Saturday 21 July 2012

အသက်ရှူရပ်တဲ့ ကဗျာ

အချစ်ဆိုတာ တစ်ခုအတွက်နဲ့တော့

လောကကို ခါးစောင်းတင်ဖို့အထိ

မရဲရင့်ချင်သေးဘူးလေ ။


ခန္ဓာအိမ် နံရံထက်မှာ

ရင်ဘက်က အက္ခရာတွေကို

ကဗျာအဖြစ် ထွင်းဖို့ ကြိုးစားတိုင်း

နယ်ပယ်တစ်ခုက အသိတရားကို လာလာပြီး  နှောင်တယ်။



တစ်ပါးလျော့နေတဲ့ အာရုံတွေရဲ့

ယှက်ဖြာလူးနယ်မှုတွေထဲမှာ

ဖွါရရာကျဲနေတဲ့ မနောဓာတ်တွေ

ကစဉ့်ကလျားနဲ့ လွင့်နေလိုက်တာ

ဖမ်းဆုတ်လို့ကို မမိနိုင်ဘူး။



အလွမ်းတွေ ညို့ရီနေတဲ့ ညနေခင်းတိုင်းမှာ

ဆန္ဒကို ဇတ်ကုန်လွှတ်လိုက်မိလို့

ဝါသနာတွေတောင် စိတ်ပျက်လက်ပျက် ညည်းညူပြီး

တပ်ခေါက် ပြန်သွားကြပြီ။


အဲ့ဒီလိုနဲ့ပဲ

မရေရာတော့တဲ့ ဖမ်းဆုပ်မှုတွေထဲ

လေ့ကျင့်ခန်းတွေလည်း ဘက်လွဲခဲ့ပြီ။


မိုးနဲ့မြေရဲ့ ကွာဝေးမှုမျိုး မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ
ဆန္ဒလွန် ကမ္ဘာတစ်ခြမ်းမှာ နေတဲ့ မင်းအတွက်

ဒီနေရာကနေပဲ ငါနှုတ်ဆက်ပါရစေ။

ဟော.....

တိမ်တစ်သိုက် လမ်းလျှောက်လာပြီ။

ခွဲခွါကြပါစို့။

ရာသီစက်ဝန်း လက်တံရဲ့ အချိန်မှန်ဇယားကွက်ထဲမှာ

မင်းလည်းမင်းအလျောက်

လျှောက်သွားပါ..။


ငါလည်း....အင်းးးး

ငါလည်း ငါ့အလျောက်ပါပဲလေ။


တောက်တောက်ခါးခါး  အလွမ်းတွေအတွက်

အသက်ရှူရပ်သွားခဲ့တဲ့ ငါ့ကဗျာ

ဒီမှာတင် တစ်ခန်းရပ်လို့

အဆုံးသတ်ပါရစေ။


ရံဝန်းရစ်သီနေတဲ့ သံသရာ ရထားမှာ

စိတ်ပြတင်း တံခါးကိုပိတ်

ငါ့ကဗျာတွေလည်း နှုတ်ဆိတ်

အခုတော့..

အိပ်စက်ခဲ့ပြီကွယ်။



ကြိုးစားပါဦးမည်။ ဆန္ဒမွန်ဖြင့်...လွမ်းနောင်။

1 comment:

  1. ထပ်ဖတ်သွားတယ်ကောင်ကြီး..မိုက်တယ်...

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။