Tuesday 16 October 2012

ဖူးပွင့်လာသော အနုပညာပန်းများ

`ပျော်စရာ ရွှင်စရာ ကမ္ဘာ´

ဖွင့်ထားတဲ့ မျက်စိမှာ သူငယ်အိမ်ဟာ အရှေ့မှ အနောက် တောင်မှ မြောက်သို့

ဘဝဟာအဆုံးကစပြီး အဆုံးမှာဆုံးဖို့ စလာတယ်
သစ်ရွက်တွေကြွေသွားသလား ရထားဟာပျံသွားသလား
မေးခွန်းများထဲ နားသူငယ် ကြီးကောင်ဝင်လာသလို

လွင်ပြင်လိုမျိုး သတ်ကွင်းလိုမျိုး တံဆိပ်အမျိုးမျိုးကပ်
အခိုးတလူလူ အငွေ့တလူလူ သူတို့လူတဲ့လား မေမေ


မေးခွန်းများအတွက် ငါတို့ဟာ ဘယ်တော့မှ အဆင်သင့်ရှိမနေခဲ့ကြ
ဒါကြောင့်သာ ကလေးတွေဆီကမေးခွန်းတွေထွက်လာတဲ့အခါ
ငါတို့တုန်လှုပ်ချောက်ချားကြရစမြဲ
တံခါးတွေ ဖွင့်ပါ နားတွေ စွင့်ပါ ညဟာ အိပ်မက်ကိုသယ်ဆောင်လာတိုင်း
မနက်ဖန်ဟာ ကျွန်တော်နဲ့ တံတိုင်းအထပ်ထပ်ခြားနေဆဲ
မလွဲဘူး မမှားဘူး မှန်လည်းမမှန်ဘူး အဆံမပါတဲ့အိပ်မက်ဟာ
ကမ္ဘာကိုသပ်လျှိုသွေးခွဲဖို့အချိန်တိုင်းကြံဆ
လူကလူကိုမွေးသလို ကမ္ဘာက ကမ္ဘာကိုမွေးလို့မရဘူးဆိုတာ
ခဏဆင်းသွားမိတဲ့သရဖူအလံကြီးထဲ
အလင်းတွေကမဲမဲတစ္ဆေတစ်ကောင်သာသာ
တိမ်ညိုတစ်ချက်အလွင့်ပင့်ရှိုက်သံတစ်ချက်
သန်းခေါင်ဟာ ညထက်နက်နက်သွားတဲ့ အချိန်တိုင်း
ကမ္ဘာဟာ အရိုင်းအစိုင်းတို့ရဲ့ ဗုံသံမှာ မြူးခုန်ကလို့။


မင်းနဒီခ၊ မောင်နိုင်လင်း၊ လွမ်းနောင်၊ အဂ္ဂလင်း၊ လူလန်း




` မြန်မာ့အင်အား´

စိမ်းစိမ်းရယ်စို့စို့
ညို့ညို့တဲဝေဝေ

ရှေးယခင် အတိတ်နန်း
လန်းတဲ့ဒီမြေ။

မြန်မာပြည်
ဘယာသွေလို့ ဝေးစေသား။

အလင်းမပိတ်ပါနဲ့
မှောင်ရိပ်မှာ မခိုချင်သူမို့
ဟိုအရင် သခင်စိတ်ရယ်နဲ့
ငြိုငြင်စွာ ရင်မထိတ်စေပဲ
ရိုင်းစိတ်တွေ ယဉ်စေအောင်လို့
မှိုင်းအရိပ်တွေ စင်စေအောင်လို့
ယဉ်ဗွေချာ တိမ်ယံစွန်းကို
ထွန်းလင်းမဲ့အား ။


`ရှေ့သို့ ´

ယုတ်ယုတ်ကယ်ယွင်းယွင်း
လင်းလင်းမဲ့မှောင်မှောင်။

အသိကို အမှောင်ဖုံး
ရှုံးတဲ့လူ့ဘောင်။

စုပြည်ထောင်
ခုညီနောင်တွေ စည်းလုံးတဲ့အား ။

အတည်မေးရင်ဖြင့်                                                                    
ညီညွတ်ရေးသာ အဓိကပေမို့
ရှိသမျှဝေကာ တစ်စိတ်တစ်ပိုင်းရယ်နဲ့
အမိအလှမြေရွာ အတိတ်မထိုင်းအောင်ပ
အရိုင်းဘောင် အဆိပ်ဖျန်းလို့
သမိုင်းဆောင် နိမိတ်နန်းကို
လှမ်းကြစို့လား ။

  ( ရောင်နီမှာ မှောင်ရီမသန်းစေဖို့ ။
ကိုယ်စီသာ တူညီအစွမ်းတွေနဲ့
လှမ်းကြစို့လား )


လူလန်း ။ မောင်နိုင်လင်း(ကောလင်း) လွမ်းနောင်

(၁၆. ၁၀. ၁၂ ) အင်္ဂါနေ့ နံနက် ။


မှတ်ချက် ။လူစုံရင် ကဗျာစုရေးရတာကိုက ပျော်စရာတစ်ခုဖြစ်နေတဲ့ ကျွန်တော်တို့တွေ လူစုံတုန်း ရေးလိုက်တဲ့ကဗျာလေးတွေပါ။` ရှေ့သို့´ ကဗျာရဲ့ အောက်ဆုံးအပိုဒ်က ဆရာလူလန်းနဲ့ ကျွန်တော် နှစ်ယောက်အတူတူ ရေးလိုက်ရက်မိသား ဖြစ်သွားပါတယ်ခင်ဗျာ။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာကတော့ ဆရာလူလန်းရော ကျွန်တော်ပါ အအုပ်ကို လှမ်းကြစို့လားနဲ့ အုပ်ထားမိပါတယ်။ ။

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။