Wednesday 26 June 2013

နွေ သင်္ကြနှ်နှင့် မြူခိုးဝေ့ဝေ့အလွမ်းများ


ချစ်သောနွေဦးသည် ကျောခိုင်းလုလုဖြင့် ကမ္ဘာမြေကို လွမ်းဖွယ်ဖန်နေသည်။ ဆရာဘုန်းနိုင်က ပြပွဲချိန် သီသီခိုးပြီး နွေဦးကို ရက်တိုးမြှင့်ရန် တောင်းပန်သကဲ့သို့ ကျွန်တော်သည်လည်း နွေဦးကို တောင်းပန်ချင်သည်။ သို့သော်ငြား ဤမျှအထိ  လောဘကြီးရန် မသင့်ဟု ကျွန်တော်ထင်သည်။ လောဘကြီးစေဦးတော့ ချစ်သောနွေဦးသည် ကျွန်တော့်အလိုကိုဖြည့်၍ ရပ်တန့်မည်လည်း မဟုတ်။ သူသည်ရာသီ ရထား ဖြစ်သည့်အလျောက် ဘူတာရုံမှ ဆက်လက်ထွက်ခွါပေမည်။ နွေဦး လွန်လုစ ဖြစ်သော်လည်း ပင်ယံဝယ် ပိတောက်တို့ မ၀င်းသေး။ နွေဦးနှင့် ပိတောက်သည် သဟဇာတ ဖြစ်ဟန်မတူ။ မိုးတစ်ပြိုက် နှစ်ပြိုက်ကျသည့် နွေလယ်လောက်မှ ပိတောက်တို့ လဲ့ဝင်းသင်းရီတတ်သည်။`တစ်နှစ်တွင် ဒီတစ်လပေပ၊ တစ်လတွင် တစ်ရက်တည်းရယ်နဲ့´ ဟု ဦးကြော့က ဆိုသည်။ သို့သော် ယခုအခါတွင် ပိတောက်သည် ခါတစ်ရံ တစ်လတွင် နှစ်ရက်လောက် ပွင့်ချင် ပွင့်သည်။ လူအချို့ကတော့ ပိတောက်တွေ သစ္စာမရှိတော့ဟု ဆိုတတ်ကြသည်။ သို့သော်ငြား ထိုပိတောက်တို့ ပွင့်ပြီဆိုလျှင်ဖြင့် လုလင်ပျိုတို့က အမြတ်တနိုး အခက်ချိုး၍ ချစ်သူ ကေသာဦးမှာ ဆင်မြန်းပေးကြသည်။ လုံမပျိုတို့ကလည်း တစ်နှစ်တွင် တစ်ရက်ကလေး ပွင့်ရသည်ပန်းဟု  နှစ်သက်စွာ အမြတ်တနိုး ပန်ဆင်တတ်သည်။ သို့သော် ကျွန်တော့်တွင် ထိုသို့သော အခွင့်အရေးမျိုး မရှိခဲ့ပါ။ မရှိခဲ့ခြင်း အကြောင်းကို ကျွန်တော်ဖွင့်ဆိုပါရစေဦး။




မှတ်မှတ်ရရ ဘုံဘ၀မှာ ကြုံရသည့်  သူမကို ပထမဆုံးနှင့် နောက်ဆုံး `ချစ်တယ်´ ဟု ပြောစဉ်က  ဆောင်းမကုန်တတ်သေး။ သို့သော်ငြား သူမကို ကျွန်တော်စတွေ့သည်ကတော့ နွေလယ်မှာပင်ဖြစ်သည်။ ထိုစဉ်က သင်္ကြန်မတိုင်မီ ကျွန်တော်က အမိမြန်မာပြည်ကို ပြန်ရောက်သည်။ ကြားထဲတွင် ဖြစ်ပေါ်သော် ပဋိပက္ခများနှင့် ကျွန်တော့် မပြည့်စုံမှုများကြောင့်ပေလော မသိ။ သူမဆီမှ ကျွန်တော့်ကို တုန့်ပြန်သောအဖြေမှာ ကျွန်တော့်မျှော်လင့်ချက်ပန်းတိုင်း ကျိုးသည့် အဖြေသာတည်း။ သို့သော်ငြား ပရဟိတ ကိစ္စတချို့အတွက် ရန်ကုန်တွင် ရက်အနည်းငယ် သောင်တင်နေသော ကျွန်တော့်ကိုတော့ သူမနှင့်အတူ သင်္ကြန်အတွင်း ရိပ်သာဝင်ရန် ပြောသည်။ ကျွန်တော်က ဇာတိမြေ မွေးရပ်ရွာလေးသို့ ပြန်ချင်ဇောကြီးနေသည်က တစ်ကြောင်း သူမနှင့် နီးနေလျှင် ပိုပြီးခံစားရမှာ စိုးရိမ်သည်က တစ်ကြောင်းကြောင့်  သူမစကားကို နားမထောင်နိုင်ခဲ့ပါ။ ရန်ကုန်မှ အလွမ်းတွေကိုသာ တနင့်တပိုး ထုတ်ပိုးပြီး ဇာတိရွာလေးသို့ ကျွန်တော်ပြန်ခဲ့သည်။ သင်္ကြန်းအတွင်း ထိန်ဝေနေသော ပိတောက်ပန်းများကို ကြည့်ပြီး ကျွန်တော် သူမကို နင့်နင့်သည်းသည်း လွမ်းမိသည်။အလွမ်းကို ဖြေဖျောက်ရန်အတွက်မူ ကျွန်တော် မတတ်စွမ်းခဲ့။ နွေနေအပူနှင့် ရင်အပူအတွက် လည်ချောင်းထဲသို့ ပူလောင်ပြင်းရှစေသည့်  ဆေးခါးရည်တချိုကို လောင်းချရင်း ကျွန်တော်ဒဏ်ကို ကျွန်တော်ညာပြီး ကုခဲ့သည်။ အမှန်မှာ ထိုလုပ်ရပ်သည် စိတ်ဓာတ်ပျော့ညံ့သူတို့ လုပ်ရပ်ဟု တစ်ချိန်က ကျွန်တော် ယူဆခဲ့သည်။ ယခုအချိန်မှာတော့ ထိုယူဆချက်ကို ကျွန်တော် လျစ်လျူရှုမိလေပြီ။ဒါတွေကို သူမ သိနိုင်မည်မထင်။ ကျွန်တော် နိုင်ငံခြားသို့ ပြန်ထွက်ရန်အတွက် ရန်ကုန်ရောက်တော့ မေလနှောင်းပိုင်း။ သူမ ကျွန်တော့်ကို သေရာပါ ဒဏ်ရာတွေ ပေးထားသည့်တိုင်စေ ကျွန်တော်သူမကို မုန်းမသွား။ သူမသည် မေလကဲ့သို့ သန့်စင်လှပဆဲဟု ကျွန်တော်ထင်သည်။ သို့သော်ငြား ကျွန်တော်နွေကမ္ဘာတွင်တော့ `ပိတောက်လည်းတုန်း လလည်းပုန်း´ သည့်အဖြစ်မျိုး ပမာဖြစ်သည်ကို သူမ သိစေလိုသည်။ သူမ၏ ကေသာဦးမှာ တင့်လျှမ်းခွင့် မရလေသော ပိတောက်ဦးလေးများသည် ကျွန်တော် ဒိုင်ယာရီ စာအုပ်လေးထဲတွင် အစီအရီ အိပ်စက်ခွင့်ရခဲ့သည်။


အထက်ပါအကြောင်းအရာများသည် ကျွန်တော့်အဖြစ်အပျက်များဖြစ်သည်ဟု သင်တစ်ထစ်ချ မတွက်စေချင်။သို့သော် ထိုအရာများသည် ဖြစ်ခဲ့ပြီးသော အပျက်များ ဖြစ်၏။ ထိုအရာကိုတော့  သင်လက်ခံယုံကြည်ရမည်။ ကုန်ဆုံးသွားသော နွေနေ့လယ် အိပ်မက်များအတွက်ကိုမူ ကျွန်တော်မှာ အလွမ်းလက်ကျန်တချို့ ရှိဆဲဖြစ်၏။ သို့သော် ထိုအလွမ်းသည် တမ်းမက်ခြင်း သက်သက်မဟုတ်တာတော့ ပြောချင်သေးသည်။ ကျွန်တော့် ဒိုင်ယာရီ စာအုပ်လေးထဲတွင် သူမကို မပေးဖြစ်ခဲ့သော နှင်းဆီပန်းခြောက်နှင့် ပိတောက်ဦးပန်းခက်ခြောက်ကလေးများ ရှိနေသေးသည်။ ထို့အတူ သူမ လက်ခံမသွားသော အသည်းနှစ်လွှာပုံ စာရွက်ခေါက်ကလေးလည်း ရှိနေသေးသည်။ထို သက်မဲ့အရာလေးများသည် ကျွန်တော် သူမကို လွမ်းတိုင်း ထုတ်ကြည့်ဖြစ်သော အရာများ ဖြစ်သည်ဟု ဆိုလျှင် ကျွန်တော် ညာရာကျပေမည်။ သို့သော်ငြား အချိန်တော်တော်များများ ထုတ်ကြည့်ဖြစ်သည် ဆိုခြင်းကိုတော့ ၀န်ခံရပေမည်။


ယခုနှစ် နွေဦးတွင် ကျွန်တော် သူမကို ထူးထူးခြားခြား အလွမ်းပိုနေမိပြန်သည်။ အတီးမပါသော အဆိုသက်သက်ဖြင့် ကိုစောညိန်း၏ `နွေဦး´  နှင့် `ချစ်ပြုံးနှင်းဆီ´ သီချင်းများကို ညည်းမိတတ်သည်။ ငွေလသာသော နွေညပြာများအောက်တွင် သူမကို လွမ်းရင်း လရောင်ကို ရွှေဖီမိုးလွတ်နိုင်ခြင်း ခပ်ထားသော အကြမ်းရည်ဖြင့် မြည်းစမ်းကြည့်သည်။ ထိုအလွမ်းသည် အနည်းငယ် ခါးသက်သက်နိုင်သည်ဟု ကျွန်တော်ထင်သည်။ တစ်ဆက်တည်းမှာပင် `ထင်´ခြင်းသည် လူ့သဘာဝပေတည်း ဟု ဆိုခဲ့ဖူးသော ဆရာတစ်ယောက်ကို သတိရမိပြန်သည်။ သို့သော် သူမ၏ ရုပ်နာမ်နှစ်ဖြာအလှသည် ကျွန်တော့်ထင်ခြင်းမဟုတ်သည်ကိုတော့ ကျွန်တော်သိသည်။ ကျွန်တော် သူမကို လွမ်းသည့်အကြောင်းများထဲတွင် ဘတ္ထရီ ကုန်သည်အထိ ဖုန်းပြောခဲ့သော ညများ ပါသည်။     ` အစ်ကို´ ဟုခေါ်သော သူမ အသံလွင်လွင်လေး ပါသည်။ဖုန်းပြောရင်း သူမဆိုပြခဲ့သော သီချင်းအေးအေးလေးတွေ ပါသည်။ သူမ သိပ်ကြိုက်သော ကော်ဖီနှင့် ကျွန်တော် မစားခဲ့သော ချောကလက်လေးတွေ ပါသည်။ သူမကို ကျွန်တော် မည်မျှ ချစ်သည်ဆိုခြင်းကို သူမ သိ မသိ ကျွန်တော် မသိပါ။ သို့သော် သူငယ်ချင်းများနှင့် မြေနီကုန်း မီးပွိုင့်ကြီးကတော့ သိလေမည်။ ထို့အတူ စာအုပ်ကြား အိပ်စက်ရရှာသော ပိတောက်ပန်းခြောက်ကလေး သိမည်။ လှည်းတန်းဈေးနံရံပေါ် လျောင်းစက်ရရှာသော နှင်းဆီဖူးလေးသိမည်။ အတိတ်သည် မြူနှင်းမှုန်နေသည့် ညနှင့် တူသည်ဟု ဆိုသော်ငြား သူမနှင့် ပတ်သတ်သော အတိတ်တို့သည် ယခုအချိန်ထိ ကျွန်တော့်အတွက် သစ်လွင်နေဆဲ ဖြစ်သည်။



 မြန်မာမှန်လျှင် သင်္ကြန်ဆိုသော စကားကို ကြားရုံနှင် ရင်ခုန်တတ်သည်။ နွေ၏ ဇာတ်လိုက်ကျော်သည် သင်္ကြန်ဟု ဆိုကြမည်ဆိုလျှင် သူ့အပေါင်းအဖော် တမာန်တော် ဥသြငှက်နှင့် ပွင့်ဖက်လွှာ ရွှေစင်ပိတောက်ကိုလည်း မေ့ထား၍ ရမည်မဟုတ်။ ထို့အတူ ရွက်ကြွေတောနှင့် ရိုးပြတ်လယ်ကွင်းကိုလည်း ပစ်ပယ်၍ ရမည်မဟုတ်။ ပစ်ပယ်၍ မရသော နွေသရုပ်ဆောင်များကို ပြောနေလျှင် ဆုံးမည်မဟုတ်ပါ။ သို့သော် ကျွန်တော်ယခု ပြောချင်သော အကြောင်းအရာမှာ ထိုဇာတ်လိုက်ကျော်များနှင့် ဆက်စပ်နေနိုင်ပါသည်။ နွေသည် ခြောက်သွေ့သည်ဟု ဆိုတတ်ကြသည်။ ကျွန်တော့်အတွက်တော့ မမှန်ပါ။ နွေဦးတွင် နှင်းကြွင်း၊ လက်ပံပွင့်နီနှင့် ရွက်ကြွေတောများသည် နွေ၏ ပန်းချီကား ဖြစ်၏။ နွေလယ်တွင် ပိတောက်ပန်းနှင့် သင်္ကြန်ခန်းသည် ချစ်သောနွေကို တိုက်ချွတ်ပေးသကဲ့သို့ အရောင်လွင်စေသည်။ နွေနှောင်းတွင်မူ မြရွက်တို့ကြားမှာ ပတ္တမြားပွင့်တို့ ရဲရဲနီနီ အလှဆင်လိမ့်ဦးမည်။ ထို့ကြောင့် နွေသည် ကျွန်တော့်အတွက်မူ ခြောက်ခမ်းသည် မဆိုသာခဲ့။



 ပြီးခဲ့သည့်နှစ် သင်္ကြန်က သူမပြောသကဲ့သို့  ရိပ်သာမ၀င်နိုင်သော်လည်း ပြည်ပရောက်ခိုက် တတ်နိုင်သလောက် ကုသိုလ်ယူမည် စိတ်ကူးပြီး သင်္ကြန်မဏ္ဍပ်များ စည်းကားရာ အရပ်မှာ သူငယ်ချင်းများနှင့် စုပြီး မုန့်ဟင်းခါး ကျွေးကြသည်။ သူမကို လွမ်းသည့် အကြောင်းများနှင့် သူမနှင့် တွေ့သော သင်္ကြန်အကြောင်းများကို အလုပ်ထဲတွင် အမြဲတမ်း ဖွင့်ဟဖြစ်သော ရင်ဖွင့်ဖော် တိုင်းခြားသူငယ်ချင်းတစ်ယောက်က သင်္ကြန်ဆိုသော ရေကစားပွဲတော်ကို လာချင်သည် ဆိုသဖြင့် ထိုနေ့က ကျွန်တော် ဖိတ်ခဲ့သည်။ သူရောက်လာသော အကျနေ့တွင် လှူဒါန်းကျွေးကြသူများ၊ ရေကစားနေသူများ၊ ခေတ်ပေါ် အမြူးသီချင်းဖြင့် စင်ပေါ် စင်အောက် ခုန်နေသူများကို တိုးဝှေ့နေသူများ စသည်စသည်တို့ကို ကျွန်တော် လိုက်ပြသည်။ တစ်နေရာ အရောက်တွင်မူ  ဘီယာဗူးခွံများ လိုက်လံကောက်နေသော သူအချို့ကို ကျွန်တော်တို့တွေ့သည်။ဗူးခွံများကား တောင်ငယ်ပမာ မို့မို့မောက်မောက်နှင့် ရှိနေ၏။ ထိုဗူးခွံများသည် ကျွန်တော်တို့အဖွဲ့ သောက်သည်များလည်း ပါ၏။ ထို့အတူ ကရင်း ခုန်ရင်း သောက်ကြသူများလည်း ပါ၏။ ဗူးခွံများကိုတွေ့တော့ သူက ကျွန်တော့်ကို  `မင်းတို့က ရေကစားပွဲတော်လား ဘီယာကစားပွဲတော်လား´ ဟု မေးသည်။ လက်ထဲမှ သောက်လက်စ ဘီယာဗူးလေးအား မသိမသာ နောက်သို့ ၀ှက်ရင်း အင် အယ် ညည်းပြီး ဟိုကုတ် ဒီကုတ်နှင့် ကျွန်တော် အရူးကွက် နင်းခဲ့သည်။ သူ့ကို အရူးကွက်နင်းခဲ့ရသော်လည်း ကျွန်တော့် စိတ်ကိုတော့ ကျွန်တော် အရူးကွက် နင်း၍ မရခဲ့ပါ။ ရိုးရာသင်္ကြန်၊ ငွေဖလားနှင့် ရေကစားသော သင်္ကြန်၊ သပြေရွက်နှင့် ရေပက်သော သင်္ကြန် ၊ အစဉ်အလာနှင့် ယဉ်ကျေးမှုသည် လေထဲတွင် ပျောက်လုလု။သင်္ကြန်ဟူသော အသုံးကို ဆန်းစစ်ကြည့်တော့ သင်္ကြန္တ=ကူးပြောင်းခြင်းဆိုသည့် အဓိပ္ပါယ်ထွက်သည်။ သို့သော်ငြား ယခုကူးပြောင်းနေခြင်းများသည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းမဟုတ်ပဲ ရိုးရာပွဲမှ သရုပ်ပျက်ပွဲသို့ ကူးပြောင်းခြင်းနှင့် တူနေပြီလောဟု ကျွန်တော်တွေးမိသည်။။ထိုနေ့က သူမကို ကျွန်တော် မလွမ်းအားပါ။ သူငယ်ချင်း၏ အမေးထဲတွင်သာ ခေါင်းစိုက်နေခဲ့ပါသည်။


ယခုနှစ် သင်္ကြန်မရောက်သေးပါ။ ရောက်လျှင်လည်း သူမက ကျွန်တော့်ကို ရိပ်သာဝင်ရန် တိုက်တွန်းတော့မည်မထင်။ ထို့ အတူ လူမျိုးခြား သူငယ်ချင်းသည်လည်း သင်္ကြန်ပွဲကို လိုက်ကြည့်ချင်မည် မထင်တော့ပါ။ရိုးရာပွဲကို သရုပ်ပျက်ပွဲအသွင်မြင်သွားမည်ဖြစ်သောသူ့ခံစားချက်များကိုလည်း ကျွန်တော်မြင်လိုက်မိသလိုရှိ၏။ထိုအဖြစ်အပျက်များကြောင့်လည်း ကျွန်တော့်ရင်ထဲတွင် အရှိုးရာများ ထင်ကျန်နေသည်။ သို့သော်ငြား  ပိတောက်ဦးတို့ ပွင့်လေလျှင်တော့ ကျွန်တော် သူမကို ဆွတ်ဆွတ်ကျင်ကျင် လွမ်းမိပါဦးမည်။ ထိုအလွမ်းသည် တမ်းမက်ခြင်း သက်သက် မဟုတ်သည်ကိုတော့ ထပ်၍ ဆိုပါရစေဦး။ ထိုအလွမ်းနှင့်အတူ အရှိုးရာ တချို့ကလည်း ကျွန်တော့်ရင်ထဲတွင် ယှက်သိုင်းအိမ်ဖွဲ့နေဆဲ ဖြစ်သည်။ ယခုနှစ် ကျွန်တော့်ဒိုင်ယာရီ စာအုပ်လေးထဲတွင် ပိတောက် တစ်ခက်နှင့် အတူ ဘီယာဗူးခွံလေး  တိုးလာပါဦးမည်လော။ခေတ်၏ ရိုက်ခတ်မှုကို အကြောင်းပြ၍ ကျွန်တော်ခရီးဆက်ရမည်လော.။ သင်္ကြန်သည် သင်္ကြန်ပီပီ အဓိပ္ပါယ်ရှိစွာ ကောင်းသောပြောင်းလဲခြင်းဖြင့် နှစ်သစ်ကိုကြိုဆိုပါဦးမည်လော..။ အလွမ်းမြူမှုန်ဝေ့ကျန်ရစ်သောကျွန်တော့်နှလုံးသားထဲမှာ အဖြေများကေ၀၀ါးကျန်ရစ်နေဆဲဖြစ်ပါသည်။


ဆန္ဒမွန်ဖြင့်....။ လွမ်းနောင်

1 comment:

  1. ဆရာသမားကတော့ လုပ်ချလိုက်ပြန်ပြီ.. ဟေးးဟေးးး
    မိုက်တယ်...

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။