားတယ်.. ၊ အဲ…မသွားခင် ကျုပ်ကို တစ်ခု ပြောခဲ့သေးတယ်ဗျ..၊

“ ကျုပ်တို့ သွားတော့မယ်ဗျာ.. ဟိုမှာ ကိုတိုက်စိုးနဲ့ ဗန်းမော်က ကိုတင်အောင်က သူတို့
ရေးတဲ့ စာအုပ် ခေါင်းစဉ်မေ့နေလို့တဲ့ လိုက်ရှာနေတာ တွေ့ပြီလား မသိဘူး..၊ သူတို့တွေ့ရင်တော့ ကျုပ်တို့ မေ့နေတဲ့ သီချင်းတွေ သတိရနိုင်ကောင်းမယ် ထင်ပါရဲ့ ၊
ဒါပေမယ့် ..တွေ့မယ်လို့တော့ မထင်လှပါဘူးဗျာ… ” တဲ့..။။
ကျုပ်တော့ သူတို့အဖြစ်တွေကို ကြည့်ပြီး ရင်နာလိုက်တာဗျာ..၊ ဒါနဲ့ ကျုပ် တိတ်တိတ်လေးပဲ
ဆုတောင်းလိုက်တယ်..၊
တိုင်းပြု ပြည်ပြု တေးရေးဆရာ ၊ အဆိုတော် ၊စာရေးဆရာတွေ
သူတို့လိုက်ရှာနေတဲ့ အရာ အမြန်ပြန်တွေ့ပါစေ ….လို့..လေ……..။


သူတို့ထွက်သွားပြီး မကြာဘူး၊ လူတစ်ယောက် ကျုပ်ရဲ့ နဖူးပေါ် လာရပ်တယ် ၊ ကျုပ်ရဲ့ ပါးပြင်ပေါ်က သဲမွမွတွေပေါ်မှာ သူက စိတ်ပျက်လက်ပျက်ပုံနဲ့ ထိုင်ချတယ်…၊
ဟာ…….မျိုးဆွေပါလား. .၊ ဒီလူဘယ်လိုလုပ် ဒီကိုရောက်နေပါလိမ့်..၊ဟုတ်တယ်ဗျ..မျိုးဆွေမှ
မျိုးဆွေအစစ်…၊ ဒီလူ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ မသိဘူး..၊အင်္ကျီတွေကလည်း စုတ်ပြတ်နေတာပဲ….တော်တော် ကြည့်ယူရတယ်…။
ဒါပေမယ့် ဒီတစ်ခါကတော့ ကျုပ်တို့တွေ့တာ ခါတိုင်းနေရာမှာ
မဟုတ်ဘူးဗျ..၊ ခါးမှာ သံချွန်က ထုတ်ချင်းဖောက် စိုက်ဝင်ခံနေရတဲ့ မြွေတစ်ကောင်ဟာ
အမြီးနဲ့ ခေါင်းကတော့ လှုပ်နေနိုင်သေးသလိုပဲ. ဟိုနေရာမှာ ကျုပ်ရဲ့ သွေးတွေကို ပိတ်လှောင်ပြီး ကျုပ်ရဲ့ ခြင်ဆီတွေကို ဖြတ်တောက်လို့ နာကျင်ရပေမယ့် ဒီနေရာမှာတော့
ကျုပ် ဘာမှ မဖြစ်သေးဘူးဗျ..၊ ဘယ်နေရာလဲဟုတ်လား…၊ စစ်ကိုင်းတောင် နားလေးမှာလေဗျာ.. ၊ အဲ့…ဒီလူက တစ်ယောက်တည်း စကားတွေပြောတယ်ဗျ….၊ ကျုပ် နားစိုက်ထောင်ကြည့်တယ်…..သူပြောတယ်…….ပြောနေတယ်……..၊

“ ဆရာငြိမ်းတို့ ၊ ဆရာတိုက်စိုးတို့ ဆရာဗန်းမော် တင်အောင်တို့ရော ၊ ကိုထူးအိမ်သင်တို့ရောဗျာ ၊ ကျွန်တော်လည်း သူ့ကို ခင်ဗျားတို့လိုပဲ ချစ်ပါတယ်..၊
ဒါပေမယ့် သူ့ဈာပနာကိုတော့ မကြည့်ချင်လည်း ကျုပ်ရင်နာနာနဲ့ ကြည့်နေရတော့မှာပဲ၊
သို့သော်..ခင်ဗျားတို့ မပူပါနဲ့ ကျုပ်..အခု သူ့ကို ဒုတိယအကြိမ် မွေးဖွားဖို့ ကြိုးစားနေပါတယ်…၊ ကျုပ်အခု စစ်ကိုင်းမှာ ရှိတဲ့ ရေမြောင်းတွေကိုလေ ..တစ်ခုနဲ့ တစ်ခု
သွယ်ပေးတယ်…ပြီးတော့ အဲ့ဒီကရေတွေကို ..ချင်းတွင်းမြစ်ဆီရောက်အောင် ပို့ပေးတယ်..၊
ခုချိန်မှာတော့ မြောင်းနဲ့ ချင်းတွင်းပေါ့..၊ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ.. ဒီမြောင်းတွေက မေခ မလိခ လို မြစ်နှစ်မြွှာ ဖြစ်လာလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်…၊
အဲ့ဒါဆိုရင်..သူတို့ရဲ့ ဆုံဆည်းရာဖြစ်တဲ့ ချင်းတွင်းမြစ်က ကျုပ်မွေးဖွားလိုက်တဲ့ “ ဒုတိယ ဧရာဝတီ ” ဖြစ်ပြီပေါ့ဗျာ..၊ဒီလိုဖြစ်ရင် ကျုပ်တို့ရဲ့ မျိုးဆက်တွေလည်း မြစ်ဆုံမှာ နေရပြီပေါ့.. အဲ……လိုအပ်ရင်….ကမ္ဘာကြီးကိုပါ..လျှပ်စစ်မီးပေးလို့ ရနိုင်သေးတယ်…”


တစ်ယောက်တည်း စကားတွေပြောပြီး မျိုးဆွေက ကျုပ်ဆီကို လှည့်ကြည့်တယ်…ပြီးတော့
ကျုပ်ကို ပြောတယ်…။


သူတို့ မင်းကို အပြီးတိုင် သင်္ဂြိုလ်တော့မယ် .............နောက်ဆိုရင် မင်းကို မြင်ချင်ပါတယ် ဆိုရင်တောင် ငါတို့ မြင်တွေ့ဖို့ မဖြစ်နိုင်တော့ဘူး….မဖြစ်နိုင်တော့ပါဘူးကွာ…” တဲ့…။

အဲ…..ဒီတစ်ခါတော့ ဒီလူ ခံစားချက်တော်တော်ပြင်းတယ်ထင်ပါ့…၊ မျက်ရည်တွေတောင် ကျလာတယ်ဗျ..၊ ကျုပ်လည်း သူ့စကား နားထောင်ပြီး သူတို့အတွက်ရော.. ကိုယ့်ကိုယ်ကို အတွက်ရော…၀မ်းနည်းပြီး မျက်ရည် ကျမိပါရော့လား…….ဟုတ်တယ်..ငိုနေတယ်…….ကျုပ်ငိုနေတယ်……။မျိုးဆွေကတော့ ကျုပ်ရဲ့ ကျောပြင်ပေါ်ကနေ ဟိုးးးးးးးးးးအဝေးကို မျှော်ကြည့်ပြီး တရွေ့ရွေ့နဲ့ ပြန်သွားတယ်…၊ ကျုပ်မှာသာ အတွေးတွေနဲ့ …ကျန်နေရစ်တယ်…….နောက်တော့..ကျုပ်လည်း သူ့ကို အားကျပြီး ကဗျာတစ်ပိုဒ် ကောက်ရွတ်လိုက်တယ်…..၊

“ ပျက်ကွက်မဖောက် သက်တစ်လျှောက်လုံး..
အကောင်းဆုံး၏ ၊ နိဂုံးတွယ်ရစ်
အရှုံးဖြစ်ခဲ့….၊ အပြစ်မဲ့ဘ၀ .၊
မချစ်ခဲ့ကြတော့ ရှုံးပြီလေ…….”………



ကြိုးစားပါဦးမည်......ဆန္ဒမွန်ဖြင့်.....။

လွမ်းနောင်

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။