( ၁ )
ဝင်းဝင်းနွယ် မိစိမ်းကို အငေးသား ကြည့်နေမိတော့သည် ။သူ့လိုပဲ ရွာထဲက မိန်းမပျိုလေးများကလည်း မိစိမ်းကို
အားကျတဲ့အကြည့်တွေနဲ့ ၀ိုင်းကြည့်နေကြသည် ။မိစိမ်း ၀တ်ထားပုံက ဦးကြီးထွန်းမောင်အိမ်တွင် တစ်ခါတရံ ပြလေ့ရှိသော ကိုရီးယား
ဇာတ်ကားထဲမှ မင်းသမီးလေးများရဲ့ ဒီဇိုင်းနှင့် ခပ်ဆင်ဆင် ။ အသားတွေကလည်း ဖွေးလာလိုက်တာ မှတ်မိချင်စရာပင် မရှိ ။
“မိစိမ်း ညည်းအေ နေနိုင်လိုက်တာ ။ရွာကနေ ထွက်သွားကတည်းက ဘာသတင်းမှကို မကြားရတော့ဘုး။ ခုမှပဲ ပေါ်လာတော့တယ် ”
အရီးခင်မှုံ၏ စကားကို မိစိမ်းက မျက်စလေးချီပြီး
“ ရီးခင်မှုံရယ် မိစိမ်းလည်း ပြန်လာချင်တာပေါ့ ။ ဒါပေမယ့် ဟိုမှာ အလုပ်တွေက တဖက်နဲ့မို့ ပြန်မလာနိုင်တာ ။ မ၀င်းတို့ ရီးခင်မှုံ
တို့ကို သတိရပါတယ် ” ဟု ပြန်ပြောသည် ။
ဝင်းဝင်းနွယ်ကို မိစိမ်းက မ၀င်း ဟုပင် ခေါ်သည် ။ “အင်း အ၀တ်အစားတွေ ပြောင်းလဲလာပေမယ့် အခေါ်အဝေါ်တွေတော့ မပြောင်းလဲ
သေးပါလား ” ဟု ၀င်းဝင်းနွယ် စိတ်ထဲမှ တွေးလိုက်မိသည် ။
မိန်းမပျိုလေးများ၏ အားကျသော အကြည့်များကြားတွင် မိစိမ်း ကျေနပ်နေသယောင် ။ ခေါင်လေးခါ လက်လေးလှုပ်နှင့်
“ ဒီအင်္ကျီစလေးက ဘယ်လောက်ပေးရတာ ၊ဒါက နိုင်ငံခြားကလာတာလေ ” စသည်ဖြင့် ရှင်းပြ ကြွားလုံးထုတ်နေသည် ။
ဝင်းဝင်းနွယ်လည်း မိစိမ်းကို အားကျမိသည် ။ ဖြစ်နိုင်လျှင် အမေ့ကိုပြောပြီး မိစိမ်းနှင့်အတူ မြို့ကြီးကို လိုက်သွားချင်သည် ။
အရင်တုန်းက ရွာမှာ နှစ်ယောက်သား အတူတူ ဈေးတောင်းခေါင်းရွက်ပြီး ပျော်ခဲ့ဖူးသလို ခုလည်း မြို့မှာ မိစိမ်းနှင့်
အတူလိုက်ပျော်ချင်သည် ။...အရင်တုန်းက ဘ၀တွေကို ပြန်စဉ်းစားမိတော့လည်း စိတ်ထဲမှာ လွမ်းမောမိသလိုလို.......။
စိတ်တို့က တချိန်တုန်းက မိစိမ်းနှင့် သူမတို့ရဲ့ ပုံရိပ်များဆီသို့ ပျံ့လွင့်လျှက်.......။