Saturday 30 November 2013

မြေစာမြက်နှင့် ချိုးဖြူငှက်

  ( ၁  )

သူငယ်ချင်း.......

မင်းလည်းကြားသိ ၊ ငါကြားမိခဲ့

ကြားသည့်စကား၊ ပြန်ပြောကြားသော်

ရင်များလည်တုန်၊ ဒေါဟုန် ဆတ်ဆတ်

မပြတ်မသား၊ စိတ်များလည်းလေ

မောဟတွေဖုံး၊ နှလုံးသားမှာ

အသားမာ...။


      ( ၂  )

ဒဏ်ရာဒဏ်ချက်၊ ပြည့်နှက်ရခြင်း

အကြောင်းရင်းကို၊ ပြန်ခင်းဝေဖန်

သုံးသပ်ပြန်သော်၊ မြန်ပြည်အရေး

ဘယ်မအေးခဲ့၊ သွေးရင်းသားချင်း

ရန်စစ်ခင်းကြ၊  ညီရင်းနောင်တွေ

ဒေါသဝေလို့၊  အသေတိုက်ခိုက်

အမိုက်မြူမှောင်၊ ဥာဏ်ရောင်ပိတ်ဖုံး

သေနတ် ဗုံးခွဲ၊  ရန်ပွဲလီလီ

ပစ်ခတ်သည်ကြောင့်၊ ပြည်ရွာပစ်ပြေး

ကလေးလက်ဆွဲ ၊ အိမ်ကိုခွဲခွါ

လယ်ယာသွေ့ခြောက်၊ သီးနှံပျောက်သုဉ်း

လူလုံးမပေါ်၊ ရှုမျှော်ကြည့်လေ

မီးငွေ့ ဝေလို့ ၊ သေမင်းတမာန်

တံခါးသံလည်း ၊ ဖန်ဖန်ကြားရ

နေ့နှင့်ညတွေ ၊ မြူဖုံးနေလို့

တစ္ဆေခြေရှုပ်၊ အလုပ်တွေများ၊

ပြည်ဖွားတို့ရဲ့၊ အမိုက်ဒဏ်။


         (  ၃  )

အမိုက်ကြီးဆိုး ၊ လောဘ`ဂျိုး´ ကပ်

စိတ်ဓာတ်ယိုရွဲ ၊ အကျင့်မွဲလို့

ဆိုးဆဲစနစ်  ၊ မျိုးခွဲပစ်ကြ

အထက်ကမိုး၊ အောက်ကစိုးထိတ်

တန်ခိုးအာဏာ၊  ဖွေရှာလုယက်

လာဘ်ယူလာဘ်ပေး ၊  အသွေးကလောက်

အသားဖောက်သွား ၊ စိန်ကျောက်ရောင်ရှိန်

ဝင်းတောက်ထိန်လည်း ၊ ရောင်မှိန် စာဂ

ဓမ္မဆိုတာ  ၊ အဘယ်ပါလဲ

ဖွေရှာ  မောလျ ၊ တ တိုင်း ယားတာ

တရားပါလော  ၊  စိတ်ဇော ရှုပ်ထွေး

တွေဝေ တွေးနဲ့ ၊  မျှော်ငေးဇာချဲ့

သေ`မဲ့´ နိုင်ငံ ၊  ဝေးခဲ့ပြန်ပေါ့

နက်ဖြန်နံနက် ၊ နေခြည်ထွက်လျှင်

စိမ်းလျှက်စိုသော၊ အလှတောကို

မြင်မောချင်မိ ၊  ဆန္ဒရှိမို့

အမိနိုင်ငံ ၊  ချိုးဖြူပျံလို့

သံသာချိုအေး  ၊  ပန်းတိုင်းမွှေးပြီး

ငြိမ်းအေးပါစေ  ၊ တောင်းဆုခြွေသည်

ခြောက်ထွေရောင်ကွန့် မြူးဝင့်သော်..။

မြောက်လေဆောင်သန့်   ထူးတင့်သနော်..။


 ဆန္ဒမွန်ဖြင့်.....လွမ်းနောင်

ထာဝရ ရွှေကြယ်စဉ် လူငယ်စာစဉ်။ သြဂုတ်။ ၂၀၁၃

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။