Tuesday 18 September 2012

ရင်ဝေးကြယ်

အချိန်က ရုပ်ဆိုးသူတွေပင် လှပစေသည့်  ဆည်းရီ နေညိုချိန်။ ခင်ခင်တင့် လယ်ကန်းသင်းရိုးပေါ်မှာ ထိုင်၍ အိပ်တန်းပြန် ငှက်တချို့နှင့် မရိုးနိုင်သော ဆည်းဆာ၏ အလှကို ငေးမော ကြည့်နေမိသည်။ စိတ်ထဲမှလည်း   ` ငှက်တို့သည်ပင်လျှင် အချိန်တန် အိမ်ပြန်ကြပါလား ´ ဟု တွေးလိုက်မိသည်။  ဖုန်များ ထောင်းထောင်းထနေသော ရွာအ၀င်လမ်းဆီသို့ လှမ်းမျှော်ကြည့်ရင်း  အဖေနဲ့ အမေ ဘယ်တော့များမှ ပြန်လာမှာပါလိမ့် ဟူသောအတွေးဖြင့် ရင်မောမိရပြန်သည်။ ငှက်ကလေးတွေလိုပင် အဖေနဲ့ အမေ သူမတို့ မိသားစုရှိရာသို့ ပြန်လာလေလျှင် ဘယ်လောက်များ ပျော်စရာ ကောင်းလိမ့်မည်လဲ ။ သို့သော်ငြား သူမ၏ ထိုအတွေးသည် မပီပြင်သည့် ပန်းချီကား တစ်ချပ်သာ ဖြစ်ကြောင်း ခင်ခင်တင့် နားလည်မိပါသည် ။ ဆည်းဆာနေရောင်အောက်ဝယ် ထိုင်နေရင်းမှ ခင်ခင်တင့် စိတ်တို့က အတိတ်ကာလဆီ အလည်တစ်ခေါက် အပြေးသော့လေပြီ ။
…………………………………………………………………………………………….


(၁)

ခင်ခင်တင့် အသက်၁၆နှစ် အရွယ်မှာပင် အိမ်၏စီးပွါးရေး၊ သားသမီးတွေ၏ ပညာရေးစရိတ်၊ ဒါတွေကိုဖြည့်ဆည်းရန်အတွက် အဖေ စင်္ကာပူသို့ထွက်သွားသည်။ဒီတုန်းက သူမတို့မောင်နှမတွေ အနေနှင့် အဖေမရှိတော့သော်လည်း  အမေရှိနေသေးသည့်အတွက် သိပ်တော့ဝမ်းမနည်းခဲ့ပါ..။ သို့သော်……..ဆန်းကြယ်သော ကံဇာတ်ဆရာသည် သူမတို့မောင်နှမအပေါ် ရက်စက်လွန်းလှသည်။ အဖေသွားပြီး တစ်နှစ်အကြာမှာ အမေ့ကိုလှမ်းခေါ်သည်။ သားသမီးတွေ ရှေ့ရေးအတွက်တဲ့။ ခင်ခင်တင့် အမေ့ကို တားကြည့်သည်။ မရ။ အမေကိုယ်တိုင်က လိုက်သွားချင်သည်မို့သူမတို့မောင်နှမ ဘာမှ မတတ်နိုင်ခဲ့ပါ ။ သူမတို့မောင်နှမသုံးယောက် တစ်ယောက်ကို တစ်ယောက် ဖက်ကာသာ ငိုမိခဲ့သည်။ ဦးလေးကလည်း ပြောမရသည့် ခင်ခင်တင့်အမေ သူ့ညီမနဲ့ ယောက်ဖကို စိတ်ပျက်စွာနှင့်ပင်။ ဘာမှတော့ဝင်မပြော။

အမေရောက်အပြီးမှာတော့  တစ်လတစ်ခါဆိုသလို အဖေနဲ့အမေ သူမတို့ မိသားစုဆီ ဖုန်းဆက်သည်။ စာကြိုးစားဖို့နှင့် ဦးလေးစကားကို နားထောင်ဖို့ကိုသာ တွင်တွင်ပြော၏။ ပိုက်ဆံကိုလည်း တစ်လတစ်ခါ ဦးလေးနာမည်နဲ့ လွှဲပေးသည်။ ဦးလေးကတော့ တူတွေ၊တူမတွေ စိတ်ပျော်ရွှင်ဖို့ကိုသာ အဓိက ထားသည်။ အရင်ကဆို အမြဲနွေးထွေးစိုပြည်နေသော သူမတို့ အိမ်ကလေးသည် ယခုတော့ အထီးကျန်ခြောက်သွေ့လွန်းသည် ဟု ခင်ခင်တင့် ထင်မိသည်။ မောင်လေးနှစ်ယောက်လည်း ဘာမှမပြောပေမယ့် သူတို့မျက်နှာတွေက အမြဲလိုလို အားငယ်ညှိုးနွမ်းနေသော အသွင်ကိုသာဆောင်နေသည်။ မောင်နှမသုံးယောက်တွင် အကြီးဆုံးဖြစ်၍သာ သူတို့ရှေ့တွင် မျက်ရည်မကျမိအောင် အံကြိတ်နေရသော်လည်း ခင်ခင်တင့်ရင်ထဲမှာ အမြဲမိုးရွာနေသည်။ ငွေမပြည့်စုံသော်လည်း အရင်လို ဘ၀ကိုသာ သူမ တောင့်တမိသည်။သူမတို့အနေနဲ့ တစ်လတစ်လ အမေနဲ့အဖေ ဖုန်းဆက်မည့် ရက်ကိုသာ မျှော်နေရ၏။

အမေထွက်သွားပြီး တစ်နှစ်ခန့်အကြာတွင်တော့ အမေနဲ့အဖေ ပို့ပေးသည့် ငွေတွေကို စနစ်တကျ စီမံတတ်သော ဦးလေးကြောင့်ခင်ခင်တင့်တို့မောင်နှမတွေ ငွေကြေးနဲ့ပါတ်သတ်လျှင် လူရာဝင်ခဲ့ပါသည်။တချို့သူငယ်ချင်းတွေကတော့ ခင်ခင်တင့်တို့ကို အားကျသည်ဟု ဆိုသည်။ သူတို့က ခင်ခင်တင့်တို့ စီးပွါးရေးကို ကြည့်ပြီး အားကျနေခြင်း ဖြစ်သည်။ ခင်ခင်တင့်တို့မောင်နှမတွေမှာ ငွေထက် အရေးကြီးသော မိသားစုနွေးထွေးမှုကို ဆုံးရှုံးနေတာကို သူတို့မမြင် ။ ဘာမှ အလကား မရသော ခေတ်ကြီးထဲတွင် တစ်စုံတစ်ခု လိုချင်လျှင် တစ်စုံတစ်ခု ပေးဆပ်ရမည် ဟူသော ဓမ္မတာ သဘောတရားလေလား ဟုပင် တွေးမိသည်။

တစ်ရက်  မောင်ငယ်ဖြစ်သူ သန့်ဇင် အပြင်းအထန် ဖျားသည်။ ကျေးရွာဆရာဝန်မှ တဆင့် မြို့နယ်ဆရာဝန်ဆီ ရောက်သွားသည် ။ ဒီတော့မှ သန့်ဇင်ဖျားခြင်းက ရိုးရိုးဖျားခြင်းမဟုတ်ပဲ သူမတို့ဘက်မှာ နာမည်ကြီးသည့် ငှက်ဖျားဖြစ်နေမှန်း သိရသည်။  ကံကြမ္မာဆိုတာကြီးက သောကလှိုင်းကြားမှာ နစ်နေသည့် သူမတို့ မိသားစုအပေါ် ၀ါးကူးထိုးလေပြီလားဟု ခင်ခင်တင့် တွေးလိုက်မိသည်။  မြို့နယ်ဆရာဝန်၏ အကြံပေးချက်အရ မောင်ငယ်ကို ခရိုင်ဆေးရုံသို့ ပို့ရန် စီစဉ်ရသည် ။ ပြဿနာက ထိုအချိန်မှာ စသည်။ သူမတို့ကသာ မောင်ငယ်ကို ခရိုင်ဆေးရုံသို့ ပို့ရန် အားသန်နေသောလည်း ကာယကံရှင်က မတက်ဘူး ဇွတ်ဆိုနေသည်။ ဦးလေးနှင့် ခင်ခင်တင့်အမျိုးမျိုး ပြောသည်။ဘယ်လိုမှ ပြောမရ။ မောင်အကြီးအောင်လွင်က၀င်၍…..

ဲ`ငါ့ညီ မင်းရဲ့ရောဂါက ကုလို့ မပျောက်တဲ့ဟာ မဟုတ်ပါဘုး။ ဆေးရုံမှာလည်း ညီလေး အမြဲနေရမှာမှ မဟုတ်တာ။ နောက်ပြီး အစ်ကိုတို့လည်း အမြဲ ရှိနေမှာပဲလေ”

သန့်ဇင်ထံမှ ဘာသံမျှ ထွက်မလာ အံကိုသာ တင်းတင်းကြိတ်ထားသည်ကို တွေ့ရသည်။ အတန်ကြာမှ အားလုံးကို ညှိုးလျစွာ ကြည့်ရင်း…

“ကျုပ် ဆေးရုံ မတက်ချင်ဘုး အစ်ကို ။  ကျုပ်ကိုကျုပ် သိတယ်။ဟင်း....ဟင်း... ကျုပ်ရောဂါက ဆေးရုံတက်လို့လည်း ပြန်ကောင်းလာမှာ မဟုတ်ဘုး၊ ကောင်းလာဦးတော့ ကျုပ်အမေတို့အဖေတို့နဲ့ အခုလိုပဲခွဲနေရရင် ရင်ထဲမှာ ထိခိုက်တာက ပိုဆိုးတယ်။ ဟင်းးး.....ကျုပ်အသက်ရှင်နေရတဲ့ အခိုက် အစ်ကိုတို့ အစ်မတို့ ဦးလေးတို့နဲ့ ပျော်ပျော်ကြီး နေချင်တယ် ။ ကျုပ်….ကျုပ်ဆေးရုံကို မသွားပါရစေနဲ့ ´

ညည်းသံတစ်ဝက် ရှိုက်သံတစ်ဝက်နဲ့ဝမ်းနည်းစွာ ပြောလိုက်သော မောင်ငယ်ရဲ့စကားကြောင့် သူမတို့တွေ ဘာကိုမှ သတိမရနိုင်တော့ဘဲ တစ်ယောက်ကို တစ်ယောက်ဖက်ကာ တင်းဆည်ထားသမျှ လျှော့ချ၍ ငိုမိပါလေတော့သည်။ အတန်ကြာမှ…ဦးလေးက..

“ကဲကဲ ငိုနေလို့ ပြီးမှာမဟုတ်ဘုး တိတ်ကြတော့…ငါ မင်းတို့ အဖေနဲ့ အမေကို အကြောင်းကြားပေးမယ်။ သန့်ဇင်ကလည်း ဆေးရုံတက်ပြီး ကုသမှုခံလိုက်..သူတို့ ပြန်လာတဲ့ အချိန်ကျတော့ ငါတို့အရင်လိုပဲ သိုက်သိုက်ဝန်းဝန်း ပြန်နေကြတာပေါ့.”

ပြောပြီး အနားမှ ထွက်ခွါသွားသော ဦးလေးအောင်ခန့် ကျောပြင်ကို ကြည့်ကာ ခင်ခင်တင့် ရင်မောရပြန်သည်။

သူမတို့ မောင်နှမတွေ စိတ်ချမ်းသာအောင် ပြောနေပေမယ့် ဦးလေးရဲ့ မျက်နှာက ညှိုးညှိုးလျလျ ဖြစ်နေတာကိုလည်း သတိထားမိသည်။  အဖေနဲ့ အမေရဲ့ အိမ်ထောင်ရေးမှာ အက်ကြောင်းထင်နေသည် ဆိုတာကိုလည်း ဦးလေးပြောစကားများအရ ခင်ခင်တင့် ရိပ်မိနေပြီ ။ ဒီအချိန်မှာ ပြန်ခေါ်ရင် လာမယ် မလာမယ်ဆိုတာက သူမတို့ အတွက် မသေချာ။ ဒီတိုင်းသာ ဆက်သွားလျှင်လည်း မောင်လေး အခြေအနေကလည်း ရက်ကြာကြာ ခံမည် မဟုတ်မှန်း ခင်ခင်တင့် သိသည်။ ဟူးးးးးးး..တွေးရင်းပင် ရင်မောရပါသည်။

……………………………………………………………………………………………………….

တစ်ပတ်အကျော်မှာတော့ သန့်ဇင်အခြေအနေက ပိုဆိုးလာသည်။ လက်လွှတ်ရတော့မည့် အခြေအနေမှာ ရှိနေသည်။ အမေနဲ့အဖေကလည်း ပြန်လာမည်ဟုသာ ပြောသည်။ ယခုထိ ရောက်မလာသေးဟု စိတ်ထဲမှ တွေးမိသည်။ ကျောင်းကိုပင် မှန်မှန် မသွားနိုင်ဘဲ ခင်ခင်တင့်တို့ တူဝရီးတွေ အလုပ်ရှုပ်ရသည်။

သန့်ဇင်ကလည်း ခေါင်းမာသည်။ ဆေးရုံကို ဘယ်လိုမှ မသွားဘူးချည်း ဆိုနေသည်။ ဘယ်လိုမှ မတက်နိုင်သည့်အဆုံး ခင်ခင်တင့်တို့ တူဝရီးတွေ သန့်ဇင်ကိုသာ တတ်နိုင်သလောက် စိတ်ချမ်းသာအောင် ထားကြရတော့သည်။



(၂)

“အစ်မ.ညီလေး သိပ်အခြေအနေ မကောင်းဘူး။ တစ်ခါတစ်ခါ သတိ လစ် လစ်သွားတယ် ။ အဲ့ဒါ ဦးလေးက အစ်မကို ခေါ်ခိုင်းလို့”

ခင်ခင်တင့် အတွေးကောင်းနေစဉ်မှာပင် နားထဲဝင်လာသော အသံကြောင့် အတွေးပျက်သွားသည်။ လှည့်ကြည့်လိုက်တော မောင်ဖြစ်သူ အောင်လွင်။
“အေး အေး ငါလာပြီ”  ဟု ပြောပြီး ကန်သင်းရိုးပေါ်မှ ကပျာကယာ ထ၍ လိုက်ခဲ့သည်။

သန့်ဇင် အခြေအနေက မကောင်း။ လူကလည်း ပိန်ချုံးနေပြီ။ အိပ်ယာထက်မှာ လှဲနေရင်း  တဟင်းဟင်း ညည်းနေရှာသည်။ခင်ခင်တင့် ဦးလေးကို လှမ်းကြည့်ရင်း သန့်ဇင်ဘေးတွင် ၀င်ထိုင်လိုက်သည်။ ဦးလေးက မသိမသာ ခေါင်းခါပြသည်။ခင်ခင်တင့် သန့်ဇင်လက်ကလေးကို အသာကိုင်ကာ

“မောင်လေး.နေသာသလို နေနော်.အမေနဲ့အဖေ ပြန်လာတော့မှာ”
သန့်ဇင်မျက်လုံးတို့က ညှိုးရော်နေသည်။ညှိုးသည့်ကြားမှ အမေနဲ့အဖေ ပြန်လာတော့မယ် ဆိုသော စကားကြောင့် အားတင်း၍ ပြုံးရှာသည်။ ညည်းသံမပျောက်သည့် ကြားမှပင်...

“အဖေ.......ဟင်း....ဟင်း........ အမေ.......ကျုပ်...ကျုပ်... သိပ်ပျော်တာပဲ.”

ပြောရင်းမှ သန့်ဇင်ရဲ့မျက်နှာတွင် ၀မ်းသာသော အရိပ်အရောင်တွေ ယှက်ဖြာနေသည်။ ပြီးမှ နွမ်းလျစွာ ဆက်ပြောရှာသည် ။

“ဒါပေမယ့်…ဒါပေမယ့်..ကျုပ်..ကျုပ် နေရတော့မယ် မထင်ဘုး..ဟင်း.....ဟင်း...´

 ပြောရင်းမှ သန့်ဇင် ဝေဒနာကို ကြိတ်မှိတ်ကာ အောင့်ခံနေသည့်အလား မျက်နှာတစ်ချက် ရှုံ့မဲ့သွားသည်။

` ကျုပ်.. ကျုပ်.. အဖေနဲ့ အမေ့ကို  တွေ့ချင်တယ် ´

ခင်ခင်တင့် ငိုချင်စိတ်ကို မနည်း ထိန်းထားရသည်။သန့်ဇင်အခြေအနေက လုံးဝမကောင်းဆိုတာကိုလည်း သိနေသည်။သူမ ပြောနေသော အားပေးမုသားစကားများက ထိရောက်မှု မရှိတာကိုလည်း သူမဘာသာ သိနေ၏။ အတန်ကြာသော်.သန့်ဇင်တစ်ယောက် ဝေဒနာကို အဆုံးသတ်သည့်အလား ငြိမ်သက်သွားကာ လူ့လောကကြီးကို အပြီးအပိုင် နှုတ်ဆက်ထွက်ခွါ သွားလေတော့သည်။

“မောင်လေးရေ  သန့်ဇင်.အဖေတို့အမေတို့လာအောင်ေ စာင့်ဦးမယ်ဆို.အစ်မတို့နဲ့အတူနေချင် သေးတယ်ဆို.မောင်လေးရဲ့”

ခင်ခင်တင့် သန့်ဇင်ကို ဖက်၍ ငိုသည်။အောင်လွင်ကလည်း သန့်ဇင်ရဲ့ သက်မဲ့ခန္ဓာကိုယ်ကိုကြည့်ကာ
“သွားနှင့်တော့ညီလေးရေ”  ဟု ပြောပြီး မျက်ရည်များ ကျနေသည်။

ပိုဆိုးသည်က သန့်ဇင်ရဲ့ခေါင်းအုံးအောက်မှ တွေ့ရသည့် ကောင်းကောင်း ရုပ်လုံးကြွမလာသေးသော ပန်းချီကား တစ်ချပ်။ထိုပန်းချီကားတွင် ယောင်္ကျားကြီး နှစ်ဦး၊ အမျိုးသမီးကြီးတစ်ဦး၊ မိန်းမငယ်တစ်ယောက်နဲ့၊  ကောင်လေးနှစ်ယောက် ထမင်းလက်ဆုံ စားနေပုံဖြစ်သည်။ပုံတွေရဲ့ အထက်မှာ နာမည်တွေ ရေးထားသည်။ အဖေ၊အမေ၊ဦးလေး၊အစ်မ၊အစ်ကိုနှင့် ကျုပ်တို့ ထမင်းဝိုင်း ဟု စာရေးထားသည်။ ခဲပန်းချီပုံလေးကို ကြည့်နေရင်း ခင်ခင်တင့် ရင်မှာ မချိ ။ထိုအချိန်တွင်ပင်…..
အိမ်ရှေ့သို့ ဆိုင်ကယ်နှစ်စီး ထိုးရပ်လာသည်။ ဆိုင်ကယ်သံကြောင့် ခင်ခင်တင့်ထွက်ကြည့်လိုက်တော့ အမေနဲ့အဖေ။ သူမကိုမြင်တော့အဖေက…
“ခင်ခင်တင့်…သမီးကြီးအဖေတို့ပြန်လာပြီ”   ဟု ၀မ်းသာအားရ ပြောသည်။ ပြီးနောက် ဆိုင်ကယ်ကယ်ရီသမားများကို  ငွေရှင်းပေးပြီး အိမ်ပေါ်တက်လာသည်။

“ဟင်”

“အို”

အမေနဲ့အဖေ ခင်ခင်တင့်ကို သတိထားမိသွားပုံ ရသည်။ခင်ခင်တင့် မျက်ဝန်းမှာ မျက်ရည်စများက ရှိနေသည်။

“သမီး..ဘာဖြစ်လို့လဲ၊ပြောစမ်းအဖေ့ကို”

အဖေမေးကာမှ ပိုဆိုးတော့သည်။ ခင်ခင်တင့် ဘာမှမပြောနိုင်။ ရှိုက်ကာသာငိုမိသည်။ ခံစားချက် မျိုးစုံ ရောပြွမ်းနေသည့် ရင်ထဲမှာတော့ တစ်ဆို့မွန်းကျပ်နေသည်။  ငိုနေရင်းမှ အသိအာရုံတွေေ၀၀ါးကာ နောက်ဆုံး သူမ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ပဲ ယိုင်ကျသွားသည်ကိုသာ သိလိုက်တော့သည်။

သူမ သတိရလာတော့ အမေနဲ့အဖေက သန့်ဇင်ဘေးတွင် ရှိုက်ကြီးတငင် ငိုနေသည်။

“အောင်မလေး ကျွန်မသားလေး ဘယ်လိုဖြစ်တာလဲ၊အစ်ကိုကြီး..၊အစ်ကိုကြီးပြောတော့ အခြေအနေ သိပ်မဆိုးပါဘုးဆို.။အခုတော့ဘယ်လိုဖြစ်တာလဲ”

အမေက သန့်ဇင်ကို ဖက်၍ ငိုရင်း ဦးလေးဘက်သို့ လှည့်ပြီးပြောလိုက်သည်။ အဖေကလည်း….

“ကိုကြီးအောင်ခန့်ရာဘယ်လိုဖြစ်တာလဲ.သားလေး…….သားလေး´

အဖေ့အသံ ဆက်ထွက်မလာပဲ နစ်ဝင်သွားသည်။ အံကို တင်းတင်းကြိတ်ထားသည်ကိုလည်း  ခင်ခင်တင့် တွေ့လိုက်ရသည်။ နောက် အဖေ့ မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့ ။အသက်မဲ့နေသော သန့်ဇင်၏  ခန္ဓာကိုယ် .၊ ငိုနေသည့် မိဘနှစ်ပါး ။  ပတ်ဝန်းကျင် မြင်ကွင်းကြောင့် ခင်ခင်တင့် ပို၍ ၀မ်းနည်းလာသည်။

“တောက်”

ငိုနေသူများကြားတွင် ဦးလေးရဲ့ “တောက်” ခေါက်သံက ကျယ်လောင်စွာ ထွက်လာသည်။

“ဟေ့…့တော်ကြတော့..။အခုမှ သည်းသည်းလှုပ်မနေနဲ့။မင်းတို့ကို ငါ အစတည်းက ပြောသားပဲ။ ပြန်လာကြပါတော့၊ ကလေးတွေလည်း မိဘတွေ စုံစုံလင်လင်နဲ့ နေချင်လှပြီလို့။ မင်းတို့ဟာက မဟုတ်ဘုး။ သားသမီးတွေ ရှေ့ရေးအတွက် ဘာအတွက် ညာအတွက်နဲ့ အကြောင်းအမျိုးမျိုး ပြပြီး ငွေနောက်ကို ကောက်ကောက်လိုက်နေတာ.။ ငွေရဲ့ အခိုင်းအစေခံပြီး ငွေရဲ့ ကျေးကျွန် ဖြစ်နေလိုက်တာ ။ အခု သန့်ဇင်သေတာ ငှက်ဖျားကြောင့် မဟုတ်ဘုး။ မိဘတွေနဲ့ စုံစုံလင်လင် သိုက်သိုက်ဝန်းဝန်း မနေရလို့၊ မိသားစု နွေးထွေးမှု မရလို့ ၊ စိတ်ဒဏ်ရာရပြီး သေတာကွ ´

မေးရိုးများ ထောင်လာအောင်ပင် ဒေါသသံဖြင့် ဦးလေးက ဆိုသည်။ပြီးမှ….

“ငါ့တူ သန့်ဇင်ရေ . မင်းရဲ့ တာဝန်ကျေလွန်းတဲ့ မိဘတွေ ရောက်လာပြီလေ ထကြည့်လှည့်ပါဦး။ မင်းပဲ ထမင်းအတူတူ စားချင်ရဲ့ဆို၊ ပျော်ပျော်ရွှင်ရွှင် နေချင်ရဲ့ဆို။ အခုရောက်လာပြီလေ.။ထကြည့်ပါဦး ငါ့တူရဲ့”


ဦးလေးအောင်ခန့်ရဲ့ စကားသံအဆုံးမှာ ခင်ခင်တင့် အဖေနှင့် အမေ့ဘက် လှည့်ကြည့်မိသည်။ အဖေနဲ့အမေက ဘာမှတော့ပြန်မပြော။ ပြန်ပြောဖို့စကားစ ရှာမရတာလည်း ဖြစ်နိုင်သည်။ ငိုနေရင်းမှ ခင်ခင်တင့် တွေးမိသည်။ သန့်ဇင် သေဆုံးခြင်းသည် မည်သူ့အပြစ်ပေနည်း ။   ခေါင်းမာလွန်းသည့် သန့်ဇင်အပြစ်ပေလော ။သို့မဟုတ် ငွေနောက်ကို အလိုက်လွန်သည့် မိဘနှစ်ပါး၏ အပြစ်ပေလော ။ သို့တည်းမဟုတ် ။ လူမမာ၏ အလိုဆန္ဒကိုသာ အဓိကထားပြီး ဆေးရုံ့သို့ ရောက်အောင် မပို့ခဲ့လေသော သူမို့တို့ အပြစ်ပေလော ။ ခင်ခင်တင့် မသိတော့ ....။

မည်သို့ပင် ဆိုစေကာမူ  မိသားစု နွေးထွေးမှုကို လိုချင် တပ်မက်လွန်းသော အနာဂတ်ရဲ့ ကြယ်တစ်ပွင့်ကတော့ နုပျိုစဉ်မှာပင် ကြွေလွင့်ပျောက်ပြယ်ခဲ့လေပြီ ....။ ကြွေလွင့်ပျောက်ပြယ်ခဲ့ပါလေသည်။












ဆန္ဒမွန်ဖြင့်...........
..........................လွမ်းနောင်....။ www.lwannaung.co.cc













1 comment:

  1. ဟင်...သနားစရာလေးနော်...
    ဒီခေါင်းစဉ်လေးနဲ့ ဆရာရေချမ်းရဲ့ ကဗျာလေးရယ်....ကိုလူခါးရဲ့ ကဗျာလေးရယ် ဖတ်ဖူးပြီးပြီ..ခေါင်းစဉ်လေးကိုက ခံစားချက်ကအပြည့်...
    အားပေးသွားတယ်နော်...
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။