Wednesday 26 June 2013

နွေ သင်္ကြနှ်နှင့် မြူခိုးဝေ့ဝေ့အလွမ်းများ


ချစ်သောနွေဦးသည် ကျောခိုင်းလုလုဖြင့် ကမ္ဘာမြေကို လွမ်းဖွယ်ဖန်နေသည်။ ဆရာဘုန်းနိုင်က ပြပွဲချိန် သီသီခိုးပြီး နွေဦးကို ရက်တိုးမြှင့်ရန် တောင်းပန်သကဲ့သို့ ကျွန်တော်သည်လည်း နွေဦးကို တောင်းပန်ချင်သည်။ သို့သော်ငြား ဤမျှအထိ  လောဘကြီးရန် မသင့်ဟု ကျွန်တော်ထင်သည်။ လောဘကြီးစေဦးတော့ ချစ်သောနွေဦးသည် ကျွန်တော့်အလိုကိုဖြည့်၍ ရပ်တန့်မည်လည်း မဟုတ်။ သူသည်ရာသီ ရထား ဖြစ်သည့်အလျောက် ဘူတာရုံမှ ဆက်လက်ထွက်ခွါပေမည်။ နွေဦး လွန်လုစ ဖြစ်သော်လည်း ပင်ယံဝယ် ပိတောက်တို့ မ၀င်းသေး။ နွေဦးနှင့် ပိတောက်သည် သဟဇာတ ဖြစ်ဟန်မတူ။ မိုးတစ်ပြိုက် နှစ်ပြိုက်ကျသည့် နွေလယ်လောက်မှ ပိတောက်တို့ လဲ့ဝင်းသင်းရီတတ်သည်။`တစ်နှစ်တွင် ဒီတစ်လပေပ၊ တစ်လတွင် တစ်ရက်တည်းရယ်နဲ့´ ဟု ဦးကြော့က ဆိုသည်။ သို့သော် ယခုအခါတွင် ပိတောက်သည် ခါတစ်ရံ တစ်လတွင် နှစ်ရက်လောက် ပွင့်ချင် ပွင့်သည်။ လူအချို့ကတော့ ပိတောက်တွေ သစ္စာမရှိတော့ဟု ဆိုတတ်ကြသည်။ သို့သော်ငြား ထိုပိတောက်တို့ ပွင့်ပြီဆိုလျှင်ဖြင့် လုလင်ပျိုတို့က အမြတ်တနိုး အခက်ချိုး၍ ချစ်သူ ကေသာဦးမှာ ဆင်မြန်းပေးကြသည်။ လုံမပျိုတို့ကလည်း တစ်နှစ်တွင် တစ်ရက်ကလေး ပွင့်ရသည်ပန်းဟု  နှစ်သက်စွာ အမြတ်တနိုး ပန်ဆင်တတ်သည်။ သို့သော် ကျွန်တော့်တွင် ထိုသို့သော အခွင့်အရေးမျိုး မရှိခဲ့ပါ။ မရှိခဲ့ခြင်း အကြောင်းကို ကျွန်တော်ဖွင့်ဆိုပါရစေဦး။