ဝဇ္ဇုံမာလီ ထစ်ချုန်းမြည်ဟည်း
သံစုံတီး၍ ထီးမဲ ရံမိုး
တိမ်ငွေ့ခိုး တို့
ကိုးချက်နယ်စုံ ကိုယ်ဝတ်ခြုံကာ
မာန်ဟုန်ပြင်းပြင်း မိုးနတ်မင်းတို့
စစ်ခင်းရန်မူ ဒေါသဆူလည်း ..။
လူ့ပြည်တို့ရွာ နယ်မြေမှာကား
လယ်ယာသွေ့ခြောက် မိုးတစ်ပေါက်မျှ
ဖြိုးဖျောက်မမည် မပီဂီတ
မလှယာမြေ မဝေသစ်တော
စိမ်းရောမမှု ဥတုမကြည်
မြေသည် အက်ကြောင်း ဖုန်ထောင်းထောင်းနှင့်
ခယောင်းမြေတွေ ဝေခဲ့ပြီ ။
ဒွိဟ စိတ်ထဲ မသဲကွဲလို့
ရင်ထဲ ဆန္ဒ မေးပါရစေ ။
လူ့ပြည်သနင်း ပြည့်ရှင်မင်းခေါင်
စက်ဘုန်း ရောင်ရှိန် တရားမှိန်၍
ဒေ၀ိံ သိကြား မရွာအားလော့ ။
သို့မဟုတ်ပဲ လက်ဝဲငါးရာ
ယာ ငါးရာနှင့် ကညာတစ်သင်း
သီ ခြင်း တစ်သီး
နတ်သမီး အာရုံ
ကာမဂုဏ်ကို နတ်ဘုံထွဋ်ဖျား
သူစံစားကာ တခြားအရာ
မေ့နေရှာရော့..။
တစ်ဖန် တွေးဆ ကြံမေးရလျှင်
မာဃဒေ၀ါ နတ်ရာဇာနှင့်
ဆရာတပည့် မာတလိတို့
ကြံညှိအတူ မူရူနွဲ့လျ
လှပကျော့ရှင်း
အဆင်း ဂီဝါ ပျူငှာ ရွယ်လူး
ပျံ့ပျူး ပြာညို့ ငွေဝန်းသို့ပင်
ပျို့ပျို့ ဆံဘက် အရှာထွက်လို့
ကွန်ချက်မထိ ဖမ်းမမိပဲ
ကျွမ်းသည့်သည်ငါး လွတ်နေလားထင့် ။
စိတ်မှာညိုးလျ ပြောပါရစေ
စလေ ကင်းဝန် ပြောဆိုညွှန်ပြ
ရန်တွေ့ကြတာ မနာသလော
ဘာသဘောလဲ အပြောသက်သက်
သင့်လုပ်ကွက်က တစ်ချက်မရှိ
သင်မသိရော့။
မချိရင်မှာ နာလှပါသည်
ဒီဝါအကျွတ် သီးနှံဆွတ်ပြီး
မွတ်မွတ်စင်ဖြူ ငယ်ကျွမ်းသူနှင့်
ပေါင်းတူလှုလှု ယုယု ယယ
သာရုပ္ပနှင့် ဆုံးစမထင်
တူပျော်ချင်မို့ ရွှေရင်နှလုံး
ညှိုးချုံးမမည် လန်းဝင့်ကြည်အောင်
စည်တော်ရိုက်လွှမ်း မြေတစ်ဝှမ်းမှာ
ဖြန်းဖြန်းမိုးတွေ စွေပါလော့ ..။
ကဗျာအား ၀ိုင်းဝန်းဆွေးနွေးပြီး ခေါင်းစဉ် အတွက် ခေါင်းရှုပ်ခဲ့သူများအား ကျေးဇူးတင်လျှက် ။
ဆန္ဒမွန်ဖြင့်..။ လွမ်းနောင် ။
ဟယ်...တကယ်ထိတာပဲ...ခုတကယ် လောလောလတ်လတ် လူတွေလိုအပ်နေတဲ့ အချက်ကို အသေအချာရေးဖွဲ့ထားတာ..အားကျတယ်နော်
ReplyDeleteစကားလုံး အသုံးအနှုန်းလဲ အတော်ကိုကြွယ်တယ်..လေးစားပါတယ်
ခင်မင်နေတဲ့..မိုးနတ်
သိပ်ကောင်းတဲ့ ဖွဲ့ဆိုမှု့တွေဗျာ
ReplyDeleteတကယ့်ကို ရသ မြောက်တယ် ချစ်သူနှင့် မနီးနှိုင်တာကို
ရာသီဥတု လူထုဘုရင် နတ်ရှင်သိကြား နှုတ်ငုံပြီး ရေးသွားလိုက်တာ
တကယ့်ကို ချီးကျူးတယ် အကိုလွမ်းနောင်။