Saturday 30 November 2013

မေတ္တာမိုးလေး ရွာစေချင်

တို့ယာမြေ အလှတော
မြကြောတို့ စိမ်းစိုပေ။


လေယူရာ နွဲ့ကာတိမ်း
ယိမ်းကလို့ဝေ။


သစ္စာမိုး မျှော်ကာနေ၊
ခေါင်နိုင်ပေ ကိုရွှေမိုး။


ခါတစ်လေ အဆင်သင့်
မျှော်လင့်ရွာနိုး။

မျှော်ရင်းသာ လင့်ပြန်ရ
စိမ်းညိုမြ ကောက်ပင်ပျို။

မေတ္တာဆို ရေချိုဓာတ်
ကင်းပြတ်သကို။

တချို့က ညိုတိုတို
တချို့ဆို  ပင်နာကျ။

အရွယ်ရယ်  ပျိုငယ်တုန်းမှာ
ဆုံးပါးပြန်ရ။


အတိတ်မှာ သာယာသော
တို့လယ်တော မြပန်းချီ။

ငါမှငါ ထင်တဲ့ပိုး၊
ထိုးဖျက်လေပြီ။

စိမ်းမြမြ ကောက်မဒီ၊
ညှိုးခြောက်ပြီ ၀ါနီပြောင်း။

ယာခင်းဝယ် ဘောင်းလန်ထိုး၊
ဆိုးလိုက်တဲ့ပေါင်း။

ပေါင်းသတ်ဆေး ထွေထွေဖျန်း
မလန်းတဲ့ တို့ယာမြေ။

ယာထွက်ပေ သီးနှံမြ
ရှုံ့တွပိန်နေ။

စစ်မီးငွေ့ တဝေေ၀
ခယောင်းမြေ  တံလျှပ်တော။

မေတ္တာဆို မြေဆီဖြူးမှ
ထူးတင့်သာမော။

တို့ယာမြေ  သာလေမှ
တို့ရွာက အလှစုံ။

စည်ဗြောသံ  တခြိမ့်ခြိမ့်
သိမ့်သိမ့်ညံဟုန်။


ဟိုးအထက် နဘံဘုံ
အမ္ဗုန်ရှင် ရင့်ကာကျူး။

အလှတိုးတဝေေ၀
မြမိုးတွေ ဖြိုင်ဖြိုင်စွေမှ
မြေကမ္ဘာ အလှကိန်းလို့
စိမ်းညို့တင့်ထူး။

ဆန္ဒမွန်ဖြင့်...။ လွမ်းနောင်။

ကဗျာမဂ္ဂဇင်း။ နိုဝင်ဘာ။ 

၃၁.၈.၂၀၁၃  ည ၁၁နာရီ ၂၂မိနစ်။

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။