Tuesday 7 May 2013
အပွင့်ခက်တဲ့ပန်း
` အပွင့်ခက်တဲ့ ပန်း ´
မင်္ဂလာပါ
ညင်သာစကား ကြားရတဲ့ခိုက်
ရင်မှာလှိုက်ဖို အို တစ်မျိုးပဲ။
မျက်နှာတွေ့မြင်
ငလျှင်ခတ်လှုပ်
ငုတ်တုတ်လွင့်မျော
အိပ်မက်တောရောက်
နှစ်ယောက်ကမ္ဘာ
စိတ်မှာကြည်နူး
အို ရူးမိလိုက်တာ။
စိတ်ကူးရပ်လင့် ဥာဏ်ကိုဖွင့်လို့
တွက်ချင့်ဘ၀ ပြန်တွေးဆသော်
သူကတစ်မြေ မေမှာတစ်ခြား
ဝေးနေသားမို့ စိတ်သွားနှင့်ကိုယ်
အိုမပါနိုင် ငိုကာမှိုင်လျ
မေ့ဘ၀ကို   သူမှ သိပါလေစ။
တိတ်တခိုးနှင့်
မြတ်နိုးရင့်ရှည်
မပီဝေဝါး
စကားဟဟ
မပြောကြဘူး
ညွှတ်နူးအိပွေ့
စိတ်မှာတွေ့လည်း
မေ့မှာမပြောသာမော
ရှေ့ကမ္ဘာရောပါသလော
မောမောနဲ့တွေး
အေးမြမှုကင်း
နှောင်တင်းအပူ
သြော်....
ဘယ်သူမျှယူမလဲကွယ်။
ကွယ်.. တို့တွေဘဝ
ခက်လွန်းလှချည်   ရင်မှတည်ဖြစ်
ဒီအချစ်ကို     လှစ်လည်းမသင့်
ဖွင့်လည်းမတော်    မျှော်သာမျှော်ရ
ဒီဘ၀ကို    ဘယ်သူက  သိနိုင်မှာလဲလေ။
ဒီလိုနဲ့ပဲ   လမ်းလွဲဇာတ်သိမ်း
ကြမ္မာယိမ်းထင့်  စိမ်းကားသူ၏
တူရူလမ်းခွဲ    ဇာတ်လမ်းထဲမှာ
ကိုယ်ပဲအရံ    ကြောင်း ကံ  မသင့်
အခွင့်မသာ  မ၀င့်သာ၍
သင့်ရာကပဲ နေတော့မည်။
မောင်နိုင်လင်း+ လွမ်းနောင်။
၂၉.၁.၂၀၁၃။
ဆရာမောင်နိုင်လင်းနှင့် တွဲဖက်ပြီး မိန်းကလေး ခံစားချက်လေး ရေးကြည့်တာပါ။ ကဗျာအပြီးမှာတော့ ခေါင်းစဉ်ကို ဆရာမ နန်းကြာဖြူ-ဘားအံက ပေးပါတယ်။ကဗျာဓာတ်ကို ပြန်လည်နှိုးထစေတဲ့ ဆရာမောင်နိုင်လင်းအား ကျေးဇူးတင်လျှက်။
1 comment:
  1. ဘာပဲဖြစ်ဖြစ် ကျနော်အားပေးပါတယ် ဆရာသမား...
    ReplyDelete
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။