Saturday, 30 November 2013

မိုးကလျာ

မိုးကလူ မိုးမြူကျ
မိုးဖြူက မိုးမှောင်
မိုးသူဇာ့  မိုးမောင်ရယ်
မိုးအဆောင် မိုးထား။

ရုပ်သေးရုပ်ပွဲတော်

မြေကမ္ဘာ လင်းရောင်သုဉ်း
တိမ်ဖုံးလို့ လမသာ။
လူ့ဘုံခန်းဝါ။

ငြိလေရာ
ကိလေသာ နွံအိုင်တော။

ဇော်ကနက် ဇော်ကနီနဲ့
ဥာဏ်ပလီ ဇာတ်အလှုပ်မှာ
(ကွယ်...)
ကြိုးရှုပ်လို့မော။


ဆန္ဒမွန်ဖြင့်...... လွမ်းနောင်။

Wednesday, 26 June 2013

နွေ သင်္ကြနှ်နှင့် မြူခိုးဝေ့ဝေ့အလွမ်းများ


ချစ်သောနွေဦးသည် ကျောခိုင်းလုလုဖြင့် ကမ္ဘာမြေကို လွမ်းဖွယ်ဖန်နေသည်။ ဆရာဘုန်းနိုင်က ပြပွဲချိန် သီသီခိုးပြီး နွေဦးကို ရက်တိုးမြှင့်ရန် တောင်းပန်သကဲ့သို့ ကျွန်တော်သည်လည်း နွေဦးကို တောင်းပန်ချင်သည်။ သို့သော်ငြား ဤမျှအထိ  လောဘကြီးရန် မသင့်ဟု ကျွန်တော်ထင်သည်။ လောဘကြီးစေဦးတော့ ချစ်သောနွေဦးသည် ကျွန်တော့်အလိုကိုဖြည့်၍ ရပ်တန့်မည်လည်း မဟုတ်။ သူသည်ရာသီ ရထား ဖြစ်သည့်အလျောက် ဘူတာရုံမှ ဆက်လက်ထွက်ခွါပေမည်။ နွေဦး လွန်လုစ ဖြစ်သော်လည်း ပင်ယံဝယ် ပိတောက်တို့ မ၀င်းသေး။ နွေဦးနှင့် ပိတောက်သည် သဟဇာတ ဖြစ်ဟန်မတူ။ မိုးတစ်ပြိုက် နှစ်ပြိုက်ကျသည့် နွေလယ်လောက်မှ ပိတောက်တို့ လဲ့ဝင်းသင်းရီတတ်သည်။`တစ်နှစ်တွင် ဒီတစ်လပေပ၊ တစ်လတွင် တစ်ရက်တည်းရယ်နဲ့´ ဟု ဦးကြော့က ဆိုသည်။ သို့သော် ယခုအခါတွင် ပိတောက်သည် ခါတစ်ရံ တစ်လတွင် နှစ်ရက်လောက် ပွင့်ချင် ပွင့်သည်။ လူအချို့ကတော့ ပိတောက်တွေ သစ္စာမရှိတော့ဟု ဆိုတတ်ကြသည်။ သို့သော်ငြား ထိုပိတောက်တို့ ပွင့်ပြီဆိုလျှင်ဖြင့် လုလင်ပျိုတို့က အမြတ်တနိုး အခက်ချိုး၍ ချစ်သူ ကေသာဦးမှာ ဆင်မြန်းပေးကြသည်။ လုံမပျိုတို့ကလည်း တစ်နှစ်တွင် တစ်ရက်ကလေး ပွင့်ရသည်ပန်းဟု  နှစ်သက်စွာ အမြတ်တနိုး ပန်ဆင်တတ်သည်။ သို့သော် ကျွန်တော့်တွင် ထိုသို့သော အခွင့်အရေးမျိုး မရှိခဲ့ပါ။ မရှိခဲ့ခြင်း အကြောင်းကို ကျွန်တော်ဖွင့်ဆိုပါရစေဦး။

Tuesday, 7 May 2013

အပွင့်ခက်တဲ့ပန်း

` အပွင့်ခက်တဲ့ ပန်း ´

မင်္ဂလာပါ
ညင်သာစကား ကြားရတဲ့ခိုက်
ရင်မှာလှိုက်ဖို အို တစ်မျိုးပဲ။
မျက်နှာတွေ့မြင်
ငလျှင်ခတ်လှုပ်
ငုတ်တုတ်လွင့်မျော
အိပ်မက်တောရောက်
နှစ်ယောက်ကမ္ဘာ
စိတ်မှာကြည်နူး
အို ရူးမိလိုက်တာ။
စိတ်ကူးရပ်လင့် ဥာဏ်ကိုဖွင့်လို့
တွက်ချင့်ဘ၀ ပြန်တွေးဆသော်
သူကတစ်မြေ မေမှာတစ်ခြား
ဝေးနေသားမို့ စိတ်သွားနှင့်ကိုယ်
အိုမပါနိုင် ငိုကာမှိုင်လျ
မေ့ဘ၀ကို   သူမှ သိပါလေစ။

နောက်ဆုံးဆန္ဒ

နွေဦးလိပ်ပြာ  စိတ်မှာခိုနား
ရထားတိမ်နီ  ရောင်ခြည်လှိုင်းထ
ဥသြကငို  မြူကပြိုဆင်း
နှင်းကြွင်းဖွဲဆဲ  ဝေ့၀ဲရွက်ဝါ
ညောင်းမြညှာကျင် ဈာန်ယဉ်ရယ်ပြောင်း
အဟောင်းအသစ် မြပုရစ်ဖူး
ညွန့်ဦးဝေစည်  နွေမဟီ။

Monday, 29 April 2013

တင်ဆက်သူများ

အမိတိုင်းနိုင်ငံ
ပေါက်ကွဲသံတွေ တညံညံ ။
မျက်ရည် မိုးချုန်းသံ ။


လယ်ပြင်မှာ ဆင် ဆိုး
ကျားနဲ့ တွေ့ကာ  စွယ်နဲ့ထိုး
ပင်ထက်မှာ မုဆိုး။

(၂၇-၄-၂၀၁၃ )

ဆန္ဒမွန်ဖြင့်...။လွမ်းနောင်။ 

Thursday, 6 December 2012

ရင်ထဲက တောက်ခေါက်သံ

အတွေးစုတ်
ခွေးယုတ်တို့ ရက်စက်သံ။

မှန်စွာဟောင်
သန္တာရောင် လွာနှစ်ချပ်
ဆင့်ထပ်နီကြန်။

Friday, 30 November 2012

မျက်ရည်ပွင့်တွေနဲ့ ကခုန်တဲ့ည

** ခင်ဗျားတို့ရယ်ဖို့ ကျွန်တော် တော်တော် ငိုခဲ့ရတယ်**
လမ်းလျှောက်ဖော်တစ်ယောက်ရဲ့ ခေါင်းစဉ်နဲ့ပဲ ဒီကဗျာကို ဖွင့်ချလိုက်တယ်။
 မနေ့ညက အိပ်စက်ခြင်းနဲ့ ကျွန်တော် စိတ်ဝမ်းကွဲခဲ့တယ်။ စိတ် .ဟုတ်တယ်။
ပါမောက္ခ ဖရွိုက်ပြောတဲ့ အရိုင်းစိတ် ဗုဒ္ဓဟောတဲ့ ၀ိပါတ်စိတ်
စိတ်ကြေးမုံမှာ စိတ်ဒွိဟဖြစ်ရင်း အရိပ်တွေနောက် ကျွန်တော်လိုက်ခဲ့။
ပယင်းရောင် လဲ့လဲ့တွေသာ အလဲလဲ အပြိုပြို ဖြစ်သွား
 ကျွန်တော်နဲ့ အိပ်စက်ခြင်း မိတ်ဆွေ ဖြစ်မသွားခဲ့ဘူး

Monday, 26 November 2012

လရောင်မျှားသော နွေညများ

ညသည် သွေ့ခြောက်လွန်းစွာ ကန္တာရဆန်လျှက် ရှိနေသည်။ အဇဋာတစ်ခွင်ဝယ် တိမ်ညိုတို့ မှိုင်းမှောင်ညစ်ထွေးလျှက်။ တိမ်ညိုတို့ကြားမှ အလင်းကြယ်တချို့ကား မဟီမြေပြင်ကို ချောင်းမြောင်းကြည့်နေသည်။လူရွယ်တစ်ယောက်။ အသက်သုံးဆယ်ခန့် လူရွယ်တစ်ယောက်။ လူရွယ်သည် ဝေရီနေသော ညအလယ်မှ နှင်းပုဝါကို ခွါချပြီး နှင်းအမိုးအောက်မှ ရုတ်တရက် တိုးထွက်လာသည်။တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ သုံးလှမ်း လှမ်းအပြီးတွင် လူရွယ်က ရှေ့သို့ ဆက်မလှမ်းဘဲ  ရပ်လိုက်၏။ ရှေ့မှာ မြင်ရသော အရာဝတ္ထုကို ကြည့်ပြီး လူရွယ် ပါးစပ် အဟောင်းသားဖြစ်နေသည်။ အတန်ကြာမှ အံ့သြမှုကို မချုပ်တီးနိုင်ဟန်ဖြင့် မေးခွန်းတစ်ခု တိုးထွက်လာသည်

Friday, 23 November 2012

ဟိုက္ကူကဗျာ

` အိပ်မက်တွေ ကြွေတဲ့ည ´


အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ။