Saturday, 15 September 2012

ပန်း


တလောက ဘလော့ဂါတွေရဲ့ ဘလော့စာမျက်နှာတွေ လိုက်ဖတ်ရင်း ကျွန်တော် လေးစားအတုယူရတဲ့ ကိုဟယ်ရီရဲ့ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ အရောက်မှာ `ဒေါင်း ´ ဆိုတဲ့ ကဗျာတစ်ပုဒ်ကို သွားတွေ့တယ်။ ` ဒေါင်း ´ နဲ့ အတူ `လွမ်းလှိုက်လျက်လေး ´  ` စိမ်း ´  စတဲ့ ဟန်တူ ကဗျာတွေကို ခံစားဖတ်ရှုရတာမို့ ဗဟုသုတ ပွါးရင်းကနေ ကိုယ်တိုင်လည်း အဲ့လိုလေးတွေ ရေးကြည့်ချင်တဲ့ စိတ်ကလေး ဖြစ်လာပါတယ် ။ ဒါကြောင့်လည်း ` ပန်း ´ ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ ဒီကဗျာလေးကို စမ်းရေးကြည့်တာပါ ။  လေးထပ်ကြော့ စကြာတေးထပ်လို့  မှတ်သားမိပါတယ်။

ပန်းတစ်ခိုင်ဆိုတာလေးကနေ လက်ဝဲရစ် ဖတ်သွားလိုက်ရင် ဒီလိုလေး တွေ့ရမှာပါခင်ဗျာ။



ပန်း  တစ်ခိုင်                 ပန်း  မြိုင်တင့်                    ပန်း  လှိုင်ဆင့်                                    ပန်း   ဝေ ။
ပန်း  ကြိုင်စွင့်             ပန်း  တွေရယ်                     ပန်း  ကဝေ                                 ပန်း အလှ ။
ပန်း  မြမြ                    ပန်း    နွယ်                        ပန်း    ထည်တဲ့                              ပန်း  ဘ၀ ။
ပန်း  အသွေး              ပန်း   မွှေးကြည်တယ်        ပန်း  ရွေးသီ                            ပန်း  ပန်းချီခြယ်သ။
ပန်း ၀တ်ရည်             ပန်း  ကြည်မြသမို့             ပန်း သီတာ့                                     ပန်း လွင် ။
ပန်း  အစုံ                   ပန်း    ဂုဏ်မညှိုး               ပန်း ဘုံတိုး                                       ပန်း မွန် ။
ပန်း  ညီကာ               ပန်း အသွင်မို့                   ပန်း ဆင်လို့                                    ပန်း  ၀တ်လွှာ ။
ပန်း  ဥယျာဉ်             ပန်း  ပင်မြင့်                      ပန်း  လွင့်                                           ပန်း  ၀ါ ။
ပန်း   နိမိတ်               ပန်း   အရိပ်ဖြာတယ်          ပန်း   သိက္ခာ                                   ပန်း  ဖြာဝင့်လေး ။


ရိုးရိုးတေးထပ်လို စာစီလိုက်ရင်တော့ ဒီလိုလေး တွေ့ရပါမယ်ခင်ဗျာ။

ပန်းတစ်ခိုင် ပန်းမြိုင်တင့်
ပန်းလှိုင်ဆင့် ပန်းဝေ
ပန်းကြိုင်စွင့် ပန်းတွေရယ်
ပန်းကဝေ ပန်းအလှ ။
ပန်းမြမြ ပန်းနွယ်
ပန်းထည်တဲ့ ပန်းဘ၀ ။
ပန်းအသွေး ပန်းမွှေးကြည်တယ်
ပန်းရွေးသီ ပန်းပန်းချီခြယ်သ ။
ပန်းဝတ်ရည် ပန်းကြည်မြသမို့
ပန်းသီတာ့ ပန်းလွင် ။
ပန်းအစုံ ပန်းဂုဏ်မညှိုး
ပန်းဘုံတိုး ပန်းမွန် ။
ပန်းညီကာ ပန်းအသွင်မို့
ပန်းဆင်လို့  ပန်းဝတ်လွှာ ။
ပန်းဥယျာဉ် ပန်းပင်မြင့်
ပန်းလွင့် ပန်းဝါ ။
ပန်းနိမိတ် ပန်းအရိပ်ဖြာတယ်
ပန်းသိက္ခာ ပန်းဖြာဝင့်လေး..။





ကဗျာလေးကို ဝေဖန်ထောက်ပြတဲ့ စာပေအာစရိယ အပေါင်းအား ဦးညွတ်ပြီး စာပေဖွားဖက်တော် အပေါင်းအား လေးစားလျှက်....။



ဆန္ဒမွန်ဖြင့်........လွမ်းနောင် ။

Saturday, 28 July 2012

မြို့


မစို့မပို့ အလင်းရောင်ကြားမှာ

အလဲလဲ အပြိုပြို အော်သံ ခေါ်သံတွေနဲ့

သူ့ရဲ့ ည၀တ်ရုံကို ဆွဲခွါတယ်။


စီမ်း..နီ..မဲ...မှောင်

အရောင်စုံ အပြုံးတွေကို ကိုယ်စီတပ်ဆင်းရင်း

အဲ့ဒီမနက်ကို စတင်ခင်းကျင်းခဲ့တယ်။

သူက ..

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုဆိုတာတွေနဲ့

ခေတ်ကို ခပ်တည်တည် ခါးစောင်းတင်ထားတယ်။

Saturday, 21 July 2012

အသက်ရှူရပ်တဲ့ ကဗျာ

အချစ်ဆိုတာ တစ်ခုအတွက်နဲ့တော့

လောကကို ခါးစောင်းတင်ဖို့အထိ

မရဲရင့်ချင်သေးဘူးလေ ။


ခန္ဓာအိမ် နံရံထက်မှာ

ရင်ဘက်က အက္ခရာတွေကို

ကဗျာအဖြစ် ထွင်းဖို့ ကြိုးစားတိုင်း

နယ်ပယ်တစ်ခုက အသိတရားကို လာလာပြီး  နှောင်တယ်။

Friday, 20 July 2012

ရွာကလေးရဲ့ ကျန်းမာရေး

ရှေ့ကို ရောက်နေသော နှစ်ယောက်ကို ကြည့်ပြီး သူကြီး ဦးဘစီ တော်တော်ပင် စိတ်ညစ်နေသည်။ အမြဲတမ်းလိုလို ပြဿနာနဲ့ နှောင်ဖွဲ့ ထုံးရစ်နေတဲ့ ဒီနှစ်ယောက် ။ ယခုလည်း ပြဿနာကို အထုတ်လိုက် မ ပြီး သူရှေ့ ရောက်နေသည်။ ရွာထဲမှာ ဟိုနေရာ ဒီနေရာ အမြဲ ပြဿနာဖြစ်လို့ ရှင်းနေရတဲ့ အထဲ ဒီဘကျော်တို့ ညီအစ်ကိုနှစ်ယောက်က အမြဲတမ်း တမှောင့် နှောင့် နှောင့်နေတတ်သည်။။သူများတွေက တခြားလူနဲ့ ပြဿနာ ဖြစ်ကြတာမို့ မပြောသာသော်လည်း ဘကျော်တို့ ညီအစ်ကိုကတော့ သူတို့ အချင်းချင်းဖြစ်သော ပြဿနာ ဖြစ်သည်။ ။ဖြစ်ပုံက သူတို့နှစ်ယောက် အမွေရထားသော ခြံကြီးမှ စသည်။ကိုယ်စီ ကိုယ်စီ အိမ်ထောင်ကျပြီး ခြံဝင်းကြီးကို နှစ်ပိုင်းပိုင်း ခွဲယူထားရာမှ ယခုအခါ သူ့ဘက်က ကျယ်လို့ ငါ့ဘက်က ကျဉ်းလို့ဆိုသော သေးငယ်သည့်အမြင်တွေနဲ့ ဒီပြဿနာကို အစထူခဲ့ခြင်း ဖြစ်သည်။ဦးဘစီ ဒေါပွတာက ဘကျော်တို့ ညီအစ်ကို နှစ်ယောက်ကို ဖြစ်သည်။  မူလ စိတ်ရင်းကောင်းသူတွေ ဖြစ်သော်လည်း လောဘ၏  ညှို့ယူခြင်းကို ခံထားရသည့် သားကောင်များပီပီ  ညီအစ်ကိုဆိုသော သွေးကို မမြင်တော့ပဲ သူတို့မိန်းမများ၏  ပြိုင်ဆိုင်တတ်မှုအား အညွန့်ထွက်စေရန် ရေလောင်း ပေါင်းသင်ပေးသည့်သဘောနှယ်
 ဖြစ်နေခြင်းကို မသိသဖြင့်  ဒေါပွသည်။  အရင်ကလည်း ဒီလိုခဏခဏ ဖြစ်ခဲ့ဖူးသည်။ ဦးဘစီ ရှင်းပေးလိုက်ရင် ငြိမ်သွား ကျေအေးသွားကြပြီး သူတို့မိန်းမတွေက မကျေနပ်ကြောင်း အသံလေးတွေ ထွက်လာရင် ထဖြစ်တတ်ပြန်သည်။ အခုလည်း ဒီပြဿနာနှင့် ရောက်လာခြင်း ဖြစ်သည်။

Monday, 26 March 2012

ဥမ္မတကရဲ့ ပုံပြင်အို

အေးဗျာ ခင်ဗျားက သူနဲ့ ကျွန်တော့် အကြောင်း စိတ်ဝင်စားတယ်ဆိုလို့သာ ပြောပြရမှာ ၊ တကယ်တော့ ကျွန်တော်က  “မြနှင်းဆီ ” ဆိုတဲ့ သူနဲ့ပတ်သက်တာတွေကို မေ့ထားတာ တော်တော်ကြာပြီဗျ ၊ တခြားလူတွေဆို ကျွန်တော်က ပြောပြရိုးလားဗျ ၊ ခင်ဗျားကိုသာ ခင်မင်ရင်းစွဲ ရှိလို့ ပြောပြတာ ။ မှတ်မှတ်ရရ သူ့ကို ကျွန်တော် စသိတာက ခုလို နွေလကြီးဗျ ။ ရွက်ဝါလေးတွေ ကြွေနေတာ ၊ ဥသြငှက်တွေရဲ့ နာပျော်ဖွယ် လွမ်းတေးတွေနဲ့ဆိုတော့  ခံစားတတ်ရင် နွေရာသီဆိုတာကလည်း လွမ်းမော တပ်မက်ဖွယ်ရာကောင်းတဲ့ ရာသီတစ်ခုပဲလေ ။  မေ့ထားတာ ကြာပြီဆိုတော့ ကျွန်တော်နဲ့ စသိစဉ်တုန်းက သူ့နာမည်တောင် မေ့တေ့တေ့ ဖြစ်နေပြီ.....။ ဟာ......မဟုတ်ဘူး.. ၊ ခင်ဗျား ထင်သလို အင်မ်နီးရှား (amnesia ) မဟုတ်ဘူးဗျ ။ ကျုပ်က သူနဲ့ပတ်သက်တာတွေကို တမင်မေ့ထားတာ ဘာရောဂါမှ မဟုတ်ဘူး ။ ထားပါတော့ဗျာ..။ အဲ.......နေဦးဗျ ၊ ထားပါတော့ ဆိုမှ သတိရတယ် ။ သူ့နာမည်က “ ထား ” ဗျ ။

Thursday, 15 March 2012

အနာဂတ်ကောင်းကင်( ၁၃ ) လပြည့် အမှတ်တရ လေးချိုး

ရင်မှာ  ကြင်နာ ရွှင်ဖြာမနောအလှရယ်နဲ့
ရွှင်စွာ ၀င်လာသူ အစဉ်သာသဘောကျစေဖို့
မင်္ဂလာပါ ကြင်နာစွာ အလင်္ကာ အချောအလှတွေနဲ့
အပြောကျစရာကွယ့် ကြည်ပျောင်းအစဉ်
( အလိုကွယ် )
မနော လှပါတဲက ဒီကောင်းကင် ။

♥♥♥♥♥♥♥♥


 အမတ နန်းစဉ် မသွေတတ်စေဖို့
ပရဟိတ  ပန်းအသွင် အလှူရေစက်ကယ်က
အပူတွေခက်ဖြာ အရိပ်မဲ့ရှာတဲ့ဘ၀လေးတွေ အတွက်
အပူတွေ သက်သာ စိတ်ရဲ့အဟာရကျွေးစေလျှက်ပါပဲ
(အလိုကွယ် )
ထာဝရ အေးစရာ အရိပ်ကောင်းလိုပ
ပကာသန ဝေးကွာ မိတ်အပေါင်းရယ်နဲ့
စိတ်ကောင်းယှဉ်  ဒီခရီးတစ်လျှောက်မှာလ
နိမိတ်ကောင်းအစဉ် ကြည်ပြီဲးတောက်လျှက်ပါပဲ
စည်ထီးဆောက်ကာ အလှယဉ်စေဖို့
မဟာ့ပလ္လင် နန်းအထက်ဆီ ပျော်စရာတွေနဲ့
ဘဂ၀ါ့ အရှင် မှန်းလျှက်သာ ဖော်သဟာတွေက
ကျော်မဟာ ကံအထ စန်းအတတ်ပေသို့
ပန်းရဲ့ အသွင်ပမာ အရိပ်စကားတွေက
လန်းလျှက် ရွှင်စွာ နိတ်မိတ်အလားပေသို့
စိတ်ထား ချိုလွင် ။

♥♥♥♥♥♥♥♥

သင်္ခါရ လောကဓံပေမို့
ဝင်လာသမျှ “ ကောဓံ ” တွေကိုလည်း
အပြောမှန် အနေတည်စွာဖြင့်
သဘောအကြံ  သွေမဖီပါပဲ
တပြည်ဆီ ခြားနေ  နှမ မောင်တွေက
ရွှေပြည်အားလေ အလှဆောင်ပါလို့
ဘ၀တန်ဆောင် အလင်းများအောင်ပ
အသင်းသားတွေ ပေါင်းစုဖွဲ့ကာပေါ့
ခင်းတံတား အလှူ ကောင်းမှုပြုမယ်ရယ်လို့
မောင်းထုဖို့ စိတ်စော
( အိုကွယ် )
သောင်းဇမ္ဗူ့ အကြောင်းပြု
ကောင်းမှုရယ်တဲ့ စိတ်မနော ။

♥♥♥♥♥♥♥♥

 နွေရက်လ
တေရသ လမြောက်မှ အစဖြာလို့
အလှသာ မမုန်းတမ်းအပြိုင်အဆိုင်ကင်းကာပေါ့
ဘ၀မှာ  အ ပြုံးပန်းတွေလှိုင်လှိုင်ပွင့်စေကြောင်းရယ်နဲ့
မြိုင် ဂနိုင် တစ်ခွင့်အလယ် အလှပန်းလိုပ
ခိုင်ခိုင်ဝင့်ထည် ထာဝရမနွမ်းစေပဲ
ပန်းမွေးသီ စမ်းကလေးကြည်အေးသလိုပ
စခန်းဝေးပြီ လွမ်းတေးသီငှက်တွေကိုလည်း
အဝေးပြည် ပြန်ရက်နီးပါစေလို့
အတွေးမပီ ဟန်ချက်မတင်းနိုင်သူမှာတော့
အတင်းပင် တကြော်ကြော် အဆွေးသီချင်းရယ်နဲ့
အသင်းဝင် အဖော် မျှော် ငေးရင်းသာပဲ
 ဝေးရင်း တေးညဉ်းကာ အတိတ်သဘော
( အိုကွယ်....ကျွန်ုပ်မှာတော့ )
တွေးရင်းသာ  စိတ်မော ။

♥♥♥♥♥♥♥♥






ဆတိုင်မွတ် ဦးကူးရဲ့ သုံးထပ်သံတွေကို အားကျပြီး မူလက လေးချိုးကြီး အဖြစ်ရည်ရွယ်သော်လည်း ဥာဏ်မကွန့်နိုင်တော့သဖြင့် လေးချိုးလတ် အဖြစ်သာ အဆုံးသတ်လိုက်ရပါသည် ။


ကြိုးစားပါဦးမည် ။။ ဆန္ဒမွန်ဖြင့်..... လွမ်းနောင် ။။။။။။။။။။။

































Tuesday, 13 March 2012

လွမ်းမိပါသေးတော့

မြတ်စွာဘုရားရှင်က ရတနသုတ်တော်တွင် “ ဂိမှာနမာသေ ပထမသ္မိံ ဂိမှေ ၊ တထူပမံ ဓမ္မ၀ရံ အဒေသယိ  ” ဟူ၍  လောကုတ္တရာ အကျိုးစီးပွါးကို ဖြစ်စေတတ်သော နိဗ္ဗာန်ကို နွေလေးလတို့၏ အစ  လှပသော တပေါင်းလတွင် ပွင့်သောအဖျားရှိသည့် တောအုပ်ကဲ့သို့ အသရေရှိသော ဟူ၍  ခိုင်းနှိုင်းတော်မူခဲ့သည် ။





သာသည့်တပေါင်းလ မိန်ရာသီ ။ စာဆိုတွေ တော်တော်များများကလည်း နွေတပေါင်းရဲ့ အလှကို အထူးထူး ဖွဲ့ဆိုကြသည် ။ ပင်အိုရဲ့ ရွက်ဝါကြွေပုံကိုပင် “ လေခမြေသက် ဈာန်ဝိတတ်သို့ ” ဟု စပ်ဆိုသည် ။ ဥသြငှက်ကလေးတွေ တွန်သံကျူးတာကိုလည်း ဖွဲ့ဆိုသည် ။  ဒီလို နွေကို ရောက်ပြီဆိုလျှင်တော့ ကျွန်တော်ကတော့ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကို အမှတ်ရနေမိသည် ။

Sunday, 11 March 2012

ရင်ခွင်ဦးက စောင့်လို့ကြိုနေမယ်


ဘ၀မှာ စောင့်မျှော်ခြင်းဆိုတာ ရှိပါစေ မမမေ ။ အဲ့ဒီလိုပဲ ကွန်းထောက်နားခိုရာ သံသရာဘုံတကွေ့မှာ ပြန်လည်ဆုံတွေ့ခြင်းဆိုတာလည်း ရှိပါစေ မမမေ ။စွန့်ခွါထွက်သွားသော သူတစ်ယောက်အား တမ်းတလွမ်းဆွတ်စောင့်မျှော်နေရခြင်းသည် အဓိပ္ပါယ် မရှိသော လုပ်ရပ်လို့ ဘယ်သူတွေ ဘယ်လိုပင် ဆိုကြစမ်းပါစေ ၊ ကျွန်တော်ကတော့ ချစ်တဲ့ မမမေကို  ကျွန်တော့် အသက်ခန္ဓာမြဲသရွေ့  တမ်းတလွမ်းဆွတ်စောင့်မျှော်နေမှာပါ ။ အခုဆိုရင် နွေကိုတောင် ရောက်လာပြီ မမမေ ။ တစ်ချိန်က မမမေ သိပ်ချစ်ပါတယ် ဆိုတဲ့ နွေဦးလေ ။  ဟောဟို နွေကဗ္ဗလာ လေဟာနယ်ထဲမှာ ရွက်ဝါတွေကတော့ ဝေ့ဝေ့၀ဲဝဲ နဲ့ ရွက်ကြွေပွဲကို နွှဲနေကြပြီ မမမေ ။ ချစ်တဲ့ မမမေရဲ့ ရင်ထဲမှာလည်း ရွက်ဝါကိုခြွေပြီး ရွက်သစ်ကို ဝေစေတဲ့ ပင်အိုလို  နှောင်းမြည့်သွားလေတဲ့ အဖြစ်အပျက် အားလုံးကို  ကန့်လန်ကာ ချပြီး စိတ်သစ်လူသစ်နဲ့ မောင့်ရင်ခွင်ကို ပြန်လာမယ် ဆိုလျှင်ဖြင့်................။

Sunday, 4 March 2012

ရိုက်ခတ်လာသော အတွေးစများ

နွဲ့နွဲ့နှောင်းနှောင်းနဲ့ သွားလာနေတဲ့ မိန်းမလျာတို့ ၊ နတ်ကတော်တို့ကိုမြင်တိုင်း ကျုပ်ကတော့ တစ်ချိန်က နေစိုးကို သတိရမိပါရဲ့ ။ အဲ့ဒီလိုပဲ နေစိုးအစ်ကို ကျုပ်ရဲ့ သူငယ်ချင်းကြီး ဘမိုးကိုလည်း မမေ့ခဲ့ပါဘူး ။ဖြစ်ပုံက ဒီလို ။


          ♥♥♥♥♥♥♥♥♥♥♥♥♥♥





ရွာထဲမှာ ဘမိုးဟေ့ ဆိုလိုက်တာနဲ့ နေရာတော်တော်များများမှာတော့ ပွဲပြီးမီးသေပဲ.။ သူကြီးနဲ့ ရွာဦးဆရာတော်က လွဲရင် ဘမိုးကြောက်တာ တစ်ယောက်မှ မရှိဘူး ၊ လူမိုက်လားဆိုတော့လည်း မိုက်တော့ မိုက်တယ် ၊ ဒါပေမယ့် အလကားနေရင်း သူများကို ပြဿနာ လိုက်ရှာတတ်တဲ့ အစားထဲလည်း မပါဘူး ၊ သူကောင်းနေချိန်တော့ ခေါင်းပေါ်တတ်နင်းသွားသွား ဆိုတဲ့ လူစားမျိုး ၊အဲ...မမူးရင်ပေါ့လေ ။ မူးလာရင်တော့ ဟဲဟဲ ..သိတယ်မို့လား .၊ ဘမိုးလေ.. ။

Thursday, 12 January 2012

ထမီ ကျွတ်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါများ

         

ပြာသိုလ်လဆန်းရောက်ကတည်းက တစ်ဖွဲ့လုံး ရင်ခုန်နေကြပြီ ၊ ရင်ခုန်ရမယ်လေ..၊ ပြာသိုလ် လပြည့်နေ့ဆိုတာက ကိုယ့်ဇာတိကျေးရွာရဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ “ ဗုဒ္ဓပူဇနိယ ပွဲနဲ့သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ” ရှိတာကိုး....။ ဒီတော့ ဘယ်နေရာရောက်ရောက် ကိုယ့်ဇာတိအစွဲကတော့ မပျောက်ဘူးပေါ့..။ 


ရွာကလူတွေကတော့ ဒီနှစ်ဘုရားပွဲ ဘယ်လိုလုပ်ကြမယ် မသိဘူး..၊ ဒီကလူတွေကတော့ အစီအစဉ်တွေ ဆွဲနေပြီ..၊ တစ်ယောက်ကို ပိုက်ဆံနည်းနည်းဆီစုပြီး ပြာသိုလ်လပြည့်နေ့မှာ ၀ိုင်းဝန်းချက်ပြုတ်ကာ
စက်ရုံက မြန်မာအလုပ်သမားတွေကို ကျွေးမယ် ၊ နေ့ခင်း အအေးတိုက်မယ် ၊ညကျရင် လက်ဖက်သုပ် ကျွေးမယ် ။ ဆိုပြီး  အစီအစဉ်တွေဆွဲပြီး ကိုယ့် ဆိုင်ရာဆိုင်ရာလေးတွေကို တာဝန်ယူထားကြတယ် ၊ဒီလိုနဲ့ လခြမ်းလေးက ကွေးလာတဲ့ အချိန်မှာတော့  ကျွန်တော့်ခေါင်း နွေရာသီ ဖြစ်စရာ အကြောင်းက ဖန်လာတယ် ၊တခြား ဟုတ်ပါရိုးလား ၊ မလေးရှားမှာပဲ တခြားစက်ရုံမှာ ရောက်နေတဲ့ အစ်ကိုဝမ်းကွဲက သူ့ဆီကလူတွေကို “ တို့ရွာမှာ ဒီပွဲက သိပ်စည်တာ ၊ နောက်ပြီး တို့ငယ်ငယ်ကဆို  ရွာကလူတွေ စုပြီး “အရပ်ဇာတ် ” ကကြတာ ”  ဘာညာ ဆိုပြီး ကြွားထားတာ ။