Saturday 30 November 2013

ထန်းလက်တဲမိုးတဲ့နေ့

နှောင်းနွေအခါ ၀ဠာက မိုးတွေ ညို့လျှင်ဖြင့်

ပေါင်းဆွေသဟာ လာကြ အမိုးတွေ တို့ပြင်စို့ရဲ့

ဖိုးခင်တို့တဲရယ်နဲ့ နွားစာခြံ ၊

(အိုကွယ်..)

မိုးစင်လို့ ရွှဲလျှင်ဖြင့် သွားမှာအမှန်။



တန်းဖော်အခြင် အစီအရီ ထပ်ပါလို့

ဝါးခြမ်း လျှော်ပင် စည်စည်` ခတ် ´လေကွယ့်

အပီ အညီ ညှပ်ကာ အကွက်ဖော် ထိုးပါလို့

မဟီဆီ ညွှတ်ကာ တစ်ကွက်ကျော်မိုးလျှင်ဖြင့်

အရပ်ကျော် ဟိုးပါလို့  ဆာယာချိုအမှန်

   (အလိုကွယ့်..)

ဆဋ္ဌမော်စိုးသူက မနာလိုပြန်။


ထန်းလက်ရော် အသစ် မိုးအပြီးမှာတော့

မှန်းလျှက်နော်  နှစ်နှစ် မိုးမစီးစေဖို့

ကောက်ရိုး  ကြီးကြီး  ထူထူ ခေါင်မှာ ထပ်ပြန်ပေါ့

နောက်တစ်မျိုး အပြီးအစီးမူ ဘောင်ပမာ  ပြဿတန် ရယ်နဲ့

မပြတ်မှန်ရောင်သ  လေအကာ မှိန်းအုပ်ယိမ်း။

(ဖိုးခင်ရေ)

ကျွတ်မလန်အောင်ပ အသေအချာ ထိန်းချုပ်သိမ်း။


နွေအခါလေ

ရွှေညာမြေ အလှတင့် တိုးပါလို့

ပြည်ရွာမလေ ဘ၀မြင့် ဖြိုးပါလိမ့်

တို့ရိုးရာ ထန်းလက်တဲမိုး ယဉ်အလှရယ်က

မြင်ရတာ ရင်မှာ လန်းကာ ဖြာဝေလို့

ရွှင်ပြစွာ  ဘ၀င်မှာ ချမ်းကာ သာပေလိမ့်

ရွှေညာမြေ  မောင်းထုစရာ ဓာတ်အလှကိန်းကိုလ

ဝေဖြာစေ  သောင်းဇမ္ဗူ့မှာ  ဘ၀ဂ်မျှ ဟိန်းအောင်ပ

  (အိုကွယ်  )

ပေါင်းစု၍ထိန်း။

 ဆန္ဒမွန်ဖြင့်....လွမ်းနောင်။

၁၈.၅. ၂၀၁၃။

1 comment:

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။