ရှေ့ကို ရောက်နေသော နှစ်ယောက်ကို ကြည့်ပြီး သူကြီး ဦးဘစီ တော်တော်ပင် စိတ်ညစ်နေသည်။ အမြဲတမ်းလိုလို ပြဿနာနဲ့ နှောင်ဖွဲ့ ထုံးရစ်နေတဲ့ ဒီနှစ်ယောက် ။ ယခုလည်း ပြဿနာကို အထုတ်လိုက် မ ပြီး သူရှေ့ ရောက်နေသည်။ ရွာထဲမှာ ဟိုနေရာ ဒီနေရာ အမြဲ ပြဿနာဖြစ်လို့ ရှင်းနေရတဲ့ အထဲ ဒီဘကျော်တို့ ညီအစ်ကိုနှစ်ယောက်က အမြဲတမ်း တမှောင့် နှောင့် နှောင့်နေတတ်သည်။။သူများတွေက တခြားလူနဲ့ ပြဿနာ ဖြစ်ကြတာမို့ မပြောသာသော်လည်း ဘကျော်တို့ ညီအစ်ကိုကတော့ သူတို့ အချင်းချင်းဖြစ်သော ပြဿနာ ဖြစ်သည်။ ။ဖြစ်ပုံက သူတို့နှစ်ယောက် အမွေရထားသော ခြံကြီးမှ စသည်။ကိုယ်စီ ကိုယ်စီ အိမ်ထောင်ကျပြီး ခြံဝင်းကြီးကို နှစ်ပိုင်းပိုင်း ခွဲယူထားရာမှ ယခုအခါ သူ့ဘက်က ကျယ်လို့ ငါ့ဘက်က ကျဉ်းလို့ဆိုသော သေးငယ်သည့်အမြင်တွေနဲ့ ဒီပြဿနာကို အစထူခဲ့ခြင်း ဖြစ်သည်။ဦးဘစီ ဒေါပွတာက ဘကျော်တို့ ညီအစ်ကို နှစ်ယောက်ကို ဖြစ်သည်။ မူလ စိတ်ရင်းကောင်းသူတွေ ဖြစ်သော်လည်း လောဘ၏ ညှို့ယူခြင်းကို ခံထားရသည့် သားကောင်များပီပီ ညီအစ်ကိုဆိုသော သွေးကို မမြင်တော့ပဲ သူတို့မိန်းမများ၏ ပြိုင်ဆိုင်တတ်မှုအား အညွန့်ထွက်စေရန် ရေလောင်း ပေါင်းသင်ပေးသည့်သဘောနှယ်
ဖြစ်နေခြင်းကို မသိသဖြင့် ဒေါပွသည်။ အရင်ကလည်း ဒီလိုခဏခဏ ဖြစ်ခဲ့ဖူးသည်။ ဦးဘစီ ရှင်းပေးလိုက်ရင် ငြိမ်သွား ကျေအေးသွားကြပြီး သူတို့မိန်းမတွေက မကျေနပ်ကြောင်း အသံလေးတွေ ထွက်လာရင် ထဖြစ်တတ်ပြန်သည်။ အခုလည်း ဒီပြဿနာနှင့် ရောက်လာခြင်း ဖြစ်သည်။
“ ဘကျော် ၊ ဘခက် ”
သူကြီး ဦးဘစီ သူရှေ့မှာ ရောက်နေသော ဘကျော်တို့ ညီအစ်ကိုကို ခက်ထန်ထန်ပင် ခေါ်လိုက်သည်။
“ ဟုတ်ကဲ့ သူကြီး ၊ ပြောပါ”
“ အေး . မင်းတို့ညီအစ်ကိုနှစ်ယောက် ဒီခြံကြီးအတွက် အမြဲတမ်း ပြဿနာ ဖြစ်နေကြတယ်။ ဒီခြံဝိုင်းကို သူတစ်ယောက်တည်း ပိုင်သင့်တယ်၊ ငါတစ်ယောက်တည်း ပိုင်သင့်တယ်၊ သူ့ဘက်က ကျယ်တယ်၊ ငါ့ဘက်ကျ ကျဉ်းတယ်ဆိုပြီး မင်းတို့ အမြဲတမ်း ဖြစ်နေတာ။ မင်းတို့ကို ငါတစ်ခု ပြောချင်တယ်။ မင်းတို့နှစ်ယောက်လုံးက ညီအစ်ကို အရင်းတွေပါ ။တစ်ဖအေတည်း တစ်မအေတည်းကနေ မွေးလာသူတွေပါ။ ဘာမဟုတ်တဲ့ ခြံဝိုင်းလေးကြောင့် မင်းတို့ အခုလို ဖြစ်နေတာက လူကြားလို့တောင် မကောင်းဘူး။ မင်းတို့လို အိမ်ထောင်ဦးစီးတွေက စပြီး ဒီလို ဖြစ်နေရင် မင်းတို့ မွေးလာတဲ့ မင်းတို့ရဲ့ မျိုးဆက်တွေကျရင် ဘယ်လောက်တောင် အခြေအနေဆိုးသွားနိုင်မလဲ ၊ ဒါကို မင်းတို့စဉ်းစားပါ ။ ဥပမာ တစ်ခုအနေနဲ့ ပြောရရင် ကိုရီးယား နိုင်ငံကိုပဲ ကြည့် ၊ နာမည်တစ်ခုတည်းနဲ့ တောင်ကိုရီးယား မြောက်ကိုရီးယားဆိုပြီး နှစ်ခုကွဲနေတယ်။ ပြီးတော့ သူတို့ပဲ ညီအစ်ကိုနိုင်ငံ အချင်းချင်း ပစ်နေ ခတ်နေလိုက်ကြတာ ၊ တကယ့် ကမ္ဘာမကျေ ရန်သူတွေအတိုင်းပဲ ။ မင်းတို့ကို အဲ့ဒီလိုမျိုး ဖြစ်မသွားစေချင်ဘူး။ အထူးသဖြင့် ငါအုပ်ချုပ်နေတဲ့ ရွာမှာ ရှိနေလို့ မင်းတို့ကို ပိုပြီး မဖြစ်စေချင်ဘူး ။ ငါပြောတာကို သဘောပေါက်လား ဘကျော် ၊ ဟိုကောင် ဘခက်ရော ”
ဦးဘစီ စကားဆုံးတော့ ဘကျော်နဲ့ ဘခက် ညီအစ်ကိုနှစ်ယောက်လုံး တွေတွေကြီး လုပ်နေသည်။ အတန်ကြာမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ
“ ဟုတ်ကဲ့ပါ သူကြီး ၊ ကျွန်တော်တို့ သဘောပေါက်ပါပြီ ။နောက်နောင် ကျွန်တော်တို့ နှစ်ယောက်ဆီက ပိုင်နက်လုတဲ့ ပြဿနာမျိုး ညီအစ်ကိုချင်း စစ်ခင်းတဲ့ ပုံစံမျိုးတွေ မဖြစ်စေရပါဘူး ”
သူကြီး ဦးဘစီ ဘကျော်တို့ ညီအစ်ကိုနှစ်ယောက်ကို ကြည့်သည်။ သူတို့ ညီအစ်ကို နှစ်ယောက်ပုံစံက အမှန်တကယ်ပင် အသိတရား ရသွားသည့် ပုံစံနှင့်မို့  ရင်ထဲမှာ အေးသွားသည်။
“ ကျွန်တော်တို့ကို ခွင့်ပြုပါဦး သူကြီး ”
ထွက်သားသော ဘကျော်တို့ ညီအစ်ကိုနှစ်ယောက်ကို ကြည့်ရင်းမှ ပြဿနာတစ်ခုတော့ အေးသွားပြန်ပြီဟု စိတ်ထဲ တွေးလိုက်မိသည်။။
( ၂ )
တစ်ရက် တစ်ရက် မိုးလင်းလာမှာကိုပင် ဦးဘစီ ကြောက်ချင်လာပြီ။ ရွာကို မုန်တိုင်း ၀င်မွှေသွားကာ ရွာရဲ့ ဟိုနေရာ ဒီနေရာ နေရာတော်တော်များများမှာ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံလိုက်ရသည်မို့ တစ်နေ့ တစ်နေ့ ထိုနေရာများသို့ သွားကာ အသက်ရှင်ကျန်သူများကို အားပေးနှစ်သိမ့်ပြီး သေဆုံးသူများကို အလောင်းမြေချနိုင်ဖို့ ကြိုးပမ်းနေရသည်။မုန်တိုင်းအပြီး သည်းသည်းမည်းမည်း ရွာလိုက်သော မိုးကြောင့် ရွာအနောက်ဘက်ချောင်းက ချောင်းရေလျှံကာ ရွာရဲ့ အနိမ့်ပိုင်းတွေကို ရေလွှမ်းသွားသေးသည်။ တစ်ချိန်က လှပသာယာခဲ့သော သူတို့ရွာကြီးသည် သဘာဝဘေးဒဏ်ရဲ့ ရိုက်ချက်မှုအောက်မှာ အလဲလဲ အကွဲကွဲနှင့် တော်တော်ပင် အကျည်းတန် ရုပ်ဆိုးသွားခဲ့သည်။ပျက်ဆီး ယိုယွင်းမှုတွေလည်း အတော်ပင် များသည်။ သူ အုပ်ချုပ်တဲ့ ရွာကလေး ယခုကဲ့သို့ ဖြစ်သွားသည်ကို ဘယ်လိုမှ သူစိတ်မကောင်းနိုင်။တကယ်တော့ ဒီရွာကြီးသည် သူကြီး ဦးဘစီ အပါအ၀င် ရွာသားများအားလုံးရဲ့ ရွာကြီး ဖြစ်သလို သူတို့တွေ အားလုံးရဲ့ ကမ္ဘာကြီးလည်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူအုပ်ချုပ်သလို သူနေထိုင်သောရွာ ပြန်လည် သာယာစေဖို့ သူအပါအ၀င် ရွာသားတွေ အားလုံး တတ်တတ်ကြွကြွ ပြန်လည် ပြုပြင်မှသာလျှင် ဖြစ်ပေမည်။။
( ၃ )
ဒီနေ့ညနေ ရွာကြီးကို ပြန်လည်ပြုပြင်ဖို့ သူကြီး ဦးဘစီတစ်ယောက် တက်ကြွနေလေသည်။သူ အပါအ၀င် ရွာက လူတွေလည်း တက်ကြွနေလိမ့်မည်ဟု ဦးဘစီ ထင်သည်။စိတ်ကူးအာရုံမှာ တစ်ယောက်က ထမ်းရင် တစ်ယောက်က ကူမည်။ ယိုယွင်းနေသည့် စည်းရိုးများကို ပြန်လည်ခြံခတ်မည်။ရေလွှမ်းသွားသော နေရာများကို မြေပြန်ဖို့မည်။ပေါက်နေသည့် အပေါက်ကို ပိတ်ဆို့မည်။ ဒီလိုဆိုရင် သူတို့ရွာကြီးသည် အရင်ကလိုပင် ပြန်လည် စိမ်းလန်း သာယာလာလိမ့်မည်ဟု ထင်သည်။ထို့ကြောင့်လည်း အရင်နေ့က ကြိုတင်နှိုးဆော် ချိန်းချက်ထားသည့် နေရာသို့ ဦးဘစီတစ်ယောက် ရောက်လာသည်။
“ ဟင် ”
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဦးဘစီ အံ့သြသွားသည်။ သူကိုယ်တိုင်ပင် မနေ့ကတည်းက သေသေချာချာ ဆော်သြပြီး ရွာကို ပြုပြင်ကြဖို့ တိုက်တွန်းခဲ့သည်။လာကြလိမ့်မည်ဟုလည်း ဦးဘစီ မျှော်လင့်ခဲ့သည်။ယခု မြင်လိုက်ရသည်က ဘကျော်တို့ ညီအစ်ကိုနှစ်ယောက် ၊ ရွာထဲက စာကြည့်တိုက်ပိုင်ရှင် အောင်ထိုက်အပြင် တခြားလူ လေးငါးယောက်သာ တွေ့ရသည်။
“ ဟ ..လူက ဒါပဲလားဟ ”
အံ့သြစိတ်ကို မထိန်းနိုင်ဘဲ ဦးဘစီ မေးလိုက်မိသည်။
“ ဟုတ်တယ် သူကြီး ၊ ဒါပဲလို့ပဲ ပြောရမယ်။ တခြားသူတွေ လာမယ့်ပုံ မမြင်ဘူး။ တစ်ချို့ကိုလည်း ၀င်ခေါ်တာပဲ ၊ ဒါပေမယ့် လာမယ် မထင်ပါဘူး”
ဘကျော်စကားဆုံးတော့ ဦးဘစီ တော်တော်ပင် စိတ်ဓာတ် ကျသွားသည်။ စိတ်ထဲမှလည်း သူဦးဆောင်တာကို သဘောမကျလို့များလားဟု တွေးမိသည်။ တွေးစရာတွေကလည်း ရှိနေသည် ။ ဦးဘစီ သူကြီးရာထူး စလက်ခံသည့်နေ့က တစ်ချို့က မကျေပ်နပ်သဖြင့် ကန့်ကွက်ခဲ့ဖူးသည်။ အသံတိတ် လှောင်ရယ်သူများနှင့် ကြုံရသည်။ ထိုထဲက တစ်ယောက်ဆိုလျှင် စီးထားသည့် ဖိနပ်ဖြင့် ဦးဘစီကို ပစ်ပေါက်ခဲ့ဖူးသည်။
“အေးကွာ ၊ ငါတို့နေတဲ့ရွာကို ပြုပြင်ဖို့ ၊ ငါမျှော်လင့်ထားခဲ့တာ ခုတော့ ပျက်ပြီထင်ပါတယ်ကွာ”
စိတ်ထဲမှာ ပေါ်လာသည့်အတိုင်း မချိတင်ကဲ ရေရွက်လိုက်ပြီးမှ ရောက်လာသော ရွာသားတွေ စိတ်ဓာတ်ကျသွားလေမလားဟု တွေးပြီး စိုးရိမ်မိပြန်သည်။ လှည့်ကြည့် အကဲခတ်လိုက်တော့ သူတို့ မျက်ဝန်းတွေမှာ ရွာကြီး ပြန်လည် မသာယာမှာ စိုးရိမ်သော၊ မလာသောသူတွေကို ဒေါသဖြစ်သော အရိပ်အယောင်တွေ ယှက်ဖြာနေသည်။ ထိုအထဲမှာ ထူးထူးခြားခြား ငြိမ်နေသည်က အောင်ထိုက်။“လူငယ်တွေ စာဖတ်မှ အနာဂတ် သာယာမည်” ဆိုသော ကြွေးကြော်သံဖြင့် ကျေးရွာစာကြည့်တိုက်ကို တစ်ယောက်တည်း ထူထောင်ခဲ့သည့် အောင်ထိုက်။ကိုယ်တိုင်စာဖတ်သလို ခေတ်ကို မျက်ခြေပြတ် မခံသည့် အောင်ထိုက်။
“ ဘယ်လို လုပ်ကြမလဲ အောင်ထိုက်”
ဦးဘစီ အောင်ထိုက်ဘက်ကို အကူအညီတောင်းခံသည့် ဟန်ဖြင့် မေးလိုက်သည်။ ဦးဘစီ မေးသံ အဆုံးမှာတော့ အောင်ထိုက်က သူ့ထုံးစံအတိုင်းပင် တည်တည်ငြိမ်ငြိမ်နဲ့ဆိုသည်။
“ဘယ်လို လုပ်မလဲဆိုတာထက် ဘယ်လိုလုပ်သင့်လဲဆိုတာက ပိုအရေးကြီးမယ်လို့ ကျွန်တော် ထင်တယ် သူကြီး။ကျွန်တော်တို့ ရွာကြီးမှာ မုန်တိုင်းဒဏ် ၊ ရေကြီးတဲ့ ဒဏ်တွေကြောင့် ပျက်စီး ယိုယွင်းခဲ့ရတယ်။ အဲ့ဒီ ရုပ်ဝတ္ထု ပျက်စီးယိုယွင်းမှုတွေကြောင့်လည်း ရွာထဲက သားပျောက်မိခင်တွေ၊မိခင် ဖခင်မဲ့ ကလေးငယ်တွေ၊ သားကွဲ မယားကွဲ ဖြစ်တဲ့ သူတွေရဲ့ စိတ်မှာ အားငယ်မှု ၊ သိမ်ငယ်မှု ဒဏ်ရာဒဏ်ချက်တွေ ဘယ်လောက်တောင် များနေမလဲ။ အဲ့ဒါက စိတ်ရဲ့ ဒဏ်ရာဒဏ်ချက်၊ အကောင်အထည်မဲ့တယ်။ မြင်ရခဲတယ်။ ဒါကို သာမာန်မျက်စိနဲ့ မမြင်နိုင်ဘူး။ စာနာမှုဆိုတဲ့ မျက်လုံးနဲ့ ကြည့်မှ မြင်နိုင်မယ်။ ဒါက နံပါတ်တစ်အချက် ရုပ်ဝတ္ထု ပျက်စီးမှုတွေကနေ အတွင်းလှိုက်စားတဲ့ ပြဿနာ၊ရိုရှင်းတဲ့ ဂေဟဗေဒ စနစ်၊ နောက်တစ်ခုကတော့ အိမ်နီးချင်းတွေရဲ့ နယ်မြေလုတဲ ရန်စစ်မီး ပြဿနာ ၊ အဆိုးဆုံးကတော့ ရွာထဲက လူတွေရဲ့ စိတ်ဓာတ်ပဲ ၊ ဟိုနေရာလည်း ငါ ၊ ဒီနေရာလည်း “ငါ” ။ နေရာတိုင်းမှာ အတ္တတွေ ထူပြောလာတယ်။ကိုယ့်ဖို့ ဆိုတဲ့ တစ်ဘို့တည်းသမားတွေ များလာတယ်။ ကိုယ်ကျင့်တရားတွေ ခေါင်ပါးလားတယ်။အကျင့်စာရိတ္တတွေ ချို့တဲ့လာတယ်။ အဲ့ဒါကြောင့်လည်း သဘာဝတရားကြီးက တစ်ခါတစ်ခါ လူတွေကို ဒဏ်ခက်တတ်တာ။ ကဗျာဆရာ ပိုင်စိုးဝေကတော့ ဆိုဖူးတယ်။ “ ဒီကမ္ဘာကြီး နာမကျန်းတာကို ကုသဖို့ ကဗျာဆရာ လုပ်တယ် ” တဲ့။ တကယ်တော့ ကဗျာဆရာ ပြောသလို ကမ္ဘာကြီး နာမကျန်းတာကို ကုသဖို့ ကဗျာဆရာတွေ လိုအပ်သလို ကဗျာကို ခံစားတတ် နားလည်တတ်တဲ့ သူတွေလည်း လိုအပ်နေသေးတယ်။ အဲ့ဒီလိုပဲ ကျွန်တော်တို့ ရွာကြီးမှာလည်း သူကြီးလို ဦးဆောင်တဲ့ လူတွေ လိုအပ်နေသလို သူကြီးနောက်ကနေ လိုက်တဲ့ နောက်လိုက်ကောင်းတွေလည်း လိုအပ်နေတယ်။ အထူးသဖြင့် လိုအပ်တာကတော့ အဲ့ဒီလူတွေမှာ “အတ္တ” ဆိုတဲ့ အရေခွံ ပါးဖို့ပဲ ။အခုအတိုင်းဆိုရင် ရွာကို ပြန်လည် ပြုပြင်ဖို့ထက် ရွာထဲက လူတွေရဲ့ စိတ်ဓာတ်တွေကို အရင်ပြုပြင်သင့်တယ်။ သူတို့တွေရဲ့ စိတ်ဓာတ်တွေ ဒေါင်ဒေါင်မြည် သန်စွမ်းလာပြီဆိုရင်တော့ ကျွန်တော်တို့ရွာရဲ့ အနာဂတ်က ဆိုးဆိုးဝါးဝါး မဖြစ်နိုင်သေးပါဘူး”
အောက်ထိုက်စကားအဆုံးမှာ ထောက်ခံသံအချို့ ညံသွားသည်။
သူကြီး ဦးဘစီ ကိုယ်တိုင်ပင် အောင်ထိုက်စကားကို ထောက်ခံမိသည်။ ထို့အတူပင် အောင်ထိုက်စကားထဲတွင် တွေးစရာ တသီကြီးကိုလည်း တွေ့လိုက်သည်။ သူအပါအ၀င် ရွာထဲက လူတွေအားလုံး “အတ္တ” အရေခွံ ပါးမည်ဆိုလျှင်ဖြင့်......သူတို့ရွာကြီးရဲ့ အနာဂတ် သူတို့ရွာကြီးရဲ့ ကျန်းမာရေးသည် နာလန်ထူလိမ့်မည်ဟု ထင်သည်။ဟုတ်သည်။ ရွာကြီး ပြန်လည် စိန်းလန်းသာယာဖို့က ဗဟိဒ္ဓ ချို့ယွင်းချက်တွေထက် အဇ္ဈတ္တအပေါက်ကို ပြန်လည် ဖာထေးမှ ရပေလိမ့်မည် ။
ကြိုးစားပါဦးမည်။
ဆန္ဒမွန်ဖြင့်...။လွမ်းနောင် ။
No comments:
Post a Comment
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။