Saturday 27 October 2012

နှင်းဆွတ်ဆွတ်လမ်း

                                         ( ၁ )

နှင်း..ကျနေသည်။ ဖြူဖြူဆွတ်ဆွတ် ဇာပ၀ါ လွှမ်းသိုင်းလို့ နှင်းမှုံတို့ ဆိုင်းနေသည်။ လမ်းကလေးပေါ်မှာရော ၊ ရွက်ကြွေတချို့ပေါ်မှာရော နှင်းကျနေသည်။ ကျွန်တော်တို့ရောက်နေသည်က အိမ်ခြေ အတန်ထူထပ်သော  ရပ်ကွက်ငယ်လေးအတွင်းမှ အလင်းဆိုင်လေး တစ်ခုတွင် ဖြစ်သည်။ ကျွန်တော်တို့ဆိုသည်က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ သက်အောင်။ ကျွန်တော်တို့ စားပွဲဝိုင်းတွင် သက်အောင်သောက်လက်စ ပုလင်းလေးနှင့် တယောတစ်လက်ရှိနေသည်။ မှိန်ပျပျ လမ်းမီးရောင်အောက်ဝယ် နှင်းပုဝါက ထူထူထဲထဲပင် ခြုံသထားသည်။  ပတ်ဝန်းကျင် အမြင်အာရုံက အတိတ်ဆန်လွန်းစွာ မှုန်ဝါးဝါး။ ထို မှုန်ဝါးဝါးအောက်ဝယ် ဆိုင်ရဲ့မျက်စောင်းထိုးမှ လမ်းကလေး။ နှင်းမှုံတို့ ဝေ့၀ဲကျဆင်းနေသည့် လမ်းကလေး။လမ်းကလေးကို စိုက်ကြည့်ရင်း ကျွန်တော့်ရင်မှာ သိသိသာသာ ခုန်လာသည်။ထိုလမ်းကလေးထဲကို တိုးဝင်သွားမည်ဆိုလျှင် ကျွန်တော် ငယ်စဉ်က တက်ခဲ့ဖူးသည့် အလယ်တန်းကျောင်းကလေး ရှိမည်။ ထိုအလယ်တန်းကျောင်းကလေးကို ကျော်၍ ဆက်သွားမည်ဆိုပါလျှင်..နှင်း...
ချစ်ရပါသော နှင်း နေထိုင်သည့် အိမ်ကြီးကို ရောက်ပေမည်။  အတိတ်က ငွေ့ရည်ဖွဲ့ကာ ရင်ထဲတွင် အစိုင်အခဲတစ်ခုပမာ တည်နေဆဲ။ သိပ်သည်းလာသော ဝေဒနာကို မခံစားနိုင်စွာပင် သက်အောင်ကို ကျွန်တော် ရင်ဖွင့်မိသည်။  အ၀ိဥာဏက နှင်းပွင့်ကလေးတွေကတော့ သူတို့၏ ဖြူစင်ခြင်းနှင့် သူတို့၏သစ္စာရှိမှုကို ပြနေသည့်အလား  ဖွဲဖွဲသည်းသည်း ကျဆင်းနေဆဲပင်။ရင်ထဲမှာရော.. ရင်ထဲမှာလည်း နှင်းရှိနေသည်။ချစ်ရပါသော နှင်းရှိနေသည်။

Saturday 20 October 2012

စကားစမြည် စိုက်ခင်း


                                  (  ၁  )
ရာသီကား ဆောင်းခိုငှက်တို့  နှုတ်ဆက် လက်ပြ၍ နွေက မြူမင်းလွင် ဇာပ၀ါကို  သင်တိုင်းခြုံကာစ။ ရော်ရွက်တို့ကားေ၀၀ဲ့ကျဆင်း 
မြေသို့နင်းကာ လေအဝှေ့ လမ်းထလျှောက်တတ်သော နွေဦးရာသီ။ အညာနွေက ပူပင်ပူငြားသော်လည်း ဖြူးဖြူးဖျပ်ဖျပ် တိုက်ခတ်ဆော်သွေးသည့် လေအေးအေးကြောင့် နေသာထိုင်သာ ရှိသည်။ အချိန်က နေခြည်ချုပ်စ ဆည်းရီညနေ။ ကျွန်တော်ရောက်နေသည်က မင်းလွင်မှိုင်းမှိုင်း ဆိုင်းဆိုင်းဝေ့ဝေ့ ငွေ့ငွေ့မြူခိုး  ထန်းပင်တို့ ကြီးစိုးသည့်  တောတန်းတစ်နေရာမှ လက်စိုက်ခင်းကလေးတစ်ခုတွင် ဖြစ်သည်။ မိုးကို အားပြုရရှာသည့် အညာမြေက တောင်သူတွေ အဖို့ ယခုလို နွေရာသီက အားလပ်ချိန် အတော်ရသော ရာသီတစ်ခုဖြစ်သည်။ သို့သော်ငြား သူငယ်ချင်းဟောင်းဖြစ်သူက လက်စိုက်ခင်းလေး လုပ်ထားသည် ဆိုသဖြင့် ဒီလက်စိုက်ခင်းလေးကို ကျွန်တော် လိုက်လာခြင်း ဖြစ်သည်။ လယ်က တစ်ဧကလောက်တော့ ရှိမည်ထင်သည်။ ထိုအထဲတွင် ၊ ဘူး၊ ခရမ်း ၊ သခွါး၊ ဖရဲ၊ ပဲ၊ ချဉ်ပေါင်၊ ရုန်းပတီ၊ ဆလပ်၊ သီးပင်၊ စားပင်ပေါင်း စုံသည်။ စိုက်ခင်းရဲ့ အလယ်မကျတကျလောက်မှာ ရေဘုံဘိုင်တစ်ခုကို မောင်းဖြင့် ဆွဲလှုပ်နိုင်ရန် စီမံထားပြီး ဘေးမှ ၀ါးတိုင်လေးတွေ စိုက်ကာ ဖြစ်ကတတ်ဆန်း တဲလေး တစ်လုံး ရှိနေသည်။ စိုက်ခင်းအစွန် သနပ်ပင်ရိပ်မှာတော့ လူနေတဲလေးတစ်လုံး ထိုးထားသည်။ မဆိုး..။ မွေ့လျော်ဖွယ်ကောင်းသည်။ ရာသီက နွေဦး။ မင်းလွင်နဲ့မြူခိုးတို့က နယ်တစ်ခွင်ကို ပါးပါးလျလျ ဆေးခြယ်ထားသည်။အချိန်က ဆည်းဆာလျလျ။ နွေလွင်ပြင်ကွင်းကျယ်ကျယ် အလယ်မှ စိမ်းစိမ်းစိုစို လက်စိုက်ခင်းနှင့် တဲလေးတစ်လုံး။ ပန်းချီပင် ဆန်သေးတော့သည်။

Tuesday 16 October 2012

ဖူးပွင့်လာသော အနုပညာပန်းများ

`ပျော်စရာ ရွှင်စရာ ကမ္ဘာ´

ဖွင့်ထားတဲ့ မျက်စိမှာ သူငယ်အိမ်ဟာ အရှေ့မှ အနောက် တောင်မှ မြောက်သို့

ဘဝဟာအဆုံးကစပြီး အဆုံးမှာဆုံးဖို့ စလာတယ်
သစ်ရွက်တွေကြွေသွားသလား ရထားဟာပျံသွားသလား
မေးခွန်းများထဲ နားသူငယ် ကြီးကောင်ဝင်လာသလို

လွင်ပြင်လိုမျိုး သတ်ကွင်းလိုမျိုး တံဆိပ်အမျိုးမျိုးကပ်
အခိုးတလူလူ အငွေ့တလူလူ သူတို့လူတဲ့လား မေမေ

Saturday 13 October 2012

စာအုပ်များအား ခံစားခြင်း



`မောင့်ဘ၀ ညအလားကွယ် ´

မေတ္တာနှင်းဆွတ်ဖျန်းလို့
အေးချမ်းတဲ့ ပန်းဖူးငုံ
လန်းဝင့်မွှေးထုံ ။

မေတ္တာခြုံ
သစ္စာလုံပါတဲ့ နှစ်ဦးသား ။
ရှင်းခက်ပါသလေ
ငြင်းလျှက်ဗျာပွေအပူမိပြန်ပေါ့
မချိဟန်တမင်ထိန်းကာ
စိမ်းခဲ့တကား။

Wednesday 3 October 2012

လောင်းကစားသမား

မပီဝိုးတ၀ါး အရောင်ဖျော့ဖျော့ အလင်းက လောကကမ္ဘာမြေကို သိမ်းပိုက်ဝါးမျိုထားသည်။ဟိုနားက နီနီ ဒီနားက ၀ါဝါဖြင့်  တိမ်စအချို့ကား ညနေဆည်းရီပန်းချီကို အနားကွပ် အလှချယ်ပေးနေသကဲ့သို့ ရှိနေသည်။ ပတ္တမြားတစ်စကဲ့သို့ ရဲရဲတောက်နေသည့် အနီရောင် မျက်လုံးကြီးက လျှောကျ ပျောက်ကွယ်လုလု ရှိနေသည်။ မှုန်ရီဝိုးတ၀ါး နေရောင်အောက်မှာ လျှောက်နေရင်းမှ ဆည်းဆာ၏ အလှကို ကိုရင်ဣန္ဒာဝုဓ ခံစားမိလိုက်သည်။  နေရောင်မပြင်းတော့သော်လည်း နေ့လည်က အရှိန်မသေသေးသဖြင့် မြေက အပူရှိန် ဟပ်နေသည်ကို လည်း တဆက်တည်း သတိပြုမိလိုက်သည် ။ ဘေးဘီကို မကြည့်တော့ပဲ တစိုက်မတ်မတ် လျှောက်လာရာမှ  ရှေ့မှာ မှိုင်းအုပ်အုပ်ဖြင့် ရွာကလေးကို တွေ့ရတော့မှ ခြေလှမ်း၏ မြန်နှုန်းကို လျှော့ချလိုက်သည် ။ဇာတိရွာ ။ မိမိ၏  မွေးဖွာရာ ဒေသ ။ အမှောင်က အတန်ပင် စိုးမိုးခဲ့ပြီမို့အိမ်တချို့မှာ မီးခွက်ကလေးများပင် ထွန်းညှိထားလေပြီ ။ သွက်သွက်ကလေးပင် ငယ်ဆရာရင်း ဖြစ်သော ဆရာတော်ဘုရားရှိရာ ကျောင်းဆီသို့ ဦးတည်လာခဲ့သည်။